ဘဝနေနည်း

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၁)

By Hnin Oo Wai

January 23, 2021

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၁) – ဗုဒ္ဓဘာသာဝင်မိသားစုအားလုံး သားယောက်ျားလေးတစ်ယောက် ပါလာပြီဆိုသည်နှင့် ရှင်ပြုပေးရန်ဆိုသည့် ရည်ရွယ်ချက်က အပြည့်အဝ ရှိနေပြီးပင် ဖြစ်ကြသည်။ တခြားအလှူ မလုပ်နိုင်လျှင် နေပါစေ ရှင်ပြုအလှူပွဲကြီးကိုကား မဖြစ်မနေ ပြုလုပ်ကြသည်။ ဤသည်ကား ဗုဒ္ဓဘာသာဝင် မြန်မာတစ်မျိုးသားလုံးတို့၏ တူညီသော ယဉ်ကျေးမှုကြီး တစ်ခုပင်ဖြစ်ပါ၏။

တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ယဉ်ကျေးမှုကြီး၏ အနက်အဓိပ္ပာယ်ကို တစ်မျိုးသားလုံးပင် ကျကျနနသိထားသင့်ကြသည်။ ရှင်မပြုမီ ဝတ်ရသော ရှင်လောင်းဝတ်စုံကို မင်းမြောက်တန်ဆာဟု ခေါ်သည်။ ကိုရင်လောင်းကို အဘယ်ကြောင့် မင်းမြောက်တန်ဆာ ဆင်ယင်ပေးရသနည်း။ အလှအတွက် သက်သက် မဟုတ်ပါ။ သာသနာ့ဘောင်သို့ ဝင်ရောက်မည့် ကိုရင်လောင်းကို လူ့ဘဝတွင် အမြင့်မြတ်ဆုံးဖြစ်သော မင်းအဖြစ်ကို တင်မြှောက်လိုက်ခြင်း ဖြစ်၏။ ရှင်လောင်းလှည့်ခါနီးတွင် ဆိုင်ရာရိုးရာနတ်များကို ပြသရခြင်းကို နတ်ပြသည်ဟု ခေါ်ကြသည်။ ဘယ်အတွက်ပြရသနည်း။ ဆိုင်ရာရိုးရာနတ်တို့က အမြင့်မြတ်ဆုံးဘဝသို့ ရောက်ရှိမည့်ရှင်လောင်းများအား ရှိခိုးပူဇော်စောင့်ရှောက်ကြရန်သာ ဖြစ်ပါသည်။ ထိုကဲ့သို့သော သေချာမသိသော အလှူရှင်များက ရှင်လောင်းတို့ကို နတ်တို့အား ရှိခိုးခိုင်းခြင်းကား မှားခြင်းကြီး မှားပေစွ။ ရှင်လောင်းလှည့်ခြင်းသည်လည်း အပိုကြွားခြင်း သက်သက်မဟုတ်၊ ရှင်လောင်းများအား တွေ့သမျှ လူတို့က ပူဇော်နိုင်ရန်အတွက် အပူဇော်ခံ တိုင်းခန်းလှည့်ကြွခြင်းသာ ဖြစ်ပေသည်။

ရှင်လောင်းလှည့်ပြီး၍ ဆံချရန် မဏ္ဍပ် သို့မဟုတ် ဘုန်းကြီးကျောင်းသို့ ပြန်လာသည့်အခါ ရှင်လောင်းလှည့်ရာတွင် မလိုက်ပါနိုင်ကြသော ဝေယျာဝစ္စများ ပြုသူအချို့က ရွှေကြိုးတားကြ သည်။ အဓိပ္ပာယ်က “မောင်ရှင်လောင်းတို့ ခေတ္တခဏ ဆိုင်းငံ့တော်မူကြပါ။ အကျွန်ုပ်တို့မှာ ဝေယျာဝစ္စများ ပြုလုပ် ဆောင်ရွက်နေရသည့်အတွက် အသင် မောင်ရှင်လောင်းတို့အား ရှိခိုးပူဇော်ခွင့် မရလိုက်ပါ။ ယခုမှသာ ရှိခိုးပူဇော်နိုင်ပါတော့သည်” ဟု ပြောဆိုပြီး ရှိခိုး ပူဇော်ကြရန်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့ တားသောအခါတွင်လည်း တွေ့ကရာ ကြိုးများဖြင့် မတားရပါ။ တကယ့် ရွှေဆွဲကြိုးများကို ဖြုတ်ပြီး တားကြရသည်။ တားမြစ်ခြင်း၏ အဓိကရည်ရွယ်ချက်က ရှင်လောင်းတို့အား ရှိခိုးပူဇော် ကန်တော့ရန်ပင်။ သို့သော် ကာလကြာညောင်းလာသောအခါ ယဉ်ကျေးမှုနေရာတွင် ရိုင်းစိုင်းမှုက အစားထိုး ဝင်ရောက်လာခဲ့သည်။

မဏ္ဍပ်ထဲ သို့မဟုတ် ဘုန်းကြီးကျောင်းဝိုင်းထဲသို့ ဝင်ရောက်လာသော ရှင်လောင်းများကို တွေ့ကရာကြိုးများဖြင့် ဝင်မရအောင်တားပြီး အလှူရှင်များထံမှ ငွေညှစ်ကြသည်။ အလှူလှူချိန်အတွင်း အကုသိုလ်မဖြစ်လိုသော အလှူရှင်များကလည်း တောင်းသမျှပေးကြသည်သာ။ ထိုအညှာကို သိထားသော လူလည်အချို့က အပျော်သဘောမျိုး မဟုတ်တော့ဘဲ အလှူရှင် သဒ္ဓါပျက်လောက်အောင် လူပြန်ပေးဆွဲသလို မတန်မဆ ငွေတောင်းလာကြသောအခါ အချို့အလှူရှင်နှင့် ရွှေဆွဲကြိုးတားသူများ စကားများသည့်အဆင့်သို့ ရောက်လာခဲ့သည်။ “ကောင်းမှန်းသိ သာအိတစိုစို” ဟူသော စကားအတိုင်း အလှူရှင်ဘက်မှ လိုက်လျောမှန်း သိလာသောအခါ ရွှေဆွဲကြိုးတားရုံနှင့် အားမရကြတော့ဘဲ ရှင်လောင်းဖွက်သည့်အဆင့်အထိ ရောက်လာကြပါတော့သည်။ တောင်းသမျှငွေကို အလှူရှင်တို့က မဖြစ်မနေ ပေးကြရရှာသည်။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်တွင် အစားထိုးဝင်ရောက်လာသော ရှင်လောင်းပြန်ပေးဆွဲမှုတည်း ဟူသော ရိုင်းစိုင်းမှုကြီးကို ရဟန်းရှင်လူအားလုံးတို့က ရေးသားမှု၊ ဟောပြောမှု၊ ပညာပေးမှုတို့ဖြင့် ပျောက်ပျက်အောင် မတိုက်ဖျက်နိုင်ခဲ့ပါလျှင်…

မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထားသော ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