သုတ

ပျားရည် ၏ ဆေးဖက်ဝင်စွမ်းအင်

By HapEye.net

February 27, 2020

ပျားရည် ဟာ ထူးခြားတဲ့ သဘာဝဆေးဖက်ဝင် အစားအစာတစ်မျိုးပါ။ လူသားတွေအတွက် သဘာဝက လက်ဆောင်ပေးတဲ့ သက်ရှည် ကျန်းမာဆေးလို့လည်း ပြောလို့ရပါတယ်။ ကြည်လင်နေတဲ့ ပယင်းရောင် သကာရည်ဖြစ်ပြီး စွဲမက်ဖွယ် အလွန်ကောင်းလှပါသည်။ အနံ့အရသာနဲ့ ပြီးပြည့်စုံပါတယ်။ ကြာလာရင် ပယင်းရောင်ကနေ ထွင်းဖောက်မမြင်နိုင်တဲ့ အခြေအနေ မပျစ်မကျဲ အရည်အဖြစ်လည်း တွေ့ရပါတယ်။ မည်သို့ဆိုစေ အချိုဓာတ်များပြီး ဆိုးပြစ်နည်းပါးတဲ့ အာဟာရအဖြစ် လက်ခံရပါတယ်။

စတင်တွေ့ရှိရာဒေသOrigin

အိန္ဒိယမှာ ပျားရည် ကို နှစ်ပေါင်း ထောင်ချီပြီး ဆေးဖက်ဝင်ပစ္စည်းတစ်မည်အဖြစ် သုံးခဲ့ကြပါတယ်။ အလားတူပဲ အီဂျစ်မှာလည်း အသုံးပြုခဲ့ကြတယ်။ ရှေးခေတ် ဂရိလူမျိုးတွေက ပျားရည်ကို အာနိသင်ထူးတွေနဲ့ ပြည့်စုံတယ်လို့ ခံယူခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က ဆေးပညာရဲ့ ဖခင်လို့ အမည်တွင်ခဲ့တဲ့ ဟစ်ပိုကရေးတီး (Hippocrates) ဟာ သူ့ရဲ့ လူနာတွေနဲ့ သူ့ကိုယ်သူ ရောဂါဝေဒနာပေါင်းများစွာကို ပျားရည်နဲ့ သက်သာစေခဲ့ပါတယ်။ ပျားရည် ကို အခြားအစားအစာတွေနဲ့ တွဲဖက် စားသုံးပေးလေ့ရှိရင် အာဟာရ ပြည့်ဝပြီး ကျန်းမာစေကြောင်း လက်ခံခဲ့ပါတယ်။ သဘာဝသိပ္ပံပညာရှင် အရစ်တိုတယ်ကတော့ ကျန်းမာသက်ရှည်ဆေးအဖြစ် လက်စွဲထားခဲ့ပါတယ်။ ရှေးခေတ် အီဂျစ်လူမျိုးနဲ့ ဂရိလူမျိုးတွေဟာ လူသေအလောင်းတွေကို မပုပ်သိုးအောင် ဆေးစီရင်ရာမှာ ပျားရည် ကို အသုံးပြုခဲ့ပါတယ်။ ပျားရည်ဟာ အံ့သြဖွယ်ကောင်းလောက်အောင်ကို တာရှည်ခံနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က အီဂျစ်ဘုရင်မရဲ့ အုတ်ဂူကို တူးဖော်မိတဲ့အခါ ကရားတစ်လုံးနဲ့ ပျားရည် ကို တွေ့ကြရပါတယ်။ မြေကြီးထဲမှာ နှစ်ထောင်ချီပြီး ရှိခဲ့တဲ့ ပျားရည် မှာ အနံ့မပျက် မွှေးကြိုင်လျက် တွေ့ရတဲ့အတွက် ပျားရည်ရဲ့ ထူးခြားမှုတစ်ခုပါပဲ။ ဒါတင် မကသေးပါဘူး။ အဲဒီပျားရည်ဟာ နောက်ထပ် ၂၂ နှစ် ကြာတဲ့အထိ မူလ အာနိသင် ဆက်လက်တည်မြဲနေတာ လေ့လာမှတ်တမ်း ပြုနိုင်ခဲ့ကြပါတယ်။

