ဘဝနေနည်း

ရေကောင်းရေသန့်ရရှိရေးဆိုင်ရာ ပြဿနာများ။

By HapEye.net

May 31, 2020

ရေရရှိရေး-ရေအရင်းမြစ်ဒေသတို့တွင် ညစ်ညမ်းမှုဖြစ်ရခြင်းပြဿနာတို့အား ကျန်းမာရေးဋ္ဌာနမှ စစ်တမ်းကောက် ဖော်ပြထားသည်ကို ဤသို့တွေ့နိုင်သည်။

၁။     ကန်ရေများ ညစ်ညမ်းမှု ဖြစ်ရပုံ*      ကန်ရေထဲသို့  ပြင်ပမှ ရေများစီးဝင်သဖြင့် ညစ်ညမ်းမှုဖြစ်တတ်သည်။ ထို့ကြောင့် ကန်ဘောင်များ စနစ်တကျ မြှင့်စေပြီး ခိုင်ခံ့စေပါသည်။*      အချို့သည် ကန်ထဲသို့ နွားလှည်းများ မောင်းချပြီး  ရေခပ်ယူခြင်း။*      အချို့သည် လူကိုယ်တိုင် ရေကန်အတွင်းဆင်း၍ ရေကို ခပ်ယူခြင်း။*      တံတားထိုး၍ အပေါ်မှ ပုံးအသီးသီးဖြင့် ခပ်ယူခြင်း။*      အချို့သော ကန်၏အနီးပတ်ဝန်းကျင်တွင် အမှိုက်ပုံခြင်း၊ အိမ်သာများဆောက်လုပ်ထားခြင်း။*      အချို့တို့သည် ရေကန်အနီးအနား ခြုံတောတို့တွင် မစင်အညစ်အကြေးများ စွန့်ကြခြင်း။

၂။     တွင်းရေများ ညစ်ညမ်းမှုဖြစ်ရပုံ။*      အချို့သော တွင်းရေများသည် အနီးနားဝန်းကျင်တွင် ရေဝပ်သဖြင့် ပြင်ပမှ ရေများတွင်းထဲသိမ့်ဝင်၍ ညစ်ညမ်းမှုကို ဖြစ်စေသည်။*      အချို့သောတွင်းများမှာ ရေခပ်ပုံးကိုယ်စီကြောင့် ရေခပ်ပုံးညစ်ညမ်းမှုကြောင့် ရေညစ်ညမ်းရခြင်းဖြစ်သည်။ ထိုပုံးမှာ ဟိုချ-သည်ချဖြင့် ပုံးဖင်တွင် အမှိုက်အညစ်အကြေး၊ ခဲ၊ ဖုန်မှုန့်များ ကပ်ပါလာစေသည်။*      အချို့သောတွင်းများမှာ အုတ်စီတွင်းမဟုတ်သဖြင့် ပြင်ပရေများ စိမ့်ဝင်ကာ ညစ်ညမ်းမှုကို ဖြစ်စေသည်။*      အချို့တွင်းများဆိုလျှင် တွင်းပေါ်တံတားခင်း၍လည်းကောင်း၊ အပေါ်မှ ခပ်ယူကြသဖြင့် ဖိတ်စင်ရေများကြောင့် ညစ်ညမ်းမှုကို ဖြစ်စေသည်။*      အချို့သောတွင်းများမှာ အိမ်သာနှင့်နီး၍ မြေအောက်ရေကြောမှ ညစ်ညမ်းမှုဖြစ်ရသည်။*      တွင်းအနားတွင် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ တိရိစ္ဆာန်များ လာကြခြင်းကြောင့် ညစ်ညမ်းမှုဖြစ်စေသည်။

၃။     အဝီစိတွင်းများညစ်ညမ်းမှုဖြစ်ရပုံ။*      အဝီစိတွင်းများသည် အလွန်နက်၍ သန့်စင်သည်မှန်သော်လည်း အချို့က ရရာရေဖြင့် ချူတတ်သည်။*      မသန့်သောရေဖြင့် ချူမိလျှင် အဝီစိတွင်းရေပါ ပျက်စီးညစ်ညမ်းစေသည်။*      အချို့သောတွင်းများသည် ပိုက်ပတ်လည် သမံတလင်းမခင်း၍ ပြင်ပရေများ ပိုက်မှတစ်ဆင့် စိမ့်ဝင်သွားရာမှ ညစ်ညမ်းမှုဖြစ်စေသည်။*      တုံကင်နားတွင် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ တိရိစ္ဆာန်များလာခြင်းကြောင့် ညစ်ညမ်းမှုကို ဖြစ်စေသည်။

