ဘဝနေနည်း

ပတ်ဝန်းကျင်နှင့် ပြည်သူ့နီတိ

By HapEye.net

June 01, 2020

ပတ်ဝန်းကျင်သန့်ရှင်းမှုရှိမှသာလျှင် လူသားတို့ ကျန်းမာသက်ရှည်နိုင်မည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရုံနှင့် မရ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်သော ပတ်ဝန်းကျင်ကိုပါ ဂရုတစိုက်ပြောင်းလဲရန် လိုအပ်သည်။ လူနှင့် ပတ်ဝန်းကျင်သည် ဆက်စပ်နေသည်ဖြစ်ရာ-ပတ်ဝန်းကျင်သည်လည်း လူသားတိုးတက်မှုပေါ် အခြေခံ၍ ပြောင်းလဲပေးရမည်ဖြစ်သည်။

ပတ်ဝန်းကျင်ကို-ရေ၊ မြေ၊ လေ ဟူ၍သာ သုံးပိုင်းခွဲခြားလျက် ကျင့်ဝတ်စည်းကမ်းနှင့်အညီ နေထိုင်လုပ်ကိုင်ကြရန် လိုအပ်သည်