ယဉ်ကျေးခြင်း (အပိုင်း – ၂)ဆရာကျင့်ဝတ်သည်လည်း(၅)မျိုးရှိပြန်၏။ ဆရာကျင့်ဝတ် ၅-ပါး၁။ အတတ်လည်းသင်၂။ ပဲ့ပြင်ဆုံးမ၃။ သိပ္ပမချန်၄။ ဘေးရန်ဆီးကာ၅။ သင့်ရာအပ်ဖို့ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
၁။ အတတ်ပညာသင်ကြားပေးခြင်း။နှုတ်မှုပညာ၊ လက်မှုပညာ၊ စက်မှုပညာ စသော ပညာရပ်အသီးသီးနှင့် လောကီပညာ၊ လောကုတ္တရာပညာရပ်အားလုံးကို သင်ကြားပေးခြင်း။
၂။ ပဲ့ပြင်ဆုံးမခြင်း။အပြောအဆို၊ အနေအထိုင်၊ ယဉ်ကျေးသိမ်မွေ့အောင်၊ မကောင်းမှုဒုစရိုက်တို့ကို မပြုအောင် သွန်သင်ဆုံးမပေးခြင်း။
၃။ ဆရာစားမချန်ခြင်း။အတတ်ပညာအသီးသီးကို ဆရာစားမချန်ဘဲ အကုန်အစင် သင်ကြားပေးခြင်း၊ တစ်ဝက်တစ်ပျက်မဟုတ်ဘဲ ပြီးဆုံးသည်ထိ သင်ကြားပေးခြင်း။
၄။ ဘေးအန္တရာယ်ကာကွယ်ပေးခြင်း။မိမိတပည့်အပေါ်မှာ ကျရောက်မည့် ဘေးအန္တရာယ်အသီးသီးကို ကာကွယ်ပေးခြင်း။
၅။ မိမိအပေါင်းအသင်းများနှင့် ဆက်သွယ်ပေးခြင်း။ဆရာဖြစ်သူသည် မိမိတပည့် ပညာတတ်မြောက်သွားသောအခါ အလုပ်အကိုင်ရအောင် ဆက်သွယ်ပေးရသည်။ “ငါ၏တပည့်ကား ငါနှင့်ထပ်တူ ကျွမ်းကျင်သည်။ အရေးကိစ္စရှိပါက ငါ့တပည့်ကို ခိုင်းကြပါစေ” စသည်ဖြင့် မိမိ မိတ်ဆွေအပေါင်းအသင်းများထံ မှာကြားအပ်နှံရသည်။ တပည့်အလုပ်အကိုင် ရရှိစေရန် ဆရာဖြစ်သူက ထောက်ခံပေးရသည်။ ရှေ့ဆက်လက် ပညာသင်လိုပါကလည်း သင့်လျှော်သော ဆရာသမားများထံ အပ်နှံပေးရသည်။ မိဘသည် မိဘကျင့်ဝတ်နှင့်အညီ နေထိုင်ပြုကျင့်ခြင်း၊ ဆရာသည် ဆရာ့ကျင့်ဝတ်နှင့်အညီ နေထိုင်ပြုကျင့်ခြင်း၊ တပည့်သည် တပည့်ကျင့်ဝတ်နှင့်အညီ နေထိုင်ပြုကျင့်ခြင်း စသည့် “မိဘ၊ ဆရာ၊ တပည့်” တို့ ဟန်ချက်ညီကြမှသာ ပြည်သူ့နီတိသည် အောင်မြင်မည်ဖြစ်၏။ မိဘတို့သည် ကိုယ့်သားကိုယ့်သမီးတို့အား လိမ္မာစေချင်သဖြင့် ဆရာသမားထံ အပ်နှံသော်လည်း၊ သင်ကြားပြသသည့် ဆရာ၊ ဆရာမတို့သည် လိုအပ်သော ယဉ်ကျေးမှုကို စနစ်တကျ မသင်ကြားပေးနိုင်ပါလျှင် မိဘတို့ မျှော်မှန်းသော စံကို ရနိုင်မည်မဟုတ်ပေ။ ထို့အတူ … ဆရာ၊ ဆရာမများက စေတနာ၊ မေတ္တာအနန္တဖြင့် မည်မျှပင် ကြိုးစားသင်ကြားပေးနေသော်လည်း