“နင် အရင်ကနဲ့ မတူတော့သလိုပဲနော်” တဲ့…။
နောက်နောင်ခါမှာ ကိုယ်တို့ဟာ ဒီလိုစကားတစ်ခွန်းကို အမြဲကြားရတတ်တယ်။
ဘယ်နေရာမှာ ပြောင်းလဲသွားတယ်ဆိုတာ ကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ တကယ်ပဲ ကိုယ်တို့ဟာ အရင်က ကိုယ်ကိုယ်တိုင်နဲ့ ဝေးဝေးလာခဲ့ပါတယ်။
မှတ်မိပါသေးတယ်… ငယ်ငယ်တုန်းက ရှိခဲ့တဲ့ စိတ်ဆန္ဒကို ဘယ်တော့မှ မပြောင်းလဲပါစေနဲ့လို့ ကိုယ်တို့ မျှော်လင့်ခဲ့ကြတယ်။ လုပ်ချင်တဲ့အရာ၊ ချစ်ချင်တဲ့သူ၊ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေ ဘယ်တော့မှ မပြောင်းလဲပဲ စစချင်းအချိန်ကလို ရိုးစင်းဖြူစင်ဖို့ မျှော်လင့်ခဲ့ကြတယ်။
ဒါပေမဲ့ အချိန်ရဲ့ ရိုက်ခတ်တိုက်စားမှုကြောင့်ဒီလောကမှာ လုံးဝမပြောင်းလဲတဲ့ နိယာမဆိုတာ မရှိဘူးဆိုတာကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။ အသက်အရွယ် ပြောင်းလဲလာတယ်။ ရုပ်ရည်ပြောင်းလဲလာတယ်။ ချစ်ကြိုက်တဲ့သူ၊ နံဘေးက သူငယ်ချင်းတောင် ပြောင်းလဲသွားတယ်။
ဘဝမှာ ဘာကြောင့် နှုတ်ဆက်ခွဲခွာခြင်းရှိရတာလဲ… ဘာကြောင့် ချစ်ကြိုက်တဲ့သူ အေးစက်သွားရတာလဲ… ဘာဖြစ်လို့ ပေးဆပ်မြဲ ပေးဆပ်လည်း လျစ်လျူရှုခံရတာလည်း… ကိုယ်ကပဲ တစ်ခုခုမှားနေလို့လား…၊ ကိုယ်ကပဲ မကောင်းတာလားလို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။ စိတ်ထဲ အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်လို့… နောက်ဆုံးကျမှ လူ့ဘဝဒီတစ်သက်ဟာ မရေမတွက်နိုင်တဲ့ တွေ့ဆုံခြင်း၊ မရေမတွက်နိုင်တဲ့ ခွဲခွာခြင်းတွေနဲ့ ပေါင်းစည်းဖြစ်တည်ထားတယ်ဆိုတာကို ကိုယ်နားလည်လိုက်တယ်။
ဟောင်ကောင်စာရေးဆရာမ Amy Cheung က ပြောတယ်။ ခွဲခွာသွားတဲ့သူဟာ ကိုယ့်ဘဝထဲက ဖြတ်လျှောက်တွေပဲ။ ဘာလို့ စိတ်ထဲထည့်ပြီး တနုံ့နုံ့ခံစားနေမှာလဲတဲ့… ဒီလိုနဲ့ ငယ်ရွယ်စဉ်ကရှိခဲ့တဲ့ ခေါင်းမာမှုကို ရုပ်သိမ်းပြီး စိတ်ခံစားချက်ကို နိမ့်ချည်မြင့်ချည် မဖြစ်စေခဲ့တော့ဘူး။ အရာရာတိုင်းကို ရင်ဖွင့်ပြောဆိုတာမျိုးတွေ မလုပ်ခဲ့တော့ဘူး။ တချို့က ပြောတယ် … နင် ပြောင်းလဲသွားတယ်… အရာရာကို လျစ်လျူရှုလိုက်သလိုပဲတဲ့…။
တကယ်တော့ ကိုယ်ပြောင်းလဲသွားတာ မဟုတ်ဘူး … ကိုယ်နားလည်သဘောပေါက်သွားတာပါ။
တွေ့ကြုံခဲ့ရတဲ့ နာကျင်ဝမ်းနည်းမှုတွေဟာ ကိုယ့်ကိုယ်ပေါ်မှာ ခိုင်ခံ့တဲ့ သံချပ်ကာအဖြစ် ပြောင်းသွားခဲ့ပြီး ကိုယ်ကို ကာကွယ်နေပါတယ်။ ကိုယ့်ကို ပိုဝေး ပိုတောက်ပတဲ့ အနာဂတ်ဆီ လျှောက်လှမ်းနေစေခဲ့ပါတယ်။
တကယ်လို့ဖြစ်နိုင်ရင် လူတစ်ယောက်ကို နင်ပြောင်းလဲသွားတယ်နော်လို့ ခပ်လွယ်လွယ်မပြောလိုက်ပါနဲ့။ အကြောင်းက သူလျှောက်ခဲ့တဲ့လမ်းကို သင်မလျှောက်ဖူး၊ သူ ခံစားခဲ့တဲ့ စိတ်ခံစားချက်မျိုးကို သင် မတွေ့ကြုံခဲ့ဖူးလို့ပါ။
တကယ်လို့ဖြစ်နိုင်ရင် သူ့ကို ပွေ့ဖက်မှုတစ်ခုပေးပြီး နင် ပြောင်းလဲစရာမလိုဘူး။ နင် ကြီးပြင်းစရာမလိုဘူး။ အရာရာကို ကိုယ်ထမ်းပိုးပေးထားမယ်လို့ ပြောလိုက်ပါ။
ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။