အတွေးအခေါ်

လုပ်ငန်းသေးသေးလေးမှာ စာရင်းဇယားရှိဖို့လိုသလား

By Hnin Oo Wai

September 09, 2020

တစ်လောက ရန်ကုန်ကိုခွင့်နဲ့ ပြန်ရင်း အရင်အစိုးရ အလုပ်လုပ်တုန်းက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံမိပါတယ်။ သူဟာ အစိုးရအလုပ်ကထွက်ပြီး ကုန်စုံဆိုင်လေးတစ်ခု ဖွင့်ထားပါတယ်။ သူ့ကုန်စုံဆိုင်လေးက အတော်လေး ရောင်းနေရပါတယ်။ မကြခဏ သူ့ဆိုင်ကိုသွားပြီး စကားစမြည်း ပြောဖြစ်တယ်။

တစ်နေ့မှာ ကျွန်တော်က သူ့ကိုပြောလိုက်ပါတယ်။ “သူငယ်ချင်းရေ မင်းဆိုင်နဲ့ ပတ်သက်တာလေးတစ်ခု မေးချင်တယ်ကွာ”။ သူကလည်း “ဟာ သူငယ်ချင်းတွေပဲကွာ။ စကားပလ္လင်ခံနေစရာမလိုပါဘူး။ မေးစရာရှိတာ မေးစမ်းပါ”

ကျွန်တော်က “ဒီလိုကွ။ ငါ မင်းဆိုင်မှာ လာထိုင်ရင်းကြည့်နေတာ ဘာတွေ့မိသလဲဆိုတော့ မင်း ပစ္စည်းတစ်ခုရောင်းပြီးတိုင်း ရောင်းရတဲ့ ပိုက်ဆံကို ပိုက်ဆံသိမ်းအံဆွဲထဲ ထည့်သိမ်းလိုက်တယ်။ ပစ္စည်းဝယ်ဖို့ဖြစ်ဖြစ်၊ အလှူခံပေးတာဖြစ်ဖြစ်၊ မီတာခဆောင်တာဖြစ်ဖြစ် မင်း အဲဒီအံဆွဲထဲက ပိုက်ဆံယူပြီး ပေးလိုက်တယ်လေ။ ငါသိချင်တာက ဘာအတွက် ပိုက်ဆံဘယ်လောက် ပေးလိုက်တယ်ဆိုတဲ့ စာရင်း မမှတ်ဖူးလားလို့ပါ”။

သူက “ဟာ သူငယ်ချင်းကလည်း ဘာစာရင်းမှတ်စရာလိုလို့လဲ။ ငါ မနက် ဆိုင်စဖွင့်တုန်းက အံဆွဲထဲမှာ ပိုက်ဆံဘယ်လောက်ရှိသလဲတော့ စိတ်ထဲမှတ်ထားတာပေါ့။ ညပိုင်းဆိုင်သိမ်းတော့ အံဆွဲထဲမှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာ စစ်လိုက်တယ်။ အဲဒီပိုက်ဆံကနေ မနက်က ထည့်ထားတဲ့ ပိုက်ဆံနုတ်လိုက်တော့ အဲဒါအမြတ်ပေါ့။ ဒါကြောင့် အထူးအထွေ စာရင်းမှတ်မနေပါဘူးကွာ”။

ကျွန်တော်က “အဲဒါဆိုရင် ငါနောက်ထပ်မေးခွန်းတစ်ခု ထပ်မေးမယ်ကွာ။ မင်းရဲ့ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေထဲမှာ ဘယ်ပစ္စည်းက အရောင်းအသွက်ဆုံးနဲ့ ဘယ်ဟာကတော့ အရောင်းအထိုင်းဆုံးလဲဆိုတာ သိလား”။ သူက “ဒါတော့ ငါမသိဘူးကွာ။ ပစ္စည်းပြတ်သွားရင် အော်ဒါမှာလိုက်ပြီး ဆိုင်မှာ ထပ်ဖြည့်လိုက်တာပဲလေ။ မင်း ဘာကြောင့် ငါ့ကို ဒါတွေမေးနေရတာလဲ။ အကြောင်းတစ်ခုခုတော့ ရှိမယ်ထင်တယ်”

ကျွန်တော်က “ဒီလိုကွ။ ငါတို့မြန်မာလူမျိုးတွေဟာ စာရင်းဇယားမထားတတ်ကြဘူး။ မထားဆိုတာကလည်း အလုပ်ပိုလို့ယူဆလို့ရယ်။ စာရင်းဇယားဆိုတာ ဆိုင်အကြီးကြီးတွေ၊ ကုမ္ပဏီကြီးတွေပဲ လုပ်ကြတာလို့ ထင်နေတာတွေကြောင့်ပါ။ တကယ်တော့ စာရင်းဇယားဆိုတာ လုပ်ငန်းအသေးအကြီးမရွေး ရှိသင့်တယ်ကွ”။ သူက “ဟုတ်ပါပြီ။ အဲဒီစာရင်းဇယားထားတော့ ငါ့လုပ်ငန်းမှာ ဘာတွေ တိုးတက်လာမှာမို့လဲ”

