ပြောင်းလဲသင့်နေတဲ့ သင်၏ နေ့စဉ်အမူအကျင့်များ
နေ့စဉ်နဲ့အမျှ သင်ပြုလုပ်လေ့ရှိတဲ့ အမူအကျင့် တချို့ဟာ မှားယွင်းနေတတ်ပြီး သူတို့ကို အလွယ်တကူပဲ ပြန်လည်ပြုပြင်နိုင်ရင် သင့်အတွက် အချိန်နဲ့စွမ်းအင်တွေ အများကြီးသက်သာသွားနိုင်တဲ့အပြင် မတော်တဆထိခိုက်မှု အန္တရာယ် မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ ပြောင်းလဲသင့်နေတဲ့ အမူအကျင့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်သာအိုးကို အဖုံးဖုံးပြီးမှ ရေဆွဲချပါ
အိမ်သာတက်အပြီးမှာ အိုးအဖုံးကိုမဖုံးဘဲ ရေဆွဲချခဲ့ရင် ပိုးမွှားတွေကို သာမန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ရေချိုးခန်းနဲ့ အိမ်သာအတွင်းမှာရှိတဲ့ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါ အစရှိတဲ့ အရာဝတ္ထုပစ္စည်းတွေရဲ့ မျက်နှာပြင်ပေါ်ကို ရောက်ရှိသွားနိုင်ပါတယ်။
ချိုင်းနံ့ပျောက်ဆေးကို အိပ်ရာမဝင်ခင် အချိန်မှာသာ လိမ်းပါ
ကျွန်မတို့အနေနဲ့ ချိုင်းနံ့ပျောက်ဆေးကို မနက်ပိုင်းအချိန် ရေချိုးအပြီးမှာ အသုံးပြုတတ်ကြပါတယ်။ ဒီအချိန်မှာ ချိုင်းက ချွေးထွက်ဂလင်းတွေ အတက်ကြွဆုံးအချိန်ဖြစ်တဲ့အတွက် ဂလင်းပိတ်ဆို့မှု အများနိုင်ဆုံးအချိန်ပါ။ အမှန်မှာတော့ အိပ်ရာမဝင်ခင်အချိန်မှာသာ ချိုင်းနံ့ပျောက်ဆေးကို အသုံးပြုသင့်ပါတယ်။ ဒီအချိန်က အရေပြားတွေ ခြောက်သွေ့နေပြီး ချွေးထွက်ဂလင်းတွေ အလုပ်သိပ်မလုပ်တဲ့ အချိန်ဖြစ်နေတာကြောင့်ပါ။ ချွေးနံ့ပျောက်ဆေးဟာ ၂၄ နာရီ တာရှည်ခံတဲ့အတွက် နောက်တနေ့မနက် ရေချိုးပြီးအချိန်အထိတောင် အသုံးဝင်နေပါလိမ့်မယ်။
အဝတ်အစားတွေကို အလိပ်လိပ်ပြီး အံဆွဲထဲ ထည့်ပါ
အဝတ်အစားတွေကို ခေါက်ပြီးထည့်မယ့်အစား လိပ်ပြီးအံဆွဲထဲ ထည့်ထားတာက အထည်များများဆံ့တဲ့အပြင် အဝတ်အစားတွေ အကြေမွအောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အဝတ်အစားဝတ်ဖို့ ရွေးချယ်ရာမှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
တံတောင်ဆစ်နဲ့ကာပြီး ချောင်းဆိုးပါ
ကျွန်မတို့တစ်တွေက ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့ဖုံးအုပ်ကာပြီး ပြုလုပ်တတ်ကြပါတယ်။ ဒီအပြုအမူက အလွန်အန္တရာယ်များပါတယ်။ သင့်လက်ထဲရောက်နေတဲ့ ပိုးမွှားတွေက သင်ကိုင်မိတဲ့ တံခါး၊ စားပွဲ၊ ဖုန်း၊ ပိုက်ဆံအစရှိတဲ့ များစွာသော ပစ္စည်းတွေဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေချင်ရင် သင့်ရဲ့ တံတောင်ဆစ်နဲ့ ဖုံးအုပ်ပြီး ပြုလုပ်မှသာ ရောဂါပြန့်ပွားနှုန်း လျော့နည်းသွားနိုင်ပါတယ်။သစ်သီးဖျော်စက်ကို နည်းလမ်းမှန်အောင် ဆေးကြောပါ
သစ်သီးဖျော်စက်ကို ဆေးကြောရာမှာ ဖျော်စက်ထဲက ဓါးနဲ့ ထိရှမိမှာကြောက်လို့ သတိထားပြီး ဆေးကြောနေရပါသလား။ အချိန်ကုန်သက်သာအောင် ဖျော်စက်ဆေးကြောနည်းလေးကို ပြောပြပါမယ်။ ပန်းကန်ဆေးဆပ်ပြာရည်အနည်းငယ်နဲ့ ရေကို ဖျော်စက်ထဲ ထည့်ပြီး ခလုတ်နှိပ်လိုက်ပါ။ Blender က မျက်နှာပြင်အားလုံးသန့်စင်သွားအောင် မွှေ့ပေးပါလိမ့်မယ်။ ပြီးရင် ညစ်ပတ်တဲ့ရေအားလုံးကို သွန်ပြီး ရေသန့်သန့်နဲ့ ဆေးလိုက်ပါ။
ပက်လက်အိပ်ပါ
တချို့လူတွေက မှောက်လျက်အိပ်တတ်ပြီး တချို့ကတော့ ပက်လက်အိပ်တတ်ပါတယ်။ တချို့တလေကျတော့လည်း ဘေးတစောင်းအိပ်တတ်ကြပါတယ်။ မှောက်လျက်အိပ်တတ်သူတွေက နောက်ကျောရိုးမပေါ်မှာ ဖိအားသက်ရောက်မှုရှိပြီး ခါးနာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ ပက်လက်အိပ်တာက ကျောရိုးအနေအထားမှန်ကန်ပြီး လည်ကုပ်နဲ့ကျောရိုးကို အထောက်အပံ့ ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ ဟိုဘက်ဒီဘက်စောင်းပြီး အိပ်တတ်ရင်တောင် ပက်လက်အနေအထား ပြန်လည်ရရှိအောင် သတိနဲ့ အိပ်ပေးပါ။
ကီးဘုတ်ကို ပေါင်ပေါ်တင်ပြီး အသုံးမပြုပါနဲ့
သင်ဟာ ကွန်ပျူတာ ဒါမှမဟုတ် လက်ပ်တော့ကို အသုံးပြုပြီး စာရိုက်တဲ့အခါမှာ စာလုံးတွေကို ကောင်းကောင်းမြင်ရအောင် ကီးဘုတ်ကို သင့်ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုနေပါသလား။ ဒီနည်းလမ်းကို အချိန်ကြာမြင့်စွာ အသုံးမပြုသင့်ပါဘူး။ လက်ကောက်ဝတ်နာကျင်ပြီး ခြေထောက်ညောင်းနိုင်ပါတယ်။ သင့်အနေနဲ့ အားမစိုက်ရဘဲ စာရိုက်ချင်ရင် ကီးဘုတ်ဟာ သင့်ရဲ့ တံတောင်ဆစ်နဲ့ မျဉ်းပြိုင်အနေအထားမှာ ရှိရပါမယ်။
ဘောင်းဘီကို အင်္ကျီပေါ်မှာ တွန့်ခေါက်ရာမရှိအောင် ချိတ်ပါ
အင်္ကျီချိတ်နဲ့ ချိတ်ထားတဲ့ ဘောင်းဘီတွေကို ဝတ်ဆင်တဲ့အခါမှာ တွန့်ခေါက်ရာရှိနေတာကြောင့် မီးပူတိုက်နေရပါသလား။ အင်္ကျီချိတ်တွေက ဘောင်းဘီရဲ့ အလယ်နေရာကို တွန့်ခေါက်ရာ ဖြစ်စေပါတယ်။ ဒီလိုမဖြစ်အောင် ချိတ်ပေါ်မှာ စက္ကူလိပ်ပတ်ပြီးမှသာ ဘောင်းဘီကို ချိတ်ပါ။
မော်တော်ကားလက်ကိုင်ဘီးကို နာရီလက်တံ ၉ နာရီနဲ့ ၃ နာရီအနေအထားအတိုင်း ကိုင်ပါ
ကားမောင်းတဲ့အခါမှာ လက်နှစ်ဖက်ကို နီးနီးကပ်ကပ်ထားကာ လက်ကိုင်ဘီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်တတ်တဲ့ အကျင့်ရှိပါသလား။ ဒီအနေအထားက လေအိတ်ရဲ့ စွမ်းဆောင်ရည် လျော့နည်းပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေ အလွန်များပြားပါတယ်။ ဒါ့အပြင် ဘယ်ကွေ့၊ ညာကွေ့ လုပ်တဲ့အခါမှာလည်း စွမ်းအင်အများကြီး အသုံးပြုရနိုင်ပါတယ်။ ကားလက်ကိုင်ဘီးကို ၁၈၀ ဒီဂရီကန့်လန့်ဖြတ် အနေအထားအတိုင်း ကိုင်ရပါမယ်။ အတွင်းထဲက သံကွင်းကိုလည်း အတင်းဆုပ်ကိုင်မထားပါနဲ့။ အထက်ပါ အမူအကျင့်တွေကို ပထမတကြိမ် လုပ်ဆောင်ရုံနဲ့တော့ အကျင့်ဖြစ်သွားမှာ မဟုတ်ပါဘူး။ နေ့စဉ် ထပ်ကာထပ်ကာပြုမူသွားရင် အကျင့်ဖြစ်သွားပြီး သင့်အတွက် အချိန်ကုန်သက်သာပြီး ကျန်းမာရေးကောင်းမွန်လာနိုင်ပါတယ်။
ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။