တပည့်ဖြစ်သူသည် ဆရာစကားအား နားမထောင်သည့်အပြင် မိဘဖြစ်သူက ဆရာ့စေတနာကို လက်မခံသောအခါတွင်ကား လိုအပ်သည့် ယဉ်ကျေးမှုအမွေအနှစ်၊ အလိမ္မာစိတ်ဓာတ် စသည်တို့အား ရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မိဘ၊ ဆရာ၊ တပည့်သုံးဦးတို့သည် ဟန်ချက်ညီညီရှိကြရန် လိုအပ်သည်။ ထို့ကြောင့် ကျင့်ဝတ်၊ စည်းကမ်း ရှိပါမှ ပြည်သူ့နီတိအရိပ်သည် နောက်မှကပ်ပါလာမည် ဖြစ်သည်။ ယခုခေတ်အခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုတို့သည် မြန်မာပြည်သို့ နည်းမျိုးစုံဖြင့် ဖြန့်ကျက်နေသည်ဖြစ်ပြီး၊ လူငယ်တို့သည် အတုမြင်၊ အတတ်သင် ရှိလာကြသည်။ ပြောဆိုဆက်ဆံမှု သီဆိုကခုန်မှု၊ ဝတ်စားဆင်ယင်မှုတို့မှာ များစွာ လွှမ်းမိုးလာကြသည်။
မကောင်းသော စရိုက်လက္ခဏာ၊ မိမိလူမျိုးတို့နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် မညီသော ပြုမူနေထိုင်စားသောက်မှုတို့ကို ပယ်ရှား၍ ကောင်းသောအမူအကျင့်များကို လက်ခံယူသင့်သည်။ ဥပမာအားဖြင့် ကိုးရီးယားဇာတ်လမ်းများတွင် မိန်းကလေးများ ဆိုဂျူအရက်သောက်ခြင်းကို အားကျ၍ မြန်မာမိန်းကလေး အတော်များများ ယခုအခါ ဝိုင်းဖွဲ့သောက်လာကြသည်ကို တွေ့ရ၏။ ကောင်းသောယဉ်ကျေးမှု ကူးချခြင်း မဟုတ်ပေ။
သို့သော် … ကိုးရီးယားလူမျိုးတို့သည် အပြင်မှ ပြန်ရောက်တိုင်း “ပြန်ရောက်ပါပြီ” ဟု အသိပေးသောဓလေ့မှာ ချစ်စရာ၊ နှစ်သက်စရာယဉ်ကျေးမှုဖြစ်၍ မြန်မာတို့ အတုယူသင့်ပေသည်။ ထို့ကြောင့် လူမျိုးတစ်မျိုးထံမှ ယဉ်ကျေးမှုတို့အား မိမိလူမျိုးနှင့် သင့်မြတ်လျှော်ကန်မည့် စရိုက်လက္ခဏာယဉ်ကျေးမှုမျိုးကို လက်ခံကူးယူနိုင်ပြီး၊ မကောင်းသော အမူအကျင့်များကို ရှောင်ရှားနိုင်ရမည် ဖြစ်သည်။
လူငယ်တို့သည် အတုခိုးရာတွင် မြန်ဆန်ကြသူများ ဖြစ်သဖြင့် သတိချပ်ရန် လိုအပ်လှသည်။ ဇာတ်တော်တစ်ခုဖြစ်သော “ဂီရိဒတ္တ” ဇာတ်တွင် အတုခိုးမှားသော မြင်းတစ်ကောင်အကြောင်း ဤသို့ တွေ့နိုင်ပါသည်။
အတုခိုးမှားသောမြင်း။
