ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၃) ~~~~ အဂတိတရား (၄) ပါး
၁။ ဆန္ဒာဂတိ = ချစ်သောကြောင့် မျက်နှာလိုက်၍ မတရားပြုခြင်း။၂။ ဒေါသာဂတိ = မုန်းသောကြောင့် မတရားပြုခြင်း။၃။ မောဟာဂတိ = မသိသောကြောင့် မတရားပြုခြင်း။၄။ ဘယာဂတိ = ကြောက်သောကြောင့် မတရားပြုခြင်း။
ဥစ္စာပျက်ကြောင်း (၆) ပါး
၁။ သေစာသောက်စားခြင်း။၂။ လမ်းသွားခါမဲ့။၃။ ရှုငဲ့သဘင်။၄။ ပျော်ရွှင်အံလောင်း။၅။ မကောင်းမိတ်ဖျင်း။၆။ ပျင်းရိခြင်းကားဥစ္စာပျက်ကြောင်းတည်း။
အချိန်မဲ့သွားခြင်းအပြစ် (၆) ပါး
၁။ မိမိကိုယ်ကို ဘေးအန္တရာယ်မှ လုံခြုံမှု မရှိခြင်း။၂။ မိမိ၏ သားသမီး၊ သားမယားကိုလည်း ဘေးအန္တရာယ်မှ လုံခြုံမှု မရှိခြင်း။၃။ မိမိ၏ ပစ္စည်းဥစ္စာတို့ကိုလည်း ဘေးအန္တရာယ်မှ လုံခြုံမှု မရှိခြင်း။၄။ အရပ်ထဲမှ ခိုးမှု၊ လုယက်မှု ဖြစ်ပါကလည်း မိမိအပေါ်၌ သံသယဖြစ်ခြင်း။၅။ သူတစ်ပါး ကျူးလွန်သော အမှု မိမိအပေါ်သို့ ကျရောက်တတ်ခြင်း။၆။ အမျိုးမျိုးသော ဘေးအန္တရာယ်တစ်ခုခုနှင့် မကြာမီ ကြုံတွေ့ရခြင်း။(ကိုယ်သားမယား၊ တစ်ခြားဥစ္စ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစုဟု၊ ခြောက်ခုအခါမဲ့သွားပြစ်တည်း။)
စရိုက် (၆) ပါး
၁။ ရာဂစရိုက် = ရာဂအားကြီး၍ ကာမဂုဏ်ကို မရှက်မကြောက် လိုက်စားခြင်း။၂။ မောဟစရိုက် = တွေဝေ၍ ဘာကိုမျှ မလုပ်တတ်သူ။၃။ သဒ္ဓါစရိုက် = ယုံကြည်မှုလွန်ကဲ၍ အတ္တစွဲဖြစ်သူ။၄။ ဗုဒ္ဓိစရိုက် = သူတစ်ပါး ပြောတိုင်းမယုံ၊ မိမိ၏ အသိဉာဏ်ဖြင့် ဆင်ခြင်တတ်သူ။၅။ ဝိတက္ကစရိုက် = အကြံစည်များပြီး ခရီးမရောက်သူ။
သိင်္ဂါလသုတ်တော်လာ လူမှုကျင့်ဝတ်အဖြာဖြာ အလေးမြတ်ပြုရာ အရပ် (၆) မျက်နှာ
အရှေ့မိဘ။တောင်မှ ဆရာ။နောက်မှာ မယား။မြောက်ကား မိတ်ဆွေ။အောက်ခြေ ကျွန်မှတ်။ထက်ရပ် သံဃာ။မှတ်သားပါ၊ ခြောက်ဖြာတံခါးပေါက်။
ဆရာကျင့်ဝတ် (၅) ပါး
၁။ အတတ်လည်းသင်။၂။ ပဲ့ပြင်ဆုံးမ။၃။ သိပ္ပမချန်။၄။ ဘေးရန်ဆီးတား။၅။ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
တပည့်ကျင့်ဝတ် (၅) ပါး
၁။ ညီညာထကြွ။၂။ ဆုံးမနာယူ။၃။ လာမူကြိုဆီး။၄။ ထံနီးလုပ်ကျွေး။၅။ သင်တွေးအံရွတ် တပည့်ဝတ်၊ မချွတ်ငါးခုသာ။
မိဘဝတ် (၅) ပါး
၁။ မကောင်းမြစ်တာ။၂။ ကောင်းရာညွှန်လတ်။၃။ အတတ်သင်စေ။၄။ ပေးဝေနှီးရင်း။၅။ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
သားသမီးကျင့်ဝတ် (၅) ပါး
၁။ ကျွေးမွေးမပြတ်။၂။ ဆောင်ရွက်စီမံ။၃။ မွေခံထိုက်စေ။၄။ လှူမျှဝေ၍။၅။ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ။
လင်ကျင့်ဝတ် (၅) ပါး
၁။ မထေမဲ့မင်း။၂။ အပ်နှင်းဥစ္စာ။၃။ မိစ္ဆာမမှား။၄။ ဝတ်စားဆင်ယင်။၅။ မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။
မယားကျင့်ဝတ် (၅) ပါး
၁။ အိမ်တွင်းမှုလုပ်။၂။ သိမ်းထုပ်သေချာ။၃။ မိစ္ဆာရှောင်ကြဉ်။၄။ လျှော်အောင် ဖြန့်ချိ။၅။ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။
ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၃)