အတွေးအခေါ်

အမြဲရွေးချယ်နေရခြင်း

By Hnin Oo Wai

August 28, 2020

စဉ်းစားကြည့်။ ခင်ဗျားကိုသာ တစ်ယောက်ယောက်က နားထင်သေနတ်နဲ့တေ့ပြီး ၅ နာရီအတွင်း ၂၆ ဒသမ ၂ မိုင် ပြေးရမယ်၊ မပြေးရင် ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတယ် ဆိုပါစို့။ အဖြစ်ဆိုးလိုက်တာလို့ မထင်ဘူးလား။ နောက်တစ်ခေါက်ကျတော့ ဒီလိုပြောင်းပြီး စဉ်းစားကြည့်မယ်။ အပြေးဖိနပ် အသစ်လေးနဲ့၊ အားကစားဘောင်းဘီ အသစ်နဲ့။ လပေါင်းများစွာ လေ့ကျင့်ထားတယ်။ ဘဝမှာ ပထမဆုံးသော မာရသွန်ပွဲကို ဝင်ပြိုင်၊ ပန်းအဝင်မှာ မိသားစုနဲ့ သူငယ်ချင်းတွေ ပြုံးပျော်ကြိုဆိုနေကြ။ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံး အချိန်တစ်ခုလို့ မထင်ဘူးလား။

ဒီစိတ်ကူးနှစ်ခုကို ယှဉ်ကြည့်ပါ။ ၂၆ ဒသမ ၂ မိုင်ကတော့ အတူတူပဲ။ ပြေးတဲ့သူလည်း တူတူပဲ။ မောတာလည်း သိပ်မကွာဘူး။ ခြေထောက်ကလည်း ဒီခြေထောက်နှစ်ချောင်းပဲ။ ကိုယ်တိုင် စိတ်ပါလက်ပါ ရွေးချယ် ဆုံးဖြတ်တဲ့ အရာကျတော့ ဂုဏ်ယူပီတိဖြစ်စရာ။ မလုပ်ချင်ဘဲ အတင်းခိုင်းလို့ လုပ်တဲ့အခါကျတော့ အဖြစ်ဆိုးကြီးတစ်ခု ဖြစ်လာတယ်။ ခွန်အားရှိစရာ ပြဿနာနဲ့ နာကျင်ကြောက်လန့်စရာ ပြဿနာကြားမှာ ကွာခြားချက်ကတော့ ကိုယ့်ခံယူချက်၊ ကိုယ့်ရဲ့တာဝန်ယူစိတ်ပဲ။

အခြေအနေတစ်ခုကြောင့် စိတ်ထောင်း ကိုယ်ကြေဖြစ်နေတယ်ဆိုရင် များသောအားဖြင့် တကယ့်အကြောင်းအရင်းက ဒီအခြေအနေကတော့ ငါ့လက်ထဲက လွတ်ထွက်သွားပြီလို့ ခံယူထားလို့ ဖြစ်တယ်။ ကိုယ်မရွေးဘဲ လက်ထဲကို ရောက်လာတဲ့ ပြဿနာပေါ့။ ကိုယ်တာဝန်မယူနိုင်တဲ့ ပြဿနာအဖြစ် မြင်လို့လည်းဖြစ်တယ်။ ဒီပြဿနာ၊ ဒီဒုက္ခကို ကိုယ့်စိတ်တိုင်းကျ ရွေးထားတယ်လို့ ခံယူထားတဲ့ အချိန်တွေဆိုရင် ခွန်အားတွေ ပိုရှိလာတယ် မဟုတ်လား။ မာရသွန်ပြေးသလိုပဲလေ။ အတင်းအဓမ္မ လုပ်ခိုင်းတယ်လို့ ခံစားလာရပြီဆိုရင် လူဆိုတာ စိတ်ဆင်းရဲလာတာပဲ။

ချမ်းမြေ့ဝင်းဘာသာပြန်ဆိုသော ဂရုမစိုက်ခြင်းအနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။