အတွေးအခေါ်

လူတိုင်းအလိုရှိသောအရာ (အပိုင်း – ၁)

By HapEye.net

February 21, 2020

လူတိုင်းအလိုရှိသောအရာ (အပိုင်း – ၁) တစ်ဖက်သားကို အငြင်းရပ်အောင် လုပ်နိုင်သောစကား တစ်ခွန်းကို သင်မလိုချင်ဘူးလား။ ထိုစကားသံကိုကြားလျှင် တစ်ဖက်သားတွင် ဒေါသပြေရုံသာမက သင့်ကိုယ်ပင် ခင်မင်သော စိတ်ဓာတ်များ ပေါ်လာပေလိမ့်မည်။ ထို့နောက် သင်ပြောသမျှ စကားကိုလည်း ဂရုစိုက်၍ နားထောင်ပေလိမ့်မည်။

ကဲ လိုချင်လျှင် ဟောဒီမှာ အစမ်းဆိုကြည့်စမ်း။ ‘ခင်ဗျား ဒီလို စိတ်ဆိုးတဲ့အတွက် ခင်ဗျားကို နည်းနည်းကလေးမျှ အပြစ်မတင်ချင်ပါဘူး၊ ကျွန်တော်သာ ခင်ဗျားဖြစ်လျှင်လည်း ဒီလိုပဲ စိတ်ထွက်မိမှာပဲ’

ဤစကားကို ကြားရသောအခါ အင်မတန်ဒေါသံကြီးသည့် လူပင်လျှင် စိတ်ပြေရမည်မှာ အမှန်ပင်ဖြစ်လေသည်။ ဤစကားမျိုးကို ပြောရာတွင် မုသားမဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုလူဖြစ်လျှင်လည်း ထိုလူကဲ့သို့ပင် ဧကန်မုချ ဒေါသထွက်မှာ အမှန်ပင်ဖြစ်လေသည်။ သာဓကတစ်ခုကို ပြပါအံ့။ လူဆိုးကြီး အယ်ကပုန်း၏ အကြောင်းကို ကြည့်ပါ။ အကယ်၍သာ အယ်ကပုန်းလို ကိုယ်လုံးကိုယ်ပေါက် စိတ်နေစိတ်ထားမျိုး သင့်တွင် ရှိသည် ဆိုကြပါစို့။ နောက်ပြီး သူ့လို အတွေ့အကြုံ အပေါင်းအသင်း ပတ်ဝန်းကျင်မျိုးနှင့် တွေ့ကြုံရသည် ဆိုကြပါစို့။ ထိုအခါ သင်သည် သူ့လိုပဲ နေရုံသာမက ယခု သူရောက်နေသော နေရာ၊ သို့လည်း ရောက်နေပေလိမ့်မည်။ အကြောင်းမူကား အယ်ကပုန်းကို ယခု ဘဝမျိုးသို့ရောက်အောင် လုပ်ပေးသောအရာများသည် ထိုအရာများပင် ဖြစ်ကြ၏။

သင်သည် ဆင်ပစ်မြွေ မဖြစ်ခြင်းမှာ သင်၏ အမိအဖများ ဆင်ပစ်မြွေ မဟုတ်သောကြောင့်ပင် ဖြစ်၏။ သင်သည် နဂါးနှင့် နွားများကို အရိုအသေပြုသော လူတစ်ယောက် မဟုတ်ခြင်းမှာ သင်ကိုယ်တိုင် ဟိန္ဒူမိဘများ၏ ဝမ်းထဲသို့ မဝင်ခဲ့မိခြင်းကြောင့်ပင် ဖြစ်လေသည်။

သင်သည် လူကောင်းတစ်ယောက် ဖြစ်နေရသည့်အတွက် အထူးဂုဏ်ယူစရာမလို။ ထိုနည်းတူစွာ သင့်ထံသို့လာသည့် ဘာမျှ ပြောမရအောင် စိတ်တိုလျက်ရှိသော လူကိုလည်း ဤကဲ့သို့ ဖြစ်ရသည့်အတွက် အထူးကဲ့ရဲ့ ရှုတ်ချဖို့မလို။ သင့်လောက်မှ စူးစမ်းဆင်ခြင်တတ်သည့်ဉာဏ် မရှိသောသူအတွက် ဝမ်းနည်းပါ။ သနားပါ။ ကိုယ်ချင်းစာနာပါ။ လမ်းထဲတွင် အရက်မူးလာသောသူတစ်ဦးကို မြင်လျှင် ‘ဘုရားသခင်၏ ကရုဏာတော်ကြောင့်သာ မဟုတ်လျှင် ငါလည်း ဒီကောင်လိုဖြစ်မှာပဲ’ ဟု ဂျွန်ဗီဂေါဆိုသူ ပြောလေ့ရှိသလို သင့်ကိုယ်ကိုလည်း အမြဲတမ်းပြောပါလေ။