၄။     စိမ့်စမ်းရေများညစ်ညမ်းမှုဖြစ်ရပုံ*      စိမ့်စမ်းရေသည်လည်း သဘာဝတွင် သန့်ရှင်းနေသော်လည်း သွယ်ယူရာမှ တစ်ဆင့် ညစ်ညမ်းမှုကို ဖြစ်စေသည်။*      ရေထွက်ပင်ရင်းနေရာများ၊ ရေအရင်းမြစ်ရှိရာဒေသများ၊ သစ်ပင်ခုတ်လှဲရာမှ ရေတိုက်စားမှုဖြစ်ပြီး ပြင်ပရေများ စိမ့်ဝင်ခြင်းကြောင့် ညစ်ညမ်းမှုဖြစ်စေသည်။*      ရေကိုပိုက်များဖြင့် သွယ်ရာမှ ပိုက်ပေါက်ပြီး၊ ယင်းမှ ပြင်ပရေများ စိမ့်ဝင်၍ ညစ်ညမ်းမှုဖြစ်စေသည်။*      ရေကို သစ်သား၊ ဝါးရေသယောက်တို့ဖြင့် သွယ်ယူရာမှ အဖုံးမရှိ၍ ပြင်ပရေများ။ အညစ်အကြေးများ ဝင်ကာ ညစ်ညမ်းမှုဖြစ်စေသည်။

၅။     မိုးရေညစ်ညမ်းမှုဖြစ်ရပုံ။*      မိုးရေသည် စက်ရုံအလုပ်ရုံတို့မှ မီးခိုးမှိုင်းများကြောင့် ဓာတ်ပြုကာ ညစ်ညမ်းမှုဖြစ်စေနိုင်သည်။ သို့သော်လည်း ဖြစ်ခဲပါသည်။*      မိုးရေကို အဓိက ညစ်ညမ်းမှုဖြစ်စေသော အချက်မှာ မိုးရေခံယူရာတွင် မြေကြီးမှ ခပ်မြင့်မြင့်နေရာတွင် ခံယူမှုမရှိခြင်းကြောင့် ဖြစ်သည်။ နိမ့်လျှင် မြေကြီးပေးမှ သဲများ လွင့်စင်၍ ခံအိုးထဲသို့ ပြန်ဝင်သွားကာ ညစ်ညမ်းမှုဖြစ်စေသည်။*      အချို့မိုးရေတို့သည် သွပ်မိုးကိုဖြတ်၍ စီးကျလာခြင်းကြောင့် သွပ်မိုးပေါ်တွင် ဖုန်မှုန့်များ၊ သစ်ရွက်ဆွေးများ ရှိနေခြင်းကြောင့် ညစ်ညမ်းစေသည်။*      အချို့သော အိမ်ခေါင်မိုးများတွင် လည်းကောင်း၊ ရေတံလျှောက်ထဲတွင် လည်းကောင်း၊ ငှက်များ၊ ကြောင်များ၊ မစင်စွန့်နေတတ်သဖြင့် မိုးရေသည် ညစ်ညမ်းမှု ဖြစ်စေသည်။*      ဓနိ၊ ဓနုံး၊ သက်ကယ်၊ စလူ၊ တောင်ထန်း၊ ဝါးကပ်၊ အင်ဖက် စသည်တို့ မိုးထားသောအိမ်များမှ မိုးရေသည် သန့်ရှင်းမှုမရှိပါ။ အဆိုးဆုံးကား တီကောင်ဥများ ကပ်ပါလာခြင်းပင်ဖြစ်သည်။*      ခွက်ပေါ်တွင် အုပ်ဆောင်းထားပြီး၊ အုပ်မထားသောကြောင့် ညစ်ညမ်းမှုဖြစ်ရသည်။

၆။     သဘာဝအလျှောက် ရေညစ်ညမ်းပုံ။*      အချို့ရေအရင်းမြစ်ထွက်ရှိရာမှ ရေများသည် ထုံးဓာတ်၊ သံဓာတ်များပါဝင်မှုများ၍ မသန့်ရှင်းခြင်း။*      အချို့မှာ အာဆင်းနစ်ဓာတ်များ ပါဝင်နေသဖြင့် အဆိပ်သင့်ကာ ရောဂါရတတ်ခြင်း။*      အချို့ရေများမှာ အငံဓာတ်ပါနေ၍ သောက်ရန်မသင့်ခြင်း။*      ထုံးဓာတ်များခြင်း၊ သံဓာတ်ပါခြင်းကြောင့် ညစ်ညမ်းခြင်း။*      အချို့သောရေများသည် ပြင်ပမှ အမှိုက်ပုံ၊ လူ့အညစ်အကြေးများကို ဖြတ်၍ ရေထွက်ပင်ရင်းထဲသို့ စိမ့်ဝင်ရောက်ရှိသဖြင့် မသန့်ခြင်း။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။