လူမျိုးတိုင်း စကားယဉ်ကျေးရန် ကျင့်ဝတ်စည်းကမ်းများ၊ နီတိများ၊ စကားဆိုရိုးများ၊ ပုံသာဓကများ ရှိခဲ့သည်။ မြန်မာတိုင်းရင်းသားအမျိုးမျိုး၏ ယဉ်ကျေးမှုလိမ္မာ စကားရတနာတို့ကို ဤသို့တွေ့နိုင်သည်။* လမ်းမကြီးပေါ်၌ မည်သူမဆို ချိုချိုသာသာ နှုတ်ခွန်းဆက်ပါ။ (လူရှေစကားပုံ)
* လူ့ပေါ်ကြော့ဟာ တစ်နှစ်လုံးစကားပြောတတ်တယ်။ (ရှမ်းစကားပုံ)
* လူပြောမသန်၊ လူသန်မပြော။ (မြန်မာစကားပုံ)
* လက်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ။ (မြန်မာစကားပုံ)
* ခွေးမအိပ်မီ သုံးကြိမ်လှည့်ပတ်။ ကြက်မတွန်မီ တောင်ပံသုံးကြိမ်ခတ်။ ထို့အတူ လူဟာ စကားပြောတော့မည်ဆိုလျှင် ဦးစွာဆင်ခြင်ပြီးမှ ပြောပါ။ (ကရင်စကားပုံ)
* အိုမိတ်ဆွေ … စကားကို ထင်တိုင်း မြင်တိုင်း ပြောဆိုခြင်းငှာ သင်တို့၏ နှုတ်ခမ်းကို အကြိမ်ပေါင်းများစွာ မလှုပ်ရှားပါစေကုန်လင့်။ (နီတိမာလာကျမ်း)
* ဆိုရေးရှိက ဆိုအပ်စွတည့်၊ ဆိုစ-ပါးလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိ။ (ရှင်မဟာရဋ္ဌသာရ)
* စကားကျွံ-နှုတ်ရခက်၊ ခြေထောက်ကျွံ-ဒူးခေါင်းပြတ် (မွန်စကားပုံ)
* ပြောလိုက်တဲ့စကားနဲ့ ပစ်လိုက်တဲ့ကျောက်ခဲကို ပြန်ယူလို့မရ။ ပြောလိုက်တဲ့စကားဟာ ပစ်လိုက်တဲ့မြားဘဲ (ဂျိမ်းဖောစကားပုံ)
* ဆိုခဲစေ၊ မြဲစေ။ (မြန်မာစကားပုံ)
* ပြောပြီးသော စကားနှင့် ဖိတ်စင်ပြီးသောရေကို ပြန်၍ မကျုံးနိုင်တော့ပါ။ (လူရှေစကားပုံ)
* ကြမ်းကျွံက နှုတ်ရ၊ စကားကျွံက နှုတ်မရ။ (ရခိုင်စကားပုံ)
* စကားကျွံလျှင် ဒုက္ခတွေ့ရတတ်။ (ချင်းစကားပုံ)
* စကားနောက်-တရားပါ။ (မြန်မာစကားပုံ)
* ခြေချော်ဖင်ထိုင်ကျ၊ စကားမှားက ခြေချော်သည်ထက် အကျနာသေး။ (ကရင်စကားပုံ)
* ကြက်လွန်လျှင်နေသာသည်၊ စကားလွတ်လျှင် မည်သို့မျှမတတ်နိုင်။ (ဂျိမ်းဖောစကားပုံ)
* တွင်းဆိုးကျွံလျှင် နှုတ်ရသည်၊ စကားကျွံသော် နှုတ်မရ။ (ဓနုတောင်ရိုးစကားပုံ)
* အသွားတော်လျှင် တစ်ချက်၊ စကားချော်လျှင် တစ်သက်။ (မြန်မာစကားပုံ)
* တောင်ဘယ်လောက်ကြီးကြီး ဖြတ်ကျော်နိုင်ပါတယ်၊ မြစ်ဘယ်လောက်ကျယ်ကျယ် ဖြတ်ကူးနိုင်ပါတယ်။ သို့သော် တရားသူကြီးစကားကိုမူ တစ်ဆံချည်မျှ မလွန်ဆန်နိုင်ပါ။ (ကရင်စကားပုံ)
* စကားမှန်ပါလျှင် ရွှေထက်အဖိုးတန်၏။ (ပအို့ဝ်စကားပုံ)
* စကားကောင်းတစ်ခွန်းက ရွှေကဲ့သို့တန်၏။ (ဂျိမ်းဖောစကားပုံ)
* နှုတ်ကောင်းတော့ပြည်စိုး။ (မြန်မာစကားပုံ)
* မင်းတို့စကား၊ မိုးကြိုးသွား။ (မြန်မာစကားပုံ)
* နှုတ်ချိုလျှိုတစ်ပါး၊ နှုတ်ကောင်းလျှင် ပြည်စိုး။ (မြန်မာစကားပုံ)
* ချိုသောစကားသည် နွားနောက်တန်၏။ (လူရှေစကားပုံ)
* ခွေးကောင်းကလူကိုမဟောင်၊ လူကောင်းက သူတစ်ပါးအားမကဲ့ရဲ့ (မရူစကားပုံ)
* ကြံချောင်းငယ်လျှင် မချို၊ ဆင်းရဲသားစကား အဖိုးမတန်။ (ရှမ်းစကားပုံ)
* စကား-စကားပြောပါများ၊ စကားထဲက ဇာတိပြ။ စကားဆို တောင်လိုမမောက်နဲ့။ တံတားအို မှောင်ခိုမလျှောက်နှင့်။ စကားများတဲ့ မင်းဆရာ၊ ဆိတ်ချေးတစ်ပြည်တန်၏။ အမိယုတ်သား၊ စကားကြမ်း။ (မြန်မာစကားပုံများ)
* ချစ်ခင်လျှင် သတိပေးစကား။ မုန်းလျှင် မလိုမုန်းထားစကား။ (ပလောင်စကားပုံ)
* ကြမ်းတမ်းသောစကားကြောင့် နွားနောက်လျှော်ပေးရသည်။ နူးညံ့သောစကားကြောင့် နွားနောက်ကြွေးကြေနိုင်သည်။ (ကရင်စကားပုံ)
* ဝစီဘေဒ-ထိတိုင်းရှ။ (မြန်မာဘာသာရေးစကားပုံ)
* ပြည်ထဲရေးရာစကားနားထောင်လျှင် စိတ်မကောင်း။ ချစ်သူရည်းစားစကားနားထောင်လျှင် စိတ်ကောင်းတယ်။ (ရှမ်းစကားပုံ)
အပေါ့အလေးသွားလျှင် ကွယ်၍သွားရပါတယ်။ စကားကိုကား ကွယ်၍ ပြော၍ မရနိုင်ပါ။ (ကရင်စကားပုံ)
* ပါးစပ်က စအိုဝလိုပါပဲ။ (ပလောင်စကားပုံ)
* ပညာရှိက နားသောတ ပျော့ပြောင်းသည်။ (မွန်စကားပုံ)
* ပါးစပ်က နှာခေါင်းထက် မရှည်နှင့်။ (မွန်စကားပုံ)
* ဝါးကျည်တောက်ဟောင်းမှ ရေအေးသလို … ချစ်သူဟောင်း၏စကားသည် ချိုသာ၏။ (ကရင်စကားပုံ)
* ကျိန်ဆဲခြင်းက မိမိရဲ့ဆိုးကျိုးကိုသာ ပြတယ်။ (ပလောင်)
* နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်။ (မြန်မာစကားပုံ)
* စကားအရမ်းပြောလျှင် လျှော်ရတတ်၏။ လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည်။ (ကယားစကားပုံ)
* အရိုးသင်သည်မှာသွား၊ စကားသင်သည်မှာနွား။ (အဇီးစကားပုံ)
* သက်ကြီးစကားကို မလွန်ဆန်သင့်၊ အရိုးရင့်ကိုလည်း မခုတ်သင့်။ (လရှီးစကားပုံ)
* ရေအိုင်သာယာလျှင် ငါးများ၏။ အပြောသာယာလျှင် မိတ်ဆွေများ၏။ (ကရင်စကားပုံ)
* စကားဟောင်းပြန်ပြောလျှင် ရန်ဖြစ်ရတယ်။ တောင်ယာအဟောင်းပြန်လုပ်လျှင် ပေါင်းထူတယ်။ (မရူစကားပုံ)
* တောဝက်ရဲလျှင် ဝါးချွန်နဲ့တွေ့။ စကားပြောရဲလျှင် တရားရုံးနဲ့ ရင်ဆိုင်ရ။ (ကရင်စကားပုံ)
* ကလေးစကားပြောလျှင် ချော့ရတယ်။ ဝါးခုတ်လျှင် လက်နှင့်ဆွဲရတယ်။ (ကယားစကားပုံ)
* ပါးစပ်က တဖွဖွပြောသော်လည်း လက်သေနေသဖြင့် မလုပ်နိုင်။ (ဂျိမ်းဖောစကားပုံ)
* မှန်တဲ့စကားပြောလျှင် နားထောင်ရခက်တယ်။ ပြောင်တဲ့သစ်ပင်ကလည်း အတက်ရခက်တယ်။ (ပအို့ဝ်စကားပုံ)
* တစ်ခါပြောလျှင် အတည်မှတ်၊ နောက်တစ်ခါပြောလျှင် သာ၍တည်သည်။ (ကရင်စကားပုံ)
* နောက်ချေးက မြေကိုပုပ်ဆွေးစေ၍ စကားပြောလျှင် သူတစ်ပါးစိတ်ကို မပုပ်သိုးစေနှင့်။ (ပလောင်စကားပုံ)
* စကားရိုးရိုးပြောလျှင် ပြီးလွယ်တယ်။ ရေလွှတ်တဲ့အခါ၊ မြောင်းကျယ်တဲ့အခါ၊ ဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်တယ်။ (ကယားစကားပုံ)
* ရေကူးက ကမ်းရောက်သည်အထိကူး။ နားထောင်က နည်းရသည်အထိနားထောင်။ (မွန်စကားပုံ)
* အမေ့စကားနားမထောင်လျှင် အရှက်ရ၏။ အမေ့စကားနားမထောင် ကြောက်ရ၏။ (ပလောင်စကားပုံ)
* စကားနောက်တရားပါ၊ စကားနည်းရပ်စဲ။ စကားများအမှားပါ၊ စကားအရာ အင်္ဂါလေးတန်။ စကားအပေါင်းချုပ်သည်ကား-ကတိ။ တရားအပေါင်းချုပ်သည်ကား-သတိ။ (မြန်မာစကားပုံ)