သင်နှင့်တွေ့ရသော လူလေးပုံသုံးပုံတို့သည် ကိုယ်ချင်းစာခံချင်သော သူများဖြစ်ကြ၏။ သင်က ကိုယ်ချင်းစာပါလျှင် သင့်ကို သူတို့သည် ချစ်ကြပေလိမ့်မည်။

တစ်ခါတုန်းက ‘လုံမပျိုများ’ ဝတ္ထုစာအုပ်တစ်အုပ်ကို ရေးသားခဲ့ဖူးသော လူဝီစာမေ အော်လ်ကော့၏ မက်ဆာချူးဆက်ပြည်နယ် ကွန်ကောမြို့တွင်နေ၍ သူ၏နာမည်ကျော် ဝတ္ထုကြီးများကို ထိုမြို့တွင် ရေးသားခဲ့ဖူးကြောင်း ကျွန်ုပ်သည် ကောင်းစွာသိလေသည်။ သို့ရာတွင် ကွန်ကော့မြို့ကို နယူးဟင့် ပရှိုင်းယားနယ်တွင် ရှိသည်ဟု အမှတ်တမဲ့ မှား၍ပြောမိ၏။ အကယ်၍ နယူးဟင့်ပရှိုင်းယား ဟူသော စကားလုံးကို တစ်ကြိမ်တည်းသာ ပြောမိလျှင် တော်သေး၏။ သို့ရာတွင် ထိုစကားကို နှစ်ကြိမ်တိုင်တိုင် ပြောမိ၏။ များမကြာမီ ကျွန်ုပ်၏ခေါင်းကို ပျားများ ဝိုင်းတုပ်သလို အပြစ်တင်သောစာများနှင့် သံကြိုးစာများ တစ်ပြုံကြီး ရောက်လာ၏။ များစွာသော စာတို့တွင် စာရေးသူများသည် အလွန်ဒေါသထွက်နေသည်ကို တွေ့ရ၏။ စာသုံးလေးစောင်တွင်မူကား စော်ကားထားသည်ကို တွေ့ရ၏။ ကွန်ကော့အရပ်တွင် ကြီးပြင်းလာပြီးလျှင် ယခုအခါ ဖီလဒယ်ဖီးယားတွင်နေသော မိန်းမကြီးတစ်ဦးသည် သူ့စာထဲမှ နေ၍ သူ့ဝမ်းတွင်းရှိသမျှကို အကုန်ဖွင့်ချလိုက်၏။ အကယ်၍ ဝတ္ထုရေးဆရာအော်လ်ကော့သည် နယူးဂီနီကျွန်းသား လူသားစား လူရိုင်းဖြစ်သည်ဟု ကျွန်ုပ် ပြောမိချေသော် ထိုမိန်းမကြီးသည် အထက်ပါစာထက်ကြမ်းသော စာကို ရေးသားနိုင်တော့မည် မဟုတ်ပေ။ သူ့စာကို ဖတ်ပြီးသောအခါ ‘ဒီမိန်းမနဲ့ငါ မညားမိတာ ဘုရားမလို့ပဲ’ ဟု ရေရွတ်မိ၏။ ထို့နောက် ‘ကျုပ်မှားတဲ့ အမှားက မြို့နာမည်လောက်သာ မှားတာ၊ ခင်ဗျားရဲ့အမှားက ရိုင်းစိုင်းသောအမှားမို့ ပိုဆိုးတယ်’ ဟု စ၍ရေးပြီးမှ အင်္ကျီလက်ကို လိပ်တင်ပြီးလျှင် ခင်ဗျားကို ကျုပ် ဘာထင်တယ် ညာထင်တယ် အစရှိသော စာများကို ရေးထည့်လိုက်မည်ဟု စိတ်တွင် ပေါ်ပေါက်လာ၏။ သို့ရာတွင် ဒေါသကို အသာချုပ်တည်းထားလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ အလုပ်မျိုးကို မည်သည့်လူမိုက်မဆို လုပ်နိုင်ကြောင်းကို သတိရသောကြောင့်ပင် ဖြစ်လေသည်။

ကျွန်ုပ်သည် လူမိုက်များထက် သာချင်၏။ ထို့ကြောင့် ကျွန်ုပ်ကို ရန်စောင်နေသော မိန်းမကြီးကို ကျွန်ုပ်၏မိတ်ဆွေ ဖြစ်အောင်လုပ်ပေးရန် သန္နိဌာန် ချထားလိုက်၏။ ဤလိုနည်းမျိုးကို ကျွန်ုပ် လုပ်နိုင်၏။ ‘အေးကွယ် ငါသာ သူဖြစ်ရင် သူ့လိုပဲ စိတ်ထွက်ကောင်းထွက်မိမှာပဲ’ ဟု ကျွန်ုပ်ကိုယ်ကိုယ် ပြောရင်း သူ့နေရာတွင် ကျွန်ုပ်ကိုယ်ကိုယ် ထားကြည့်မိ၏။ နောက်တစ်ကြိမ် ကျွန်ုပ်သည် ဖီလဒယ်ဖီးယားသို့ ရောက်သွားသောအခါ သူ့ထံသို့ စကားပြောကြေးနန်း ဆက်လိုက်၏။