ရှေးအခါ ဘုရင်ကြီးတစ်ပါးတွင် ပဏ္ဍဝဆိုသည့် စီးတော်မြင်းတစ်ကောင် ရှိလေ၏။ ထိုမြင်းအား “ဂီရိဒတ္တ” ဆိုသော မြင်းထိန်းတစ်ဦးအား အပ်နှံ၍ စောင့်ရှောက်စေခဲ့သည်။ ထိုမြင်းထိန်းမှာ အခြားသူများနှင့်မတူဘဲ ခြေတစ်ဘက်ခွင်၍ နိမ့်နေသဖြင့် လမ်းသွားသည့်အခါ လူကောင်းနှင့်မတူ၊ ကွတ ကွတနှင့် လေးလေးမှန်မှန်သာ သွားတတ်၏။
စီးတော်မြင်းပဏ္ဍဝသည် သူ၏ သခင်ဖြစ်သူနှင့် အနေကြာလာသောအခါ သခင်၏သွားပုံ၊ လာပုံ၊ ကွတ၊ ကွတနှင့် တဖြည်းဖြည်းချင်း သွားလာမှုတို့ကို မှတ်သားလေ့လာလေ၏။ သူ့သခင်လုပ်သမျှသည် သူ့အား သင်ပြပေးနေခြင်း ဖြစ်သည်ဟု အထင်ရောက်ကာ … မြင်းထိန်းသွားသကဲ့သို့ အတုလိုက်ခိုးကာ ထော့ကျိုးထော့ကျိုးဖြင့် သွားလေ၏။ ရှေ့က ကြိုးဆွဲသူမြင်းထိန်းကြောင့် နောက်မှ အတုလိုက်ခိုးသော စီးတော်မြင်းသည် မြင်းကောင်းဘဝမှ မြင်းကျိုးအသွင်သို့ ရောက်လေ၏။
ယင်းအဖြစ်ကို မြင်သောအခါ ဘုရင်ကြီးသည် မိမိစီးတော်မြင်း ခြေ၊ လက်တစ်စုံတစ်ရာ ထိခိုက်ကျိုးပဲ့လေပြီဟု အယူမှတ်လျက် မြင်းဆေးဆရာတို့အား ခေါ်ယူစမ်းသပ်ပြလေ၏။ ဆေးဆရာတို့ စမ်းသပ်ကြည့်သောအခါ မည်သည့် ထိခိုက်ဒဏ်ရာအနာတရ မရှိမှန်း သိလေ၏။ သို့သော် စီးတော်မြင်းသည် သွားတိုင်းသွားတိုင်း ထော့ကျိုး ထော့ကျိုးနှင့် ကွတ၊ ကွတ အမြဲသွားလေ၏။ ပညာရှိသော ဆေးဆရာသည် ဘုရင်ကြီးအား ဤသို့ လျှောက်တင်လေ၏။
“အရှင်မင်းကြီး၊ အရှင်မင်းကြီး၏ စီးတော်မြင်းတွင် အတွင်းအန္တရာယ်မရှိပါ။ သို့သော် အပအန္တရာယ်ဖြစ်သော သူ၏မြင်းထိန်းသခင် သွားလာပုံကို အတုယူ၍ ထော့ကျိုး၊ ထော့ကျိုး သွားလာနေခြင်းသာလျှင် ဖြစ်၏။ သို့ဖြစ်၍ မြင်းထိန်းငကွအစား၊ ကောင်းမွန်သန်စွမ်းသော မြင်းထိန်းတစ်ဦးနှင့် လဲလှယ်ခန့်ထားကြည့်တော်မူပါဘုရား”
မြင်းဆေးဆရာ လျှောက်တင်သည့်အတိုင်း မြင်းထိန်းဂီရိဒတ္ထ(ငကွ)နေရာတွင်၊ သန်မာထွားကျိုင်းသော မြင်းထိန်းတစ်ဦးအား အစားထိုး ခန့်အပ်လိုက်လေ၏။ မြင်းထိန်းသစ်လည်း ဘုရင်ကြီး၏ စီးတော်မြင်း ချွတ်ယွင်းချက်များကို ကြိုးစားပြီး ပပျောက်အောင် သင်ယူစေလေ၏။ သူ၏ ပြုပြင်သင်ပြပေးမှုကြောင့် ထော့ကျိုး၊ ထော့ကျိုး သွားလေ့ရှိသော စီးတော်မြင်းသည် ယခင်အတိုင်း အကောင်းပကတိ လျင်မြန်ဖျတ်လတ်စွာ သွားလာနိုင်တော့သည်။
ဤပုံပြင်ကဲ့သို့ပင် ယနေ့လူငယ်တို့ကား အတုယူ၊ အတုခိုး သန်လှ၏။ ဆရာနှင့် တပည့်တို့သည် မိဘနှင့် သားသမီးကဲ့သို့ ၎င်း၊ အစ်ကိုကြီးနှင့် ညီငယ် ညီမငယ်ကဲ့သို့ ၎င်း၊ သဘောထားရာ၏။ ထို့ကြောင့် မိဘ၏ဝတ္တရားအားလုံးလောက်ပင် ဆရာဝတ္တရား ဖြစ်တော့သည်။ ဆရာများသည် တပည့်သူငယ်များ ပညာတတ်မှုတစ်ခုတည်းကိုသာ ပဓာနမထားဘဲ၊ ၎င်းတို့၏ အကျင့်စာရိတ္တကောင်းမွန်မှု၊ ကျန်းမာမှု၊ ယဉ်ကျေးမှု စသည်တို့သည်လည်း ဆရာ၏ ဝတ္တရားဖြစ်သည်ဟု သဘောထားရာ၏။
ကျောင်းသားတို့ကလည်း ဆရာ၊ ဆရာမများကို မိဘသဖွယ်ထား၍ မိဘစကားကို လိုက်နာ နားထောင်သကဲ့သို့ပင် ဆရာ၏ သင်ကြားပြသ၊ အဆုံးအမကို ခံယူရာ၏။ ဤကဲ့သို့ စိတ်ထားမျိုးမရှိခဲ့သော် … ကျောင်းသားက ဆရာအား အခကြေးငွေပေး သင်ရသောသူ ဟူ၍၎င်း၊ ထင်မှတ်ကြ၏။
ဆရာများကလည်း ငွေရလျှင် ပြီးရောဟု သဘောထားတတ်ကြရာ “အသပြာဆရာများ” ဖြစ်ကုန်ကြလေ၏။ စာကိုလည်း သာမန်ဝတ္တရားကျေရုံသာ သင်ပေးတတ်ကြပြန်၏။ ဤသို့ဖြစ်ခဲ့သော် ပညာသင်ကြားခြင်းနှင့် ပညာရေးလောကမှာ ငြီးငွေ့ဘွယ်ဖြစ်လာပြီးသော် ဆရာနှင့်တပည့်ပါ အကျိုးမများဘဲ၊ တစ်မျိုးသားတစ်စုလုံး သိမ်းကျုံးထိခိုက်နစ်နာစေမည် ဖြစ်၏။
ကျောင်းသားများ၏ အထူးဝတ္တရားသည်ကား ကျောင်းစည်းကမ်းအတိုင်း လိုက်နာခြင်း၊ ဆရာ၏အမိန့်ကို နာခံခြင်း၊ အချိန်မှန်ကျောင်းတက်ခြင်း၊ သင်ခန်းစာများကို ကြိုးစားသင်ယူခြင်း၊ ဆရာကို ၎င်း၊ ကျောင်းသားအချင်းချင်းကို ၎င်း၊ ရိုးသားဖြောင့်မတ်စွာ ကျင့်ရခြင်း၊ အလုပ်လုပ်ရာတွင် ဖြစ်စေ၊ ကစားရာတွင် ဖြစ်စေ၊ လူတိုင်းနှင့် မျှတစွာ ဆက်ဆံရခြင်းတို့ ဖြစ်သည်။ ကျောင်းသားတိုင်းသည် သနားကြင်နာစိတ် ရှိရမည့်အပြင် တစ်ကိုယ်တော်ကြံခြင်း၊ အမျက်ထွက်လွယ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
ဘာသာရေးကိုလည်း လေးစားလိုက်နာမှုရှိပြီးသော် မကောင်းသော အပေါင်းဖော်များနှင့် ပေါင်းဖော်ခြင်းမှ ရှောင်ကြဉ်ရာ၏။ ထို့အပြင် အပြစ်မှလွတ်ရန် မုသားမပြောရ၊ မုသားပြောခြင်းသည် အပြစ်ပင်ဖြစ်၍ ထပ်မံ အပြစ်ကျူးလွန်ခြင်းပင် ဖြစ်သည်။ မုသားပြော၍ သူတစ်ပါးအား အပြစ်ရစေခြင်းသည်လည်း အလွန်ဆိုးဝါးသော အပြုအမူတစ်ရပ်ဖြစ်သည်။
စာခိုးချခြင်း၊ ကြမ်းတမ်းစွာကစားခြင်း၊ သူတစ်ပါးအား အပြစ်ကိုပြုလုပ်စေ၍ အပြစ်ဒဏ်ခံရစေခြင်း၊ အသင်းအဖွဲ့ဖွဲ့၍ တဖွဲ့နှင့်တဖွဲ့ ရန်ပြုခြင်း၊ အဖွဲ့စည်းပြု၍ မတရားမှုတွင် သြဇာကြီးအောင် ဆောင်ရွက်ခြင်း၊ အချင်းချင်း ညှင်းဆဲခြင်း၊ အကြောင်းမရှိဘဲ ရန်ထောင်ခြင်း၊ ဝှက်ထားခြင်း စသည်တို့မှာ ရိုင်းပျသော အပြုအမူများဖြစ်သည်။
ကျောင်းသားတို့သည် အမိန့်သြဇာကို မနာခံဘဲ ပေကပ်ကပ်လုပ်ခြင်း၊ အတင်းအကြပ်အမိန့်ပေးမှ လိုက်နာခြင်းမရှိစေဘဲ အမိန့်သြဇာကို အလွယ်တကူ လိုက်နာကြရမည် ဖြစ်သည်။ အတန်းထဲတွင် စာသင်၍ မဖြစ်အောင် အနှောင့်အယှက်ပေးခြင်း၊ ဆရာကို ၎င်း၊ ကျောင်းသားအချင်းချင်းကို ၎င်း နောက်ပြောင်ခြင်း၊ ဆရာ၏အကြောင်း မကောင်းသတင်း လွှင့်ခြင်း၊ မမှန်မကန် မိဘကို ပြန်တိုင်ခြင်း၊ အပြစ်ဒဏ်ပေးလျှင် မခံဘဲ ငြင်းဆန်ခြင်း၊ လိမ်လည်ခွင့်တိုင်ခြင်း၊ အခြားကျောင်းသား၏ အတင်းကိုပြော၍ ၎င်း၊ ဆရာကို မြှောက်ပင့်၍ ၎င်း မပြုရာ၏။
ကျောင်းသားသည် မိမိမျက်နှာသာရအောင် ပြုလုပ်ခြင်း၊ ဆိုးပေသော ကျောင်းသားများနှင့် ပေါင်း၍ မကောင်းသော အတုကိုယူခြင်း၊ သူတစ်ပါးအား မကောင်းမှုကို သင်ပေးခြင်း စသည်တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ ကျောင်းသားများသည် အပြစ်ရှိသော ကျောင်းသားတရားခံကို သိပါလျက် ဆရာအား မတိုင်ကြားဘဲ လျှို့ဝှက်ထားတတ်၏။ အချို့က ဤသို့ပြုမူခြင်းသည် မိမိတို့အချင်းချင်းပေါ်တွင် သစ္စာရှိသည်ဟု လွဲမှားစွာ ထင်တတ်ကြ၏။ အမှန်မှာ အမုန်းမခံဝံ့သောကြောင့် သူရသတ္တိမရှိခြင်း၊ ဝတ္တရား မကျေပွန်ခြင်းပင် ဖြစ်ပေသည်။
ကစားစဉ်တွင် ယဉ်ကျေးခြင်း။
ကစားခြင်းကြောင့် စိတ်ပျော်ရွှင်မှုကို ရစေခြင်း၊ စည်းလုံးညီညွတ်မှုကို ရစေခြင်း၊ ဇွဲလုံ့လစသာ စိတ်ဓာတ်ခွန်အားတို့ ထက်သန်စေခြင်းကို ဖြစ်စေသည်။ ကစားရာတွင် စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရမည်ဖြစ်သည်။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေရပေ။ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းကို ရွေးချယ်ကစားတတ်ဖို့ လိုပေသည်။
ကစားသောအခါ အသင်းအစုဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သောစိတ်ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကိုသာ အားပေးရမည်။ တစ်ကိုယ်ကောင်းအစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် ညီညွတ်စွာ၊ မျှမျှတတ ကစားခြင်းကို ပြုရမည်ဖြစ်၏။ အပျော်အရွှင် အနိုင်အရှုံး ကစားခြင်းတွင် အရှုံးအနိုင်ကို ပဓာနမထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာ ပဓာနထား၍ အားကစားစိတ်ဓာတ်ဖြင့် ကစားရမည်။
အချင်းချင်း ကစားရာတွင်လည်း ဝမ်းသာ၊ ဝမ်းနည်းခြင်းကို ထင်ရှားစွာမပြသင့်ပေ။ ငိုခြင်း၊ လှောင်ခြင်းတို့မှာ အားကစားစိတ်ဓာတ်ကို ညှိုးနွမ်းစေသည်။ နိုင်သောပွဲကို တက်ကြွစွာ ကစားသကဲ့သို့၊ ရှုံးသောပွဲကိုလည်း စိတ်မပျက်ဘဲ ကျားကုတ်ကျားခဲ ကစားရမည်ဖြစ်သည်။ ကစားရာတွင် တစ်ခါတစ်ရံ အငြင်းအခုံဖြစ်တတ်၏။ ထိုအခါတွင် တစ်ဖက်သား ဆန္ဒပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပေးပါ။ အငြင်းသန်ခြင်းမျိုး မပြုလုပ်မိစေရန် သတိပြုရပေမည်။
ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို ပွဲစည်းကမ်းအရ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆင်ခြေမတတ်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။ ဒိုင်လူကြီးမရှိသောပွဲမျိုး ဖြစ်ပါက သင့်တင့်မျှတအောင် ဆုံးဖြတ်ရမည်။ ကစားစဉ် မတော်တဆ ထိခိုက်မိပါက သဘောထားကြီးစွာ ခွင့်လွှတ်နိုင်ရမည်။
ကြမ်းတမ်းသောစကား၊ ကြမ်းတမ်းသောအမူအယာ၊ အပြုအမူတို့ကို မပြုလုပ်မိရန် စောင့်စည်းထိန်းသိမ်းရမည်။ ရှုံး၍ရမ်းကားခြင်းမှာ လွန်စွာရှက်ဖွယ်ကောင်းသော အပြုအမူဖြစ်၍ ရှောင်ကြဉ်ရပေမည်။ ကစားဖော်အချင်းချင်း ထိခိုက်မိသောအခါ အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ကူညီဖေးမ၊ တွဲထူပေးရမည်။
ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။