ဘဝနေနည်း

လက်လွတ်မခံသင့်တဲ့ အခွင့်အရေး (Part 2)

By Htet Nandi

March 28, 2023

အဆင့် ၃)

ကိုယ့်စိတ်ကို သေချာဖို့ လိုပါတယ်…။

ကိုယ့်ရဲအတွေးတွေကို ကိုယ်ပဲ စိုးမိုးပါတယ်…။ ကိုယ်ပဲရွေးချယ်ပါမယ်။ အတွေးတွေက ကိုယ့်ကို ချုပ်ကိုင်လွှမ်းမိုးထားတာမျိုး မဖြစ်ရဘူး။ အတွေးတွေအနောက်ကို… ပါမသွားဘူး။ ကိုယ်သာလျှင် ကိုယ့်ရဲ့အတွေးတွေကို စီမံခန့်ခွဲမယ်။

မကောင်းတဲ့ အတွေးတစ်ခုကို တွေးနေမိပြီဆိုတာနဲ့ တစ်ချိန်တည်းမှာ ပြောင်းလဲဖယ်ရှားပစ်နိုင်စွမ်း  ရှိရမယ်။ အတွေးတွေဟာ သတိရှိနေသမျှ ရွေးချယ်လို့ရတယ်။ ကိုယ့်စိတ်ကိုအေးချမ်းစေတဲ့၊ အဆိပ်အတောက်မဖြစ်စေတဲ့ အတွေးတွေကိုပဲ ရွေးချယ်ပြီး လက်ခံမယ်။

အဆင့် ၄)

အဲဒီအတွက် ဦးနှောက်ရဲ့ တုံ့ပြန်ပုံ၊ တွေးခေါ်ပုံ၊ တွေးခေါ်နည်းတွေကို အကောင်းဘက်ကိုရောက်အောင် လေ့ကျင့်ပေးမယ်…။

ဦးနှောက်ကို လေ့ကျင့်ပေးလို့ ရပါတယ်…။

ပထမဦးဆုံး စိတ်ထဲရောက်လာတဲ့ အတွေးတစ်စကို ဖမ်းမိလိုက်ဖို့က ခက်ခဲတတ်ပေမဲ့ သူ့နောက်က လိုက်လာတဲ့ အတွေးစကိုတော့ ဖမ်းမိအောင် ကြိုးစားနိုင်တယ်။ ကောင်းတာတွေကိုပဲ အများဆုံးတွေးမိအောင် ဦးနှောက်ကို လေ့ကျင့်ပေးမယ်။

မျက်လုံးနှစ်လုံးပွင့်ပြီး နိုးထလာတဲ့ မနက်ခင်းရဲ့ အစဦး အခိုက်အတန့်များမှာ ကောင်းတဲ့၊ အာဟာရဖြစ်စေတဲ့… အတွေးတွေ စိတ်ထဲမှာ ပြည့်သွားအောင် ဖြည့်မယ်။ Fill your mind with Positive Thoughts.

ပထမဦးဆုံး ငါးမိနစ်လောက်ကို ဝင်သက်ထွက်သက် အသက်ရှူလေ့ကျင့်ခန်းလုပ်တာနဲ့ စတင်မယ်။ Mindfulness Exercise လုပ်ပါမယ်။ ပြီးရင် စိတ်ခွန်အားရစေတဲ့ စာလေးတွေ…၊ ဆိုရိုးစကားလေးတွေ ဖတ်မယ်…။ စိတ်ကို အေးချမ်းစေတဲ့ စကားပြော အစီအစဉ်တွေကို…ဟင်းချက်ရင်း…၊ ကားမောင်းရင်း…၊ အလုပ်လုပ်သွားရင်း…နားထောင်မယ်…။ ဥပမာ တရားနာတာမျိုးပဲ။

စိတ်ကို ကြည်လင်သန့်ရှင်းအောင် ပြုစု စောင့်ရှောက်ခြင်းအားဖြင့် အကောင်းဆုံးသော ဘဝများကို နေထိုင်သွားနိုင်ကြပါတယ်…။

Live your best life by detoxing your mind.

လူတိုင်း လူတိုင်းဟာ ပိုက်ဆံတစ်ပြားမှ အကုန်ခံစရာမလိုပဲ စိတ်ကြည်လင် ပျော်ရွှင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးယူနိုင်ပါတယ်။ ဒါဟာ အခွင့်အရေးတစ်ခုဆိုရင် လုံးဝ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးမျိုးပဲ ဖြစ်ပါတယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း