‘မစ္စက် အိုး အင် ဆိုး ဒီမှာ ဟိုတနင်္ဂနွေ လေး ငါးပတ်လောက်တုန်းက ကျွန်တော့်ဆီကို ရေးလိုက်တဲ့စာနဲ့ စပ်လျဉ်းပြီး ကျေးဇူးတင်ချင်လို့ပါ’

‘အခု စကားပြောနေတာ ဘယ်သူပါလိမ့်’

‘ကျွန်တော်ပါ၊ ဒေးကာနက်ဂျီလေ၊ ဟို တနင်္ဂနွေ လေး ငါးပတ်လောက်တုန်းက လူဝီဇာမေအော်လ်ကော့ အကြောင်းကို ရေဒီယိုနဲ့ ပြောတာကြားလိုက်ရတယ် မဟုတ်လား၊ အဲဒီတုန်းက ကွန်ကော့ကို နယူးဟင့်မရှိုင်းယားနယ်ထဲမှာ ရှိသင့်တယ်လို့ မှားပြီး ပြောမိပါတယ်၊ ဒီအမှားကို ပြောမိသည့်အတွက် တောင်းပန်ချင်လို့ပါ၊ ဒီလိုဒုက္ခခံပြီး စာရေးလိုက်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်’

သြော် မစ္စတာကာနယ်ဂျီလား၊ ကျွန်မ အဲဒီစာကို ရေးမိတာ ဝမ်းနည်းပါတယ်ရှင်၊ စာကိုရေးတုန်းက ဒေါသ အတော်ထွက်နေလို့ပါ၊ ခုအခွင့်ကြုံရင် လွန်သွားတာကို တောင်းပန်ပါရစေ’

‘ဟာ မဟုတ်တာ၊ ကျွန်တော်က တောင်းပန်ရမှာပဲ၊ ကျွန်တော့်အမှားမျိုးကို ကလေးကလေးတွေတောင် မှားမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီလိုပြောပြီး နောက်အပတ်မှာ ရေဒီယိုကပဲ ပြန်ပြီး တောင်းပန်လိုက်ပါတယ်၊ ဒေါ်ဒေါ့်ကိုတော့ အခု ဒီကနေပြီး ကိုယ်တိုင်တောင်းပန်ပါတယ်’

‘ကျွန်မဟာ မက်ဆာချူးဆက်ပြည်နယ် ကွန်ကော့မြို့တွင် မွေးဖွားပါတယ်၊ အနှစ် ၂၀၀ လောက်ကစပြီး ကျွန်မတို့ ဘိုးဘွားမိဘများဟာ မက်ဆာချူးဆက်မှာ အတော်ထင်ပေါ်ကျော်ကြားခဲ့ပါတယ်၊ ဒါကြောင့် ကျွန်မတို့နယ်အပေါ်မှာ ကျွန်မ အင်မတန် ဂုဏ်ယူပါတယ်၊ ဟိုနေ့က မစ္စက်အော်လ်ကော့ဟာ နယူးဟင့်ပရှိုင်းယားနယ်မှာ မွေးတယ်လို့ ရှင်ပြောတဲ့စကားကို ကြားရတော့ ကျွန်မ အတော်စိတ်ပျက်သွားတယ်၊ သို့ပေမယ့် ဒီစာကို ရေးလိုက်မိတဲ့အတွက် အင်မတန် ရှက်ပါတယ်’

‘ဒေါ်ဒေါ်စိတ်ပျက်တာဟာ ကျွန်တော်စိတ်ပျက်တာရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်၊ ကျွန်တော့်အမှားဟာ မက်ဆာချူးဆက်က လူတွေရဲ့စိတ်ကို မထိခိုက်သော်လည်း ကျွန်တော့်ရဲ့စိတ်က အများကြီး ထိခိုက်ပါတယ်၊ ဒီလိုရေဒီယိုနဲ့ စကားပြောတဲ့လူတွေကို ဒေါ်ဒေါ်တို့လို လူကုံထံများက ဒုက္ခခံပြီး စာရေးခဲ့ပါတယ်။ နောက်နောင် ကျွန်တော်စကားများတွင် အမှားပါလာရင်လည်း ယခုလိုပဲ စာရေးပြီး ပြင်ပေးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်’

‘ရှင် ဒီလိုဝန်ခံတာမျိုးကို ကျွန်မအင်မတန် သဘောကျပါတယ်၊ ရှင်ဟာ လူကောင်းပဲ၊ ရှင်နဲ့နောက်ထပ်ပြီး အသေအချာ တွေ့ချင်ပါသေးတယ်’

သူ့ဘက်မှနေ၍ ကြည့်ခြင်းအားဖြင့် သူကလည်း ကျွန်ုပ်ဘက်ကနေ၍ ကြည့်ခြင်းဖြစ်လေသည်။ သူ၏ ဒေါသကို မေတ္တာနှင့် ပြန်တွေ့လိုက်သည့်အတွက် ကျွန်ုပ်မှာလည်း များစွာကျေနပ်ခြင်း ဖြစ်မိလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online