ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၅)~~~~ ‘ထိုစကားကို ကြားရလျှင်ကြားချင်း ထိုသူ့ထံသို့ ကျွန်ုပ်ကိုယ်တိုင် အလျင်အမြန်လိုက်သွားလေသည်။ လမ်းတစ်လျှောက်တွင် ကျွန်ုပ်၏ကိစ္စကို ချောချောမောမော ဖြစ်သွားအောင် ဘယ်လိုလုပ်ရပါမလဲဟု စဉ်းစားသွား၏။ ရှေးအခါက ဤလိုကိစ္စမျိုးနှင့် တွေ့ကြုံလျှင် သစ်တိုင်းရာတွင် အသုံးပြုသည့် ဥပဒေများကို တွင်တွင်ကြီးရွတ်ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင် သစ်စစ်ဆေးသောအရာရှိ လုပ်ခဲ့ဖူးသဖြင့် ပို့လိုက်သော သစ်များသည် ပေမီသောသစ်များ ဖြစ်ကြသည်ကို ကောင်းစွာ သိရှိကြောင်း၊ ထို့ပြင်လည်း ကျွန်ုပ်၏ သစ်များကို ပေမမီဟူ၍ ပြောသောအရာရှိသည် သစ်ဥပဒေကို ကောင်းစွာ မကျွမ်းကျင်သေးကြောင်း အစရှိသည်တို့ကိုလည်း ပြောပြဦးမည် ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်သင်ထားသော မိတ္တဗလဋ္ဋီကာကို ထိုကိစ္စတွင် အသုံးပြုဦးမှပဲဟု စဉ်းစားမိလေသည်။
‘ကျွန်ုပ် ရောက်သောအခါ သစ်ကုန်သည်နှင့် သစ်စစ်ဆေးသော အရာရှိတို့သည် အလွန်စိတ်တိုနေ၍ ကျွန်ုပ်အား ဝိုင်းတွယ်လိုသော လက္ခဏာများ ပြလျက် ရှိကြသည်။ ကျွန်ုပ်တို့သည် သစ်တင်သော မော်တော်ကားရှိရာသို့ ရောက်ကြသောအခါ’
‘ကဲ ပြီးတော့မှပဲ စကားပြောကြရအောင်၊ မော်တော်ကားထဲမှ သစ်တွေကို အကုန်အောက်ကို ချပါဦး’ ဟု ကျွန်ုပ်က တောင်းပန်၏။ မော်တော်ကားထဲမှ သစ်များကို အောက်သို့ချနေစဉ် မကြိုက်သောသစ်များကို ဘေးဖယ်ထားရန် သစ်တိုင်းအရာရှိကို ကျွန်ုပ်ကထပ်၍ တောင်းပန်၏။
‘သူ ဖယ်ထားသော သစ်များကို ကြည့်လိုက်သောအခါ သူ၏စစ်ဆေးခြင်းမှာ သေချာလွန်းရုံသာမက သစ်ဥပဒေကို အဓိပ္ပာယ်အလွဲကောက်ထားမှန်းကို ကျွန်ုပ်တွေ့ရ၏။ ကျွန်ုပ်တို့ပို့လိုက်သော သစ်သည် ထင်းရှူးသားဖြစ်၍ သစ်အရာရှိသည် ထိုကဲ့သို့ သစ်ပွမျိုးတွင် မကျွမ်းကျင်ဘဲ သစ်မာမျိုးကိုသာ ကောင်းစွာ သင်ကြားခဲ့ဖူးသည်ကို တွေ့ရပြန်၏။ သစ်ပွတွင်မူကား ကျွန်ုပ်သည် အတော်ကျွမ်းကျင်ပြီးသားဖြစ်သဖြင့် သစ်အရာရှိ မှားနေကြောင်းကို ကောင်းစွာသိသော်လည်း သူ့အား မှားသည်ဟု ကျွန်ုပ်ပြောမိသလား၊ မပြောမိပါ။ သူ လုပ်နေသမျှကိုသာ စောင့်ကြည့်နေပြီးလျှင် ဒီဘေးဖယ်ထားတဲ့ သစ်တွေမှာ ဘာကိုသဘောမကျတာရှိလို့လဲ စသည့် မေးခွန်းအတိုအထွာလေးများကိုသာ သူ့အား မေးပါသည်။ ထိုသို့ မေးသည့်အခါတွင် ‘ခင်ဗျား မှားနေသည်’ ဟူသော လေမျိုးနှင့် မမေးပါ။ ဤသို့မေးရခြင်းသည် အခြားကြောင့်မဟုတ်ပါ။ နောက်နောင် သစ်များကို ပို့သောအခါ သူတို့မကြိုက်သည့် သစ်မျိုးကို ဖယ်ပြီးလျှင် ကြိုက်သည့်သစ်မျိုးကိုသာ ရွေးချယ်ပြီး ပို့နိုင်စေခြင်းငှာ ဤသို့မေးရခြင်းဖြစ်ကြောင်းကို အလေးထားဂရုပြု၍ ပြောပါသည်။
မေးခွန်းများ မေးရာတွင် ခက်ထန်မာကျောစွာမမေးဘဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မေးမြန်းရုံသာမက သူတို့လုပ်ငန်းနှင့် မသင့်သော သစ်များကို ဤကဲ့သို့ ဖယ်ထားခြင်းမှာ လမ်းမှန်ကျကြောင်းကို စကားပြောရင်း အခွင့်အခါရတိုင်း ကြားညှပ်၍ ပြောပြခဲ့ပါသည်။ အတော်လေး စကားလက်ဆုံကျလာသောအခါ ကျွန်ုပ်ရောက်ခါစက တွေ့ရသော ခက်ထန်မာကျောသည့်စိတ်ထားများသည် လွင့်စင်သွားပါတော့သည်။ ထိုမျှမကသေး ချက်ကောင်းရတိုင်း မိလောက်သည့် စကားကလေးများကိုလည်း သွင်း၍ပေးလေရာ
‘ဒီသစ်တွေဟာ တို့မှာတဲ့နမူနာထက်တော့ ညံ့မှာမဟုတ်ဘူး၊ တို့အလုပ်မှာ သုံးနိုင်ဖို့သစ်ကို အလိုရှိရင်တော့ တို့ပေးတဲ့ နမူနာထက် ပိုကောင်းတဲ့သစ်တွေကို တို့မှာဖို့ ကောင်းတာပဲ’ စသော စိတ်ဓာတ်တို့သည် ထိုသစ်စစ်ဆေးရေးအရာရှိ၏ ရင်တွင်းတွင် တဖွားဖွား ပေါ်ပေါက်လာစေ၏။ ထိုစိတ်ဓာတ်များ ပေါ်ပေါက်လာအောင် ကျွန်ုပ်က လှုံ့ဆော်ပေးနေသည်ဟူ၍ မဖြစ်ရလေအောင် ကျွန်ုပ်သည် အလွန်သတိထားရလေသည်။
‘ကျွန်ုပ်နှင့်ဆက်ဆံရာတွင် သူ၏ ကိုယ်နှုတ်အမူအရာသည် တဖြည်းဖြည်း ပြောင်းလဲလေ၏။ နောက်ဆုံးတွင် ထင်းရှူးဖြူသားအကြောင်းကို သူသည် ကောင်းစွာ နားမလည်ကြောင်း ဝန်ခံပြီးလျှင် မော်တော်ကားပေါ်မှ ချနေစဉ် ထိုအသားတို့၏ အကြောင်းကို ကျွန်ုပ်ထံမှ မေးမြန်းလျက်ရှိ၏။ သူတို့မှာသော နမူနာနှင့် ယခုသစ်များသည် အဘယ့်ကြောင့် အတူတူ ဖြစ်နေသည့်အကြောင်းများကို ကျွန်ုပ်ကလည်း တစ်ခုစီရှင်းပြ၏။ သို့ရာတွင် သူတို့၏လုပ်ငန်းနှင့် ယခုသစ်များသည် မသင့်လျော်လျှင် ယူဖို့မလိုကြောင်းကိုလည်း ကျွန်ုပ်က ထပ်ကာတလဲလဲ ပြောကြားလျက်ရှိ၏။ နောက်ဆုံးတွင် သူသည် အတော် သဘောပေါက်သွားပြီးလျှင် သစ်များကို ညံ့သည်ဟူ၍ ဘေးဖယ်ထားရမည်ကိုပင် လိပ်ပြာသန့်လျက်ရှိလာ၏။
