ဘဝနေနည်း

ဘဝမှာ အခက်အခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်း ရှိသူတွေကသာ အောင်ပွဲခံမှာပါ။

By HapEye.net

June 12, 2020

ဘဝမှာ အခက်အခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေကသာ အောင်ပွဲခံမှာပါ။ကျမနေအိမ်မှာ အကျယ်ချုပ်နဲ့ အဖမ်းခံထားရစဉ် ကာလမှာ အဖိုးထိုက်တန်ဆုံး သင်ခန်းစာကို ရာဘင်ဒြာနတ်တဂိုး သီကုံးဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်ကနေ ကျမ ရယူနိုင်ခဲ့ပါတယ်။ ဘာသာပြန်ဆိုထားချက်က ကျေနပ်လောက်စရာမရှိပေမယ့် တဂိုးရဲ့ ကဗျာတွေဟာ ကျမတို့ကိုယ်တိုင် အမြဲတမ်း စူးစမ်းနိုင်စွမ်းမရှိတဲ့၊ ဆုပ်ကိုင်လို့ မရတဲ့၊ စိတ်ဓာတ်ရေးရာ အတွင်းကျဆုံး အပိုင်းထိ မှီအောင်လှမ်းထားပါတယ်။ ကဗျာအမည်က ‘ မင်း တစ်ကိုယ်တည်း လျှောက်ပေတော့ ’ တဲ့။ နာမည်က ရွှင်လန်းစရာမရှိသလို စာသားကလည်း အားတက်စရာ မရှိပါဘူး။ 

မင်းခေါ်လို့ သူတို့ မလိုက်ရင်မင်းတစ်ကိုယ်တည်း လျှောက်ပေတော့။ကြောက်ဒူးတုန်လို့နံရံဘက်လှည့်ပြီး သူတို့  နှုတ်ဆိတ်နေရင်မင်းကံဆိုးတာပေါ့။စိတ်ရှင်းရှင်းနဲ့ တစ်ကိုယ်တည်းသာပွင့်ပွင့်လင်းလင်း ပြောပေတော့။တောကြီးမျက်မည်းထဲ ဖြတ်သန်းနေတုန်းမင်းကို သူတို့ စွန်ခွာသွားရင်မင်းကံဆိုးတာပေါ့၊ဆူးငြောင့်ခလုတ်တွေ ချေနင်းရင်းသွေးစွန်းတဲ့ လမ်းမှာ မင်းတစ်ကိုယ်တည်းလျှောက်ပေတော့ ။မုန်တိုင်းထန်တဲ့ ညမှာ မီးအိမ်ကို သူတို့မကိုင်ရင်မင်းကံဆိုးတာပေါ့၊ဝေဒနာမီးလျှံနဲ့ မင်းနှလုံးသားကို ထွန်းညှိပြီး တစ်ကိုယ်တည်း တောက်လောင်ပါစေတော့။

ဒီကဗျာထဲမှာ စိတ်သက်သာစရာ စကားလုံးတစ်လုံးမှ မပါဘူး။ ခရီးအကြမ်းဆုံးမှာ အေးချမ်းကြည်နူးစရာ တွေ့ရတာလည်း မဟုတ်ပါဘူး။ အပေါ်ယံ ဟန်ဆောင်မှုလည်း မရှိပါဘူး။ ကိုယ်ကခေါ်လို့ လိုက်မယ့်သူမရှိရင်၊ တောကြီးမျက်မည်းထဲမှာ စွန့်ပစ်ခံရမယ်ဆိုရင်၊ မုန်းတိုင်းထံမယ့်ညမှာ မီးအိမ်ကိုင်ပေးမယ့်သူ မရှိဘူးဆိုရင် ကံမကောင်းတာပဲလို့သာ ဆိုပါတယ်။ ဒီကဗျာမှာ စိတ်သက်သာရာ ဘားမှ မရှိပါဘူး။

ဒါပေမဲ့ ခက်ထန်အကြမ်းတမ်းဆုံး အတွေ့အကြုံက အင်အားကို ထုတ်ယူနိုင်တယ်။ ဒုက္ခဆင်းရဲကို အခြေခံပြီး ကြီးမားတဲ့ခံနိုင်ရည်ကို တည်ဆောက်နိုင်တယ်ဆိုတာကို ဒီကဗျာက သင်ခန်းစာပေးထားတာပါ။ မိမိနှလုံးသားကို ဒုက္ခမီးလျှံနဲ့ တောက်လောင်အောင် လုပ်နိုင်သူဟာ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ပါဘူး။ ဘဝမှာ အခက်ခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်း ရှိသူတွေကသာ အောင်ပွဲခံမှာပါ။

၁၉၉၇၊ ဧပြီ၊ ၂၃၊ တောင်အာဖရိကနိုင်ငံ၊ နေတယ်တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေပါရဂူဘွဲ့ ချီးမြှင့်သည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့် အသံဖိုင်မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယင်းအသံဖိုင်ကို ဒီမိုကရက်တစ် မြန်မာ့အသံက မြန်မာပြန်ဆို ထုတ်လွှင့် ခဲ့သည်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline