ပျားရည် ကို လိုသော် ပျားအုံ ကို မဖျက်နှင့် (အပိုင်း – ၇)
စင်စစ် မိဒသည် ထိုစာကို မဖတ်ရချေ။ လင်ကွန်းသည် ထိုစာကို ရေးရုံသာ ရေးခဲ့သည်။ မိဒထံသို့ မပို့ခဲ့ချေ။ လင်ကွန်း သေသောအခါ ထိုစာကို လင်ကွန်း၏အခြားစာရွက်များနှင့်အတူ တွေ့ရ၏။
ကျွန်ုပ်၏အထင်ကို ပြောရလျှင် ထိုစာကို ရေးသားပြီးနောက် လင်ကွန်းသည် ပြတင်းပေါက်ဝမှ ထွက်ကြည့်၍ ‘ခဏနေဦး၊ ငါဒါလောက် အလျင်မလိုသင့်ဘူး ထင်တယ်၊ ငြိမ်ဆိတ်တဲ့ ဒီအိမ်ဖြူတော်မှာ ထိုင်နေပြီး မိဒကို တိုက်လိုက်လို့ အမိန့်ပေးတာ ငါ့မှာတော့ လွယ်ပါ့ရဲ့၊ သို့ပေမယ့် ငါသာ အဲဒီစစ်ပွဲမှာရှိပြီး သွေးထွက်သံယိုဖြစ်တာတွေကို လွန်ခဲ့တဲ့ တနင်္ဂနွေအပတ်အတွင်းက မိဒမြင်ရသလိုပဲ မြင်ရ၊ နောက်ပြီးတော့ ဒဏ်ရာရတဲ့လူတွေ သေကာနီးတဲ့လူတွေရဲ့ အော်သံ၊ ညည်းသံတွေလည်း ကြားရရင် ငါလည်း တိုက်ချင်မှ တိုက်မှာ၊ မိဒလို သူရဲဘောနည်းတဲ့ စိတ်ထားမျိုး ငါ့မှာသာ ရှိမယ်ဆိုရင်လည်း ငါလည်း သူ့လိုပဲ လုပ်ကောင်းလုပ်မိမှာပဲ၊ ကဲလေ ပြီးတာလည်း ပြီးပြီ၊ လွတ်တဲ့ငါး ကြီးနေဖို့ မလိုတော့ဘူး၊ ငါသာ ဒီစာကို ထည့်လိုက်ရင် ငါ့စိတ်တွေတော့ အတော်ကို ပြေသွားမှာပဲ၊ သို့ပေမယ့် ဒီစာဖတ်ရရင် မိဒကလည်း သူမှန်ကြောင်း ပြန်ပြီး ထုချေနေမှာပဲ၊ နောက်ပြီးတော့လည်း ငါ့ကိုပြန်ပြီး အပြစ်တင်နေဦးမှာပဲ၊ ဒီစာအတွက်နဲ့ နာကြည်းစရာတွေ ဖြစ်လာဦးမယ်၊ နောက်ပြီးတော့ စစ်မှူးအဖြစ်နဲ့ ဆက်လက်ပြီး အသုံးဝင်နေတဲ့ ကိစ္စတွေလည်း ပျက်ကုန်ပြီး ဒီစာအတွက်နဲ့ သူဟာ စစ်ဗိုလ်ချုပ်ရာထူးက ထွက်ချင်တောင် ထွက်လိမ့်မယ်’ စသည်ဖြင့် ပြောဆိုကာ သူ့ကိုယ်ကိုသူ ဖျောင်းဖျကောင်း ဖျောင်းဖျပေလိမ့်မည်။
ဤကား ကျွန်ုပ်၏အတွေးမျှသာ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်ပြောသကဲ့သို့ လင်ကွန်းသည် စာကို မပို့ဘဲ ထားလိုက်၏။ အကြောင်းမူကား နာကြည်းစွာ အပြစ်တင်ခြင်း၊ ကြိမ်းမောင်းခြင်းတို့သည် အကျိုးမရှိ၊ အချည်းနှီးပင် ဖြစ်ကြောင်းကို သူကိုယ်တိုင် တွေ့ဖူးကြုံဖူးကြောင်း များလှသောကြောင့် ဖြစ်၏။
သီအိုဒို ရုစဗဲ့သည် သမ္မတဖြစ်စဉ်အခါက အရှုပ်အထွေးပြဿနာများနှင့် ရင်ဆိုင်ရလျှင် အိမ်ဖြူတော်ရှိ သူ၏ စားပွဲခုံတည့်တည့်တွင် ဆွဲထားသော လင်ကွန်း၏ပုံကြီးကို မော့ကြည့်လျက် ‘လင်ကွန်းဟာ ငါ့နေရာမှာသာရှိရင် သူ ဘာလုပ်မလဲ၊ ဒီပြဿနာကို သူ ဘယ်လိုရှင်းပါ့မလဲ’ ဟု သူ့ကိုယ်ကိုသူ မေးသည်ဟု ပြောဖူး၏။
ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်သောသူအား အပြစ်တင်ချင်သလိုလို ဖြစ်လာလျှင် ဒေါ်လာငါးပြားတန် ငွေစက္ကူကို ကျွန်ုပ်တို့၏ အိတ်ထဲမှ ထုတ်ယူပြီး ငွေစက္ကူပေါ်ရှိ လင်ကွန်း၏ ရုပ်ပုံကိုကြည့်ပြီးလျှင် ‘လင်ကွန်းသာ ဤပြဿနာမျိုးနဲ့ တွေ့ရရင် သူ ဘယ်လိုလုပ်ပါမလဲ’ ဟူ၍ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ မေးကြစို့။
သင်ကိုယ်တိုင် ပြောင်းလဲပြုပြင် သွန်သင်ပေးချင်သော လူတစ်ဦးတစ်ယောက် ရှိပါ၏လော။ ရှိလျှင် ဤအကြံအစည်သည် အလွန်ကောင်းပေ၏။ ထိုအကြံအစည်ကို ကျွန်ုပ်လည်း များစွာ ထောက်ခံပါ၏။ သို့ရာတွင် သူများကို မပြုပြင်မီ သင့်ကိုယ်ကို သင် စ၍ ပြုပြင်ရလျှင် သာ၍မကောင်းပေဘူးလား၊ ဤသို့ အကြံပေးရခြင်းသည် သဝန်တိုရာရောက်၏။ သို့ရာတွင် သူများကို ပြုပြင်ခြင်းထက် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ခြင်းသည် ပို၍အကျိုးများရုံသာမက များစွာလည်း ဘေးကင်းသည်။
‘လူတစ်ယောက်သည် ကိုယ့်ကိုယ်ကစ၍ ပြုပြင်လျှင် သူသည် အတော်အသင့် အဖိုးတန်လာပြီ’ ဟူ၍ ဘရောင်းနင်းက ပြောဖူး၏။ သင်သည် သင့်ကိုယ်ကို ‘ရေပြည့်အိုး’ ဘဝသို့ရောက်အောင် ယခုကစ၍ ပြုပြင်လျှင် ခရစ္စမတ်ပွဲတော်လောက်ဆိုလျှင် နေရာကျကောင်းကျပေမည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူးနေ့အတွင်း ရရှိသောအချိန်များကို သူတစ်ဖက်သားအား ပြုပြင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်၏။ သို့ရာတွင် သင့်ကိုယ်ကို သင် ‘ရေပြည့်အိုး’ ဖြစ်အောင် ပထမပြုပြင်ပါ။ ‘သင်၏ ဖိနပ်ချွတ်တွင် မသန့်ရှင်းဘဲနှင့် သင်၏ အိမ်နီးချင်း၏ ခေါင်မိုးပေါ်တွင် ရှိသော ဆီးနှင်းများကို အပြစ်မတင်ပါနှင့်’ ဟူ၍ ကွန်ဖျူးရှပ်က ပြောဖူး၏။