‘သို့ဖြစ်သောကြောင့် ကျွန်ုပ်သည် ကျွန်ုပ်သစ်ဆိုင်သို့ပြန်လာသောအခါ ထိုအရာရှိသည် သစ်များအားလုံးကို တစ်ဖန် ပြန်လှန်စစ်ဆေးပြီးလျှင် ထိုသစ်တို့ကို လက်ခံ၍ ကျွန်ုပ်တို့အား ငွေအကြေဆပ်လေသည်။’
‘ဤကိစ္စတစ်ခုတည်းတွင်ပင် အနည်းငယ် အလိုလိုက်ပြီးလျှင် တစ်ဖက်သားကို မှားသည်ဟု မစွပ်စွဲမိအောင် မိမိနှုတ်ကို ထိန်းသိမ်းနိုင်သောကြောင့် ကျွန်ုပ်၏ ကုမ္ပဏီတွင် ဒေါ်လာဒင်္ဂါး ၁၅၀ လောက် အကျိုးရှိလိုက်သည်။ ထိုမျှ မကသေး။ ဖောက်သည်တစ်ဦးနှင့် ဤသို့မိတ်မပျက်ရသည့်အတွက် ကုမ္ပဏီတွင်လည်း နာမည်ကောင်းရလာသည်။ အဖိုးဖြတ်၍မရနိုင်အောင် ရှိမည်ဖြစ်၏။’
ဒါနှင့် စကားမစပ်ပြောရဦးမည်။ ဤအခန်းတွင် ကျွန်ုပ် ရေးခဲ့သမျှသော အကြံဉာဏ်များသည် ယခုမှ ပေါ်ကြသော အသစ်အဆန်းများမဟုတ်။ နှစ်ပေါင်း ၁၉၀၀ ကျော်လောက်က ယေရှုကိုယ်တိုင်က ‘သင်၏ရန်သူနှင့် လျင်မြန်စွာ သဘောညီညွတ်နိုင်ပါစေ’ ဟု ပြောခဲ့ပြီးလေပြီ။
တစ်နည်းထပ်၍ ပြောရဦးမည်ဆိုလျှင် သင်၏ဖောက်သည် ဖြစ်စေ၊ သို့မဟုတ် သင်၏ယောက်ျားဖြစ်စေ၊ သို့မဟုတ် သင်၏ ရန်သူနှင့်ဖြစ်စေ မည်သူနှင့်မဆို ငြင်းခုံခြင်း မပြုပါနှင့်။ သူတို့ကို မှားသည်ဟု ဆိုခြင်းဖြင့် သူတို့၏စိတ်ကို ဆွမပေးပါနှင့်။ ပရိယာယ်ကလေးကို သုံးပေးပါလေ။
ယေရှုခရစ် မမွေးမီ နှစ်ပေါင်း ၂၂၀၀ လောက်ကလည်း အီဂျစ်ပြည်၏ ရှင်ဘုရင်ကြီး အက်တွိုင်းသည် သူ၏သားတော်ကို အလွန်ကောင်းသော အကြံတစ်ခု ပေးခဲ့ဖူးလေသည်။ ထိုအကြံမျိုးသည် ယခုအခါတွင် များစွာလိုလျက်ရှိလေသည်။ တစ်ညနေစောင်းအချိန်တွင် အဖျော်ယမကာသောက်ရင်း ‘ငါ့သား ပရိယာယ်ရှိပါစေ၊ ဤသို့ရှိခြင်းဖြင့် ငါ့သား၏အကြံသည် အောင်လိမ့်မည်’ ဟု အက်တွိုင်းဘုရင်ကြီးသည် သူ၏သားတော်ကို ပြောကြားခဲ့ဖူး၏။
ထို့ကြောင့် တစ်ဖက်သားကို အဆွေ့ဘက်သို့ပါအောင် ဆွဲချင်လျှင် ‘တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။ လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်အခါမှ မပြောလေနှင့်။’
ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည်