သုတ

မာဂရက် ဘာ့ခ်ဝှိုက်

By Hnin Oo Wai

August 28, 2020

မာဂရက် ဘာ့ခ်ဝှိုက် (Margaret Bourke-White) (၁၉၀၆-၁၉၇၁)သည် အမေရိကန်နိုင်ငံသူ၊ ဓာတ်ပုံသတင်းထောက်အဖြစ် နှစ်ပေါင်းများစွာ ကမ္ဘာတလွှားရှိ စစ်ပွဲကြီးများ၊ အရေးအခင်းကြီးများဆီသို့ စွန့်စားသွားရောက်ကာ ဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။

ရုရှားတော်လှန်ရေး၊ အိန္ဒိယ လွတ်လပ်ရေး၊ ကိုရီးယား စစ်ပွဲစသည်တို့အပါအဝင် သူ့ခေတ်ကာလ သမိုင်းဝင်အရေးကိစ္စကြီး မှန်သမျှ သူရောက်ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ဒုတိယ ကမ္ဘာစစ်တွင် ရေခြားမြေခြားသို့ ပထမဆုံး ပို့လွှတ်ခံရသည့် အမျိုးသမီး စစ်သတင်းထောက်အဖြစ် မှတ်တမ်းဝင် ထင်ရှားခဲ့သည်။ သူ ရိုက်ကူးခဲ့သည့် ဥရောပ လေကြောင်းတိုက်ပွဲ၊ အာဖရိက မြေပြင်တိုက်ပွဲများနှင့် လန်ဒန်မြို့ကြီး မီးမှောင်ကျနေပုံ မှတ်တမ်းတင် ဓာတ်ပုံများမှာ ယခုအခါ သမိုင်းဝင် ပုံများ ဖြစ်လျက်ရှိပေပြီ။

ဘာ့ခ်ဝှိုက်သည် ၁၉၃၆ ခုနှစ် စတင်တည်ထောင်သည့် Life မဂ္ဂဇင်းကြီး၏ မူလပထမ ဓာတ်ပုံအဖွဲ့သားလေးဦးတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ Fortune မဂ္ဂဇင်းတွင်လည်း ဓာတ်ပုံဆရာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ Portrait of Myself အမည်ရှိ ကိုယ်ရေးအတ္ထုပ္ပတ္တိအပါအဝင် စာအုပ်စာတမ်း အများအပြား ရေးသားခဲ့သည်။

ကြောက်စိတ်ကို စေ့စေ့ကြည့်၊ ရဲရဲရင်ဆိုင်၊ ဘာမှ အခြေအမြစ်မရှိတဲ့ ကြောက်စိတ်မျိုးဆိုရင် အဲ့ဒီလို ရင်ဆိုင်ကြည့်ရုံနဲ့ လုံးဝ အစပျောက်သွားလိမ့်မယ်၊ တကယ်ကြောက်သင့် ကြောက်ထိုက်တဲ့ အရာပဲလို့ သွားတွေ့ရင်တော့ တစ်ခုခုလုပ်၊ အဲ့ဒီလုပ်တဲ့ တစ်ခုခုက မကြောက်ရအောင် ကယ်သွားလိမ့်မယ်။

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။