ကဗျာ

ဗုဒ္ဓကိုပြန်ခေါ်ပေးပါ

By Ko Sai

February 01, 2024

ကပိလဝတ်ကနေ ပြန်လာခဲ့တယ် ၁၀နှစ်လုံး ကြိုးစားရှာဖွေမှုဟာ အတ္တာဟိ အတ္တနော နာထော မှာ ဆုံးတယ်။

မီးတောင်သေ……ချော်ရည်ဆူပွက်မှုဟာ နဂါးပွက်တောင် အမည်ရတယ် ။ နွားနို့တွေ မြေထဲ သွန်းလောင်းနေတာ ရွံ့ဗွက်ကြီးကို ရှိခိုးနေတာ မြင်ရတာ ရှက်လိုက်တာ ။

သံအိမ်ထဲက မြွေတွေ ရေကန်ထဲက ငါးတွေ ပြီးတော့ ……… ခြံခတ်ထားတဲ့ ယုန် သမင် တွေ ကြိုးချည်ထားတဲ့ မျောက်တွေ ဒီနေ့ခေတ် ဘုရား ကျောင်းကန်ဟာ မွေးမြူရေး ခြံနဲ့တူနေတယ်။

သုံးရာသီ စက်ဝန်းထဲမှာ အလှူခံတွေ ခြေချင်းလိမ်နေတယ်။ ဗုဒ္ဓကို ကန်ထရိုက်စွဲတာ ဒီနေ့ ခေတ်မှာရှိတယ် ။ ဗုဒ္ဓဟာ …… ထုတ်ကုန်မဟုတ်ဘူး ။

တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဗုဒ္ဓဟာ နှစ်သက်တယ် ။ သံစုံတီးဝိုင်းတွေ …… အဆိုတော်တွေနဲ့ … လပြည့် လကွယ်မှာ ဂေါပကဟာ ဗုဒ္ဓကို ငွေရှာခိုင်းတယ် ။ ရှက်တတ်ရင် သေလို့ရတယ် ။

ဘုရားရင်ပြင်ဟာ ကားပါကင်ဖြစ်လာတယ်။ ကျောင်းသင်္ခန်းဟာ တည်းခိုးခန်းဖြစ်လာတယ်။ မင်္ဂလာမဏ္ဍပ်ဟာ ကျောင်းဝန်းထဲမှာရှိတယ်။ သာဝကတွေဟာ မဂ္ဂင်ရှစ်ပါးထက် ဒေါ်လာဘက်ကို မျက်နှာမူလာတယ်။

ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လယ်တီ မဟာစည် မိုးကုတ် ခွဲရင်း ရန်သတ်ပွဲနဲ့ ရှာကြတယ်။

ဓမ္မဟာ ဓါးမ ဖြစ်လာတယ်။

ဝမ်းစာ ကနေစပြီး အာဏာ အဆုံးအထိ သာသနာကို ခုတုံး လုပ်ကြတယ်။

ကိုယ့်ကိုကိုယ် တွေ့ရှိခြင်းဟာ ဗုဒ္ဓကို ကျေးဇူးဆပ်ခြင်းပဲ။

အဆုံးအမ ……လိုက်နာမှု။ ဒါ ………သာသနာပြုတာပဲ။

မထူးပါဘူး ……

ပျက်နေတဲ့အထဲကပဲ ရသလောက်ပြင်ရင်း ဗုဒ္ဓဆီကို တစ်လှမ်းခြင်း ရွေ့ကြတာပေါ့ ။

Crd:: မှော်နတ်ပျို