အာဟာရတန်ဖိုးFood Value

ပျားရည်ထဲမှာ ဂလူးကို့စ် (glucose)၊ ဖရုတို့စ် (fructose) နဲ့ ဆူခရို့စ် (sucrose) သကြားဓာတ်တွေ ပါဝင်ပါတယ်။ ဂလူးကို့စ် ခေါ် သကြားဓာတ်ဟာ သက်ရှိသတ္တဝါတွေ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာလည်း ပါဝင်ပါတယ်။ ပင်ပန်းတဲ့အခါ ပျားရည်က ဂလူးကို့စ်သကြားဓာတ်ဟာ အားအင်ပြည့်စေပါတယ်။ ဖရူတို့စ်ကတော့ လက်ဗျူလို့စ်လို့ အသိများပြီး ဂလူးကို့စ်ထက် ပို၍ ပုံဆောင်ခဲ ဖြစ်လွယ်ပါတယ်။ ခန္ဓာကိုယ်အတွင်း တစ်သျှူးတွေကို တည်ဆောက်ပေးပါတယ်။ ဆူးခရို့စ်ကတော့ ဂလူးကို့စ်နဲ့ ဖလူးတို့စ် ပေါင်းစပ်ထားတဲ့ သကြားဓာတ်ပါ။ သကြားဓာတ်တွေ များစွာ ပါဝင်တဲ့ ပျားရည်ထဲမှာ ဒက်ထရင်း (dextrine) ဆိုတဲ့ ကစီဓာတ် အနည်းငယ် ပါရှိပါတယ်။ ဒက်ထရင်းက ပျားရည်ကို အစာကြေလွယ်စေနိုင်စွမ်း သတ္တိတွေ ပေးပါတယ်။

နောက်ဆုံး သုတေသနပြုချက်အရတော့ ပျားရည်မှာ ပါဝင်တဲ့ ဝတ်မှုံတွေမှာ အမိုင်နိုအက်စစ် ၂၂ မျိုး၊ သတ္တုဓာတ် ၂၈ မျိုး၊ အင်ဇိုင်းပါဝင်မှု ၁၁ မျိုး။ ဖက်တီးအက်စစ် ၁၄ မျိုး၊ ကာဗိုဟိုက်ဒရိတ် ၁၁ မျိုး ပါဝင်တယ်လို့ တွေ့ရပါတယ်။ အကယ်၍ ပျားရည်ကို ဓာတုကုန်ကြမ်းအဖြစ် အသုံးပြုဖို့ ၁၅၀ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးခဲ့မယ်ဆိုရင်တော့ ဖော်ပြပါ အာဟာရဓတ်တွေ ဆုံးရှုံးသွားပါလိမ့်မယ်။

ပျားရည် ဂရမ် ၁၀၀ မှာ ပါဝင်တဲ့ အာဟာရဓာတ်ကို ဓာတ်ခွဲကြည့်တဲ့အခါ ရေဓာတ် ၂၀ ရာခိုင်နှုန်း၊ ပရိုတင်းဓာတ် ဝ.၃ ရာခိုင်နှုန်း၊ သတ္တုဓာတ်များ ဝ.၂ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၇၉.၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကတော့ ကယ်လ်စီယမ် ၅ မီလီဂရမ်၊ ဖော့စဖရပ် ၁၆ မီလီဂမ်၊ သံဓာတ် ဝ.၉ မီလီဂရမ်၊ ဗီတာမင်စီ ၄ မီလီဂရမ်နဲ့ ဗီတာမင်ဘီ ဓာတ်ပေါင်းအနည်းငယ် ပါဝင်ပါတယ်။ ကယ်လိုရီအားဖြင့် ၃၁၉ ကယ်လိုရီ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူးNatural Benefits

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူဓာတ်နဲ့ စွမ်းအင် ရရှိနိုင်တဲ့ အကောင်းဆုံးဆေးတစ်လက်ပါ။ ခွန်အားနဲ့ စွမ်းအင်တွေကို ကာဗိုဟိုက်ဒရိတ် အစားအစာတွေက အဓိက ထုတ်လုပ်ပေးနိုင်ပြီး ပျားရည်ကတော့ ကာဗိုဟိုက်ဒရိတ်တွေကို အစာကြေလွယ်စေနိုင်စွမ်း အာဟာရဖြစ်ပါတယ်။ ပျားရည်ဟာ သွေးကြောလေးတွေထဲကို စိမ့်ဝင် ပျံ့လွယ်စေသလို ပါဝင်တဲ့ ဒက်စ်ထရင်းဓာတ်တွေက အားဖြည့်ကျန်းမာမှုကို တာရှည် တည်မြဲစေပါတယ်။ အစာမကြေသူကို သိသာစွာ အထောက်အကူ ပြုပါတယ်။ ရောမဆရာဝန်တစ်ဦးဖြစ်တဲ့ ဂယ်လန် (Galen) ကတော့ ပျားရည်ကို သုံးတတ်ရင် ရောဂါတိုင်းအတွက် ဆေးဖြစ်တယ်လို့ ဆိုပါတယ်။ ပျားရည် မှန်မှန်စားရင် ခန္ဓာကိုယ်တွင်း အင်္ဂါတွေအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

