ရသ

ပူဖောင်းနီလေး မတွေ့တော့ပါ

By HapEye.net

March 06, 2020

ဒီပုံပြင်လေးက အခြားကလေးပုံပြင်လေးလိုပါပဲ။ ပုံပြင်က အပြစ်ကင်း ဖြူစင်ပြီး ချစ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ စာမျက်နှာတိုင်း ချစ်စရာကောင်းနေပါတယ်။ ပြီးတော့ ပုံပြင်ကို ကြွက်ကလေးတစ်ကောင်နဲ့ စထားပါတယ်။ ကြွက်ကလေးရဲ့ နာမည်က “အာပု” လို့ ခေါ်ပါတယ်။အာပုက ကြွက်မည်းလေးတစ်ကောင်ပါ။ ဒါပေမယ့် သူ့ဆီမှာ မိုးပျံ ပူဖောင်းနီလေး တစ်လုံးရှိပါတယ်။ ပူဖောင်းဝိုင်းဝိုင်းလေးကို အာပု အမြဲတွဲထားတယ်။ ရင်ခွင်ထဲ ထည့်ထားတယ်။ အာပု ဘယ်နေရာသွားသွား ပူဖောင်းကို အမြဲယူဆောင်သွားတယ်။ အဲဒီမြင်ကွင်းလေးကို ကျွန်မတို့ မြင်ယောင်ကြည့်လိုက်ပါ။ ဒါဟာ ကာတွန်းပုံပြင်လေးတစ်ပုဒ်ဖြစ်တာကြောင့် တွေးမကြည့်လည်း မြင်ယောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။တစ်ညမှာ ပူဖောင်းနီလေး ပျောက်သွားပါတယ်။ အဲဒီညမှာတော့ အာပု တစ်ယောက်တည်း မှောင်နက်မည်းမည်းမှာ အထီးကျန်နေခဲ့ပါတယ်။ ပူဖောင်းလေးမရှိတော့တာကြောင့် အာပု စိတ်မကောင်းဖြစ်ရပါတယ်။ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ကျခဲ့ပါတယ်။“အာပု… မငိုပါနဲ့။ မင်းရဲ့ ပူဖောင်းနီလေး ကို ငါတို့ အတူသွားရှာကြရအောင်။ တစ်လုံးပျောက်ရင် ငါတို့ ဆယ်လုံးပြန်ရှာကြမယ်”တစ်ယောက်ယောက်က သူ့ကို ပြောတဲ့ အသံကို အာပုကြားလိုက်တယ်။အသံလာရာဆီကို အာပုကြည့်လိုက်တော့ ပူဖောင်းနီလေးနှစ်လုံးကို တွေ့လိုက်တယ်။ ပူဖောင်းရှိရာဆီ သူလျှောက်သွားလိုက်တော့ အဲဒီအနီရောင်က ပူဖောင်းမဟုတ်ဘဲ ဇီးကွက်တစ်ကောင်ရဲ့ မျက်လုံးဖြစ်နေတာကို တွေ့လိုက်တယ်။ ဇီးကွက်က သစ်ပင်ပေါ်မှ နားနေပါတယ်။ဇီးကွက်က အာပုကိုခေါ်ပြီး ပူဖောင်းအရှာထွက်ခဲ့တယ်။ တစ်နေရာရဲ့ အဝေးမှာ အနီရောင်အလုံးကြီးတစ်ခုကို တွေ့လိုက်တယ်။ ပူဖောင်းနီ အဲဒီမှာလား..အနီးနားရောက်တော့ အဲဒီအနီရောင်က သူတို့ လိုက်ရှာနေတဲ့ ပူဖောင်းနီမဟုတ်ပြန်ဘူး။ ပန်းနီနီတစ်ခင်းဖြစ်နေပါတယ်။ ပန်းခင်းထဲမှာ လှပတဲ့ ခိုနှစ်ကောင်က ချစ်တင်းနှောပြီး မနက်ဖြန် ဘယ်အရပ်ဆီ ပျံသန်းရင် ကောင်းမလဲဆိုတာကို တိုင်ပင်နေကြတယ်။ခိုလေးတွေက အာပုအနားလာပြီး နှစ်သိမ့်တယ်။“အာပု.. မငိုပါနဲ့။ မင်းရဲ့ ပူဖောင်းနီလေးကို ငါတို့ အတူသွားရှာကြရအောင်။ တစ်လုံးပျောက်ရင် ငါတို့ ၁၀ လုံး ပြန်ရှာကြမယ်”ပူဖောင်းရှာဖို့ သူတို့ခရီးထွက်ခဲ့ကြပြန်တယ်။ လမ်းတစ်နေရာမှာ စတော်ဘယ်ရီခင်းကြီးတစ်ခင်းကို သူတို့တွေ့လိုက်တယ်။ နီရဲရဲစတော်ဘယ်ရီခင်းထဲမှာ ညစာစားနေတဲ့ ခရုသုံးကောင်ကို တွေ့လိုက်တယ်။ခရုငယ်သုံးကောင်က အာပုကို နှစ်သိမ့်တယ်။“ပူဖောင်းနီတစ်လုံးပျောက်ရင် နောက်ထပ် ၁၀ လုံးကို ငါတို့ရှာကြမယ်”နောက်တော့ ရဲရဲနီနေတဲ့ အသီးတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းသီးပင်တစ်ပင်ကို သူတို့တွေ့လိုက်တယ်။ ပန်းသီးပင်ပေါ်မှာ ပိုးကောင်လေး လေးကောင်ကို သူတို့တွေ့လိုက်တယ်။ ပိုးကောင်လေးတွေက…“ပူဖောင်းနီလေးတစ်လုံးပျောက်ရင် နောက်ထပ် ၁၀ လုံးကို ငါတို့ရှာကြမယ်” လို့ အာပုကို ပြောတယ်။ဒီလိုနဲ့ သူတို့ ခရီးဆက်ခဲ့ကြတယ်။ခဏလောက်နေပါဦး.. ကျွန်မတို့ ရေတွက်ကြည့်ရအောင်..ဇီးကွက်တစ်ကောင်၊ ခိုနှစ်ကောင်၊ ခရုငယ်သုံးကောင်၊ ပိုးကောင် လေးကောင် = သူငယ်ချင်း ၁၀ ယောက်ပုံပြင်ထဲမှာ တစ်ခုကို ဆုံးရှုံးသွားတော့ ၁၀ ခုကို ပြန်ရလိုက်တယ်။ ဒါဟာ လှပပြည့်စုံတဲ့ အဖြေတစ်ခု၊ ပြီးပြည့်စုံတဲ့ အဆုံးသတ်လေးတစ်ခုဖြစ်ပါတယ်။ကျွန်မတို့ ဘဝမှာလည်း ပူဖောင်းနီလေးရှိပါတယ်။ ပူဖောင်းနီလေးက အရာအားလုံးကို ကိုယ်စားပြုပါတယ်။ကလေးငယ်လေးတစ်ယောက် နှစ်သက်တဲ့ ကစားစရာဆိုတာ သူ့ရဲ့ ပူဖောင်းနီလေးပါ။လူကြီးတစ်ယောက်နှစ်လိုတဲ့အလုပ်အကိုင်ဆိုတာ သူ့ရဲ့ ပူဖောင်းနီလေးပါ။လှပတဲ့ အချစ်ဆိုတာကလည်း ပူဖောင်းနီလေးပါ။သင်ရဲ့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုက ပူဖောင်းနီလေးပါ။အရာရှိတစ်ဦးရဲ့ ရာထူးနေရာက ပူဖောင်းနီလေးပါ။လူငယ်တစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း၊ နုပျိုမှုကလည်း ပူဖောင်းနီလေးပါ။မူလတန်းတုန်းက သင်္ချာဘာသာဟာ သင့်ရဲ့ ပူဖောင်းနီလေးပါ။အလယ်တန်းတုန်းက ရူပဗေဒဟာ သူ့ရဲ့ပူဖောင်းနီလေးပါ။အန်ဒါဆင်ရဲ့ ငယ်ဘဝက နားဝင်ချိုတဲ့ သူ့သီချင်းသံက သူ့ရဲ့ ပူဖောင်းနီလေးပါ။ဒါပေမယ့် ဒီပူဖောင်းနီလေးဟာ ဘယ်အချိန်မှာ ကျွန်မတို့အပါးကနေ ပျောက်ဆုံးသွားမယ်ဆိုတာ ကျွန်မတို့မသိကြပါဘူး။ပူဖောင်းနီလေးပျောက်သွားတဲ့အခါ ကျွန်မတို့စိတ်မကောင်ဖြစ်ကြမယ်၊ မျှော်လင့်ချက်မဲ့ကြမယ်၊ လဲပြိုကြမယ်၊ ဝမ်းနည်းကြေကွဲကြမယ်။ကျွန်မတို့ အချိန်အကြာကြီး စိတ်မကောင်းဖြစ်ဖို့လိုသလား၊ အကြာကြီးမျှော်လင့်ချက်မဲ့၊ လဲပြို၊ ဝမ်းနည်းကြေကွဲဖို့လိုသလား။သစ်ပင်ပေါ်က ဇီးကွက်ရဲ့ မျက်လုံးနီက ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်ရရင် ကျွန်မတို့လည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေ ရှင်းရှင်လင်းလင်းမြင်နိုင်ဖို့ ကျွန်မတို့လမ်းညွှန်ရပါမယ်။ပူဖောင်းနီလေးပျောက်သွားခဲ့ရင် တခြားပူဖောင်းနီလေးတွေကို ကျွန်မတို့ရှာနိုင်ပါတယ်။ ဇီးကွက်ပြောသလိုပဲ… “တစ်လုံးပျောက်ရင် ၁၀ လုံးပြန်ရှာကြမယ်”။ ခို၊ ခရုငယ်၊ ပိုးကောင်ငယ်လေးတွေကလည်း ပြောတယ်။ “တစ်လုံးပျောက်ရင် ၁၀ လုံးပြန်ရှာကြမယ်”။ဒါဟာ ယုံကြည်လို့ရနိုင်တဲ့ စိတ်ကူးယဉ်ဒဿနလေးပါ။ အမှန်စင်စစ် ဒဿနတစ်ခုလည်း ဖြစ်ပါတယ်အန်ဒါဆင် လည်ချောင်းကွဲပြီး အသံပျက်သွားလို့ အဆိုရှင်တစ်ဦးမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်ရေးတဲ့ စာရေးဆရာတစ်ဦးအဖြစ် ကမ္ဘာကျော်သွားခဲ့ပါတယ်။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ဆိုသော “မူရာကာမိ ရေဒီယို” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

Open More Online