ဘဝနေနည်း

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မမှတ်စု (၂)

By HapEye.net

February 06, 2024

မကောင်းတဲ့အလုပ် လုပ်ချင်တဲ့ပုဂ္ဂိုလ်အတွက် ဆိတ်ကွယ်ရာဆိုတာမရှိဘူးတဲ့။ များသောအားဖြင့် လူတွေဟာ ကောင်းတဲ့အကျင့်တွေကြ လူ့ရှေ့သူ့ရှေ့မှာ ပြသကြတယ်။ မဟုတ်တဲ့အလုပ်၊ မကောင်းတဲ့အလုပ်ဆို ကွယ်ရာမှာ ပုန်းလျိူ ကွယ်ဝှက် လုပ်လေ့ရှိကြတယ်။ သာမာန် ပုဂ္ဂိုလ်တွေဟာ မကောင်းမှု၊ အကုသိုလ်လုပ်တာ ဆိတ်ကွယ်ရာ ရှိတယ်လို့ထင်ပေမယ့် ပညာရှိသူတော်ကောင်းတွေကတော့ မကောင်းတဲ့ အလုပ်ကို လုပ်ဖို့ ဆိတ်ကွယ်ရာမရှိပါဘူး။

မကောင်းတာလုပ်ရင် လူတွေတင် မြင်နိုင်တာမဟုတ်ဘူး။ ကိုယ်လုပ်တာကို မြင်နိုင်တဲ့ နတ်တွေရှိတယ်။ မမြင်ရပေမဲ့ ကိုယ့်ကို မြင်နေတယ်။ နောက်ဆုံး ဘယ်သူမှ မရှိရင်တောင် ကိုယ်မဟုတ်တာ လုပ်နေတာကို သိနေတဲ့ သူရှိတယ်။ ကိုယ် ကိုယ်တိုင်ပဲ။ သူများမသိဘူးဆိုတာ ရှိကောင်းရှိမယ်။ ကိုယ်သိနေခြင်းသည် ဆိတ်ကွယ်ရာ မဟုတ်ဘူး။ ကိုယ်ကျင့်တရားကို ကောင်းစွာကျင့်သုံးနေထိုင်ရမယ်။ မြတ်စွာဘုရား မှာ အရဟံ ဂုဏ်တော်ရှိတယ်။ ဆိတ်ကွယ်ရာမှာတောင် မကောင်းမှု အကုသိုလ် လုံးဝ မလုပ်ဘူး။ ဘုရား၊ ရဟန္တာတွေ မကောင်းမှု အကုသိုလ်ကို လုံးဝ မလုပ်ကြဘူး။

မိမိကိုယ်ကို ကိုယ်ကျင့်တရား ခိုင်မာဖို့အတွက် ကြိုးစားသုံးသပ်ရမယ်။ ကိုယ့်ကိုယ် ပြင်မှ… သူတော်ကောင်းဖြစ်သွားပြီဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာတောင် မကောင်းမူကို မလုပ်တော့ဘူး။ ပုထုဇဥ်တို့အနေနဲ့ ဒီအဆင့်ရအောင် ကြိုးစားရမယ်။ အကုသိုလ် ကင်းရှင်းအောင်နေပြီး သူတော်ကောင်းအဖြစ်ကို ရယူနိုင်တယ်။ သီလကို ကြိုးစားဆောက်တည်ကြရမယ်။ ကိုယ်ရဲ့ ကိုယ်ကျင့်တရားကို ငွေကြေး၊ ရာထူး၊ ကျော်စေမှုတွေနဲ့ မလဲဘူး။ ဘာနဲ့မှ မလဲဘူး။ အဲ့လို ခိုင်မာတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဓမ္မကိုသာ ရင်ထဲမှာ ခိုင်မှာအောင် ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့။ မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာမှာတောင် မလုပ်မိအောင် ကြိုးစားကျင့်ကြံရမယ်။

ရထားတဲ့ဘဝဟာ ဒုက္ခ၊ ဘဝကို ဖြစ်စေတာ သမုဒယ၊ အဲ့ဒီ ဒုက္ခ အဆုံးသတ်တာ ချုပ်​ငြိမ်းတာ နိဗ္ဗာန်ပဲ။ အဲ့ဒီ ၂ခုလုံး မဖြစ်အောင် မဂ္ဂင် ၈ပါးကို ကျင့်သုံးရမယ်။ မြတ်စွာဘုရား က ကာမဝိတက်တွေ နဲ့ မကောင်းတဲ့ အတွေးတွေ မတွေးနဲ့တဲ့.. ကိုယ်ကျင့်တရားကို အလေးထား စောင့်ထိန်းကြရမှာဖြစ်တယ်။ မိမိတို့တစ်တွေ ပုထုဇဥ် မို့ ရံဖန်ရံခါ လူ့ရှေ့သူ့ရှေ့မှာ ကောင်းကြသလို.. ကွယ်ရာမှာ ဣသာ၊ မစ္ဆရိယ ဆိုတဲ့ အကုသိုလ် တရားတွေ ဝင်နှောက်တတ်တယ်။ စိတ်ဆိုးခြင်း ဒေါသ၊ မခံချင်တဲ့ ဒေါသ ဝင်မိရင် ကွယ်ရာမှာ ဝစီကံ၊ မနောကံတွေနဲ့ ပြစ်မှားမိတတ်ကြတယ်။ သူတော်ကောင်းတွေကြတော့ ကြံ့ခိုင်သော စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်လို့ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး..

တရားချစ်ခင်သူတော်စင်တို့သည် မိမိတို့ ကိုယ်ကျင့်တရားကို ဘယ်အရာနဲ့မှမလဲမိအောင် ကြိုးစားနေထိုင်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သိရှိနာယူရ၍ လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း. . .

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ၏  ပါချုပ်ဆရာတော်ကြီး၏ တရားမှတ်စု (FB Page) မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်