ကုသပျောက်ကင်းနိုင်သော ရောဂါများ Currative Propertiesဝမ်းချုပ်ခြင်းConstipation

ပျားရည် စားပွဲဇွန်းတစ်ဇွန်းကို သံပရာတစ်ခြမ်း ညှစ်ထားပြီး ရေနွေးနွေး တစ်ဖန်ခွက်နဲ့ ထည့်ဖျော်ပါ။ နံနက်အိပ်ရာထမှာ ဦးဆုံး သောက်ပေးပါ။ ဝမ်းချုပ်ခြင်း ကင်းရုံသာမက သာမန်ထက် အက်စစ်ဓာတ် လွန်ကဲခြင်းကိုပါ သက်သာသွားစေနိုင်စွမ်း ရှိပါတယ်။

အဝလွန်ခြင်းObesity

ပျားရည် လတ်လတ်ဆတ်ဆတ်ကို သံပုရာတစ်ခြမ်းနဲ့ ဖျော်ပြီး နံနက်အိပ်ရာထမှာ နေ့စဉ်မှန်မှန် သောက်သွားပါ။ ရေနွေးနဲ့ဖြစ်စေ၊ ရေနွေးနဲ့ဖြစ်စေ ဖျော်နိုင်ပါတယ်။ အဝလွန်သူတွေကို ခွန်အားမယုတ်စေဘဲ အမြန်ဆုံး ပိန်စေနိုင်တဲ့ နည်းပါပဲ။

ဆံပင်တွေ သန်စွမ်းစေဖို့Growth of hair

ဆံပင်တွေ သန်စွမ်းလိုရင် ပျားရည်ထဲကို အရက် အနည်းငယ်ထည့်ပြီး နာနာခေါက်ထားတဲ့ အရည်နဲ့ ဦးရေထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ နှစ်နာရီခန့်ကြာတော့မှ ခေါင်းလျှော်ရည်နဲ့ ဖြည်းညင်းညင်သာစွာ ပြန်ပြီး လျှော်ပေးပါ။ ဒီနည်းနဲ့သာ မှန်မှန် ခေါင်းလျှော်ပေးခဲ့ရင် ဆံပင်အုံကို ထူထဲလာတဲ့အထိ ဆံပင်တွေ သန်စွမ်းလာပါလိမ့်မယ်။

နှလုံးရောဂါHeart Diseases

အစာအာဟာရဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အာနိုးလိုရန် (Dr.Arnold Lorand) ကတော့ ပျားရည်ဟာ နှလုံးရောဂါအတွက် အကောင်းဆုံး အစားအစာလို့ ဆိုပါတယ်။ သူ့ရဲ့ လေ့လာတွေ့ရှိချက်အရ ပျားရည်မှာ အစာကြေလွယ်ကာ အာဟာရပြည့်ဝစေတဲ့ အကောင်းဆုံးအစားအစာ ဖြစ်ပြီး အချိုအရသာ အရှိဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ပျားရည် စားလေ့ရှိသူဟာ လေပွခြင်း၊ လေတက်ခြင်း၊ အစာအိမ်မှ လေအထက်သို့ ဆန်တက်ခြင်း မဖြစ်တဲ့အပြင် အစာအိမ်အတွင်းနဲ့ အစာအိမ်လမ်းကြောင်းအတွင်းရှိ အင်္ဂါများကို ခံနိုင်ရည် ရှိစေပါတယ်။ နှလုံးအားနည်းပြီး သွေးလွှတ်ကြောနံရံ မာကျောသူများအတွက် ပျားရည်က ဆေးဖက်ဝင်ပါတယ်။ ထမင်းမေ့၊ ဟင်းမေ့နဲ့ နေ့ရောညပါ အထူးသဖြင့် ညမအိပ်ဘဲ အလုပ်ဝန်ပိနေသူတွေအတွက်တော့ အိပ်ရာဝင်ခါနီးမှာ ပျားရည်တစ်ဇွန်းကို သံပုရာရည်အနည်းငယ်နဲ့ ရောပြီး ရေတစ်ဖန်ခွက် သောက်ပေးပါ။ အကယ်၍ ညတစ်ရေးနိုးလာမယ်ဆိုရင်လည်း ထပ်သောက်လို့ ရပါတယ်။ နှလုံးနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေအတွက် အလွန်ကောင်းတဲ့ ဆေးတစ်လက်အဖြစ် အားကိုးနိုင်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online