ကျွန်တော်က “စာရင်းဇယားထားရင် နံပါတ်တစ်အကျိုးက ဘယ်ပစ္စည်းအမျိုးအစားက လူကြိုက်များ အရောင်းသွက်တယ်။ ဘယ်ပစ္စည်းက အရောင်းထိုင်းတယ်ဆိုတာ သိလာမယ်။ အရောင်းသွက်တဲ့ ပစ္စည်းဆိုရင် များများဝယ်ပြီး လှောင်ထားမယ်ကွာ။ များများ တစ်ခါတည်းဝယ်တော့ ဈေးသက်သက်သာသာနဲ့ ရတယ်လေ။ အရောင်းထိုင်းတဲ့ ပစ္စည်းကျတော့ ငွေအိပ်ခံပြီး ဝယ်တင်ထားစရာ မလိုဘူးပေါ့ကွာ။

နံပါတ်နှစ် အကျိုးကတော့ အသုံးစရိတ်တွေကို အတိအကျသိလာတော့ ဘယ်အသုံးက တကယ်လိုအပ်လို့ သုံးတာလား။ ဖြုန်းနေတာလားဆိုတာ သိလာမယ်။ ဒါဆိုရင် ဘယ်အသုံးစရိတ်ကို လျှော့ရမယ်။ ဖြတ်တောက်ရမယ်ဆိုတာ သိနိုင်တာပေါ့။ အဲဒီလို စာရင်းနဲ့လုပ်ရင်း ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့ ငွေရေးကြေးရေး အသေးစိတ်သိလာမယ်။ ဒီတော့ ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အမြတ်ငွေရဖို့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေ ခေါင်းထဲပေးလာမှာပါ”။

သူက “အေးကွာ။ စာရင်းအင်း အရေးကြီးတယ်ဆိုတာတော့ သဘောပေါက်ပြီ။ ခက်တာက ငါ စာရင်းကိုင်တစ်ယောက် မခန့်နိုင်ဘူးကွ”။ ကျွန်တော်ဟာ “ဟာ မင်းဆိုင်အသေးလေးမှာ စာရင်းကိုင် တစ်ယောက်ခန့်စရာ မလိုပါဘူး။ မင်းကိုယ်တိုင် စာအုပ်နဲ့ စာရင်းမှတ်လို့ ရပါတယ်။ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ကွာ။ ဒီလိုလုပ်လို့ ရတယ်လေကွာ။ မင်းက စာအုပ်နဲ့ စာရင်းအကြမ်းမှတ်ပြီး မင်းရဲ့သမီးကို အားတဲ့အချိန် ကွန်ပျူတာမှာ Excel နဲ့ရိုက်ပြီး စာရင်းသွင်းခိုင်းပေါ့ကွ။ စာရင်းသွင်းပြီးသွားရင် မင်းသိချင်တဲ့ အသေးစိတ်အချက်အလက်တွေ ကြည့်လို့ရပြီ။ လုပ်ငန်းကြီးလာရင်တော့ စာရင်းဇယားမှတ်တဲ့ ကွန်ပျူတာဆော့ဖ်ဝဲဝ ယ်သုံးပေါ့ကွာ”။

သူက “အေးကွာ။ မင်းအကြံပေးတာ ကောင်းပါတယ်။ အခု ငါက မင်းကို မေးခွန်းတစ်ခု ပြန်မေးရဦးမယ်။ မင်းက နိုင်ငံခြားမှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး မန်နေဂျာလုပ်နေတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်း တစ်ခါမှမလုပ်ဖူးဘဲနဲ့ ဒါတွေ ဘာလို့သိနေရတာလဲ”။ ကျွန်တော်က “ဟုတ်ပါတယ်။ ငါကိုယ်ပိုင်လုပ်ငန်း တစ်ခါမှ မလုပ်ဖူးပါဘူး။ ငါ အခုလုပ်နေတဲ့ ကုမ္ပဏီကလည်း အင်ဂျင်နီယာလုပ်ငန်း လုပ်ရပေမယ့် အချုပ်က ကုမ္ပဏီအတွက် အမြတ်ရှာပေးနေရတာပဲ။

ဒါကြောင့် ငါ့ဌာနရဲ့ အသုံးစရိတ်တွေကို သေချာမှတ်ထားပြီး မလိုတဲ့အသုံးစရိတ်တွေ၊ ဖြတ်တောက်လျှော့ချလို့ရတာတွေ လျှော့ချလုပ်ရင်း စာရင်းအသေးစိတ် မှတ်တဲ့အကျင့် ဖြစ်လာတာပါ။ ငါ့ဌာနမှာ ရှုံးရင်လည်း ဘာလို့ရှုံးရတယ်၊ မြတ်ရင်လည်း ဘာကြောင့် မြတ်တယ်ဆိုတာ လစဉ် အထက်ကို အစီရင်ခံစာတင်ရတယ်”။ ကျွန်တော် ဆက်ပြောပါတယ်။ . . .

တကယ်တော့ လုပ်ငန်းအသေးပဲဖြစ်ဖြစ်၊ အကြီးပဲဖြစ်ဖြစ် စာရင်းဇယားမထားရင် ငွေစာရင်းမနိုင်ဘူး။ ငွေစာရင်းမနိုင်တော့ အသုံးစရိတ် မချွေတာနိုင်လို့ နောက်ဆုံးမှာ အရှုံးပေါ်အရင်းပြုတ်ပြီး အကြွေးတင်သွားနိုင်တယ်လေ

ဗန်းမော်သိန်း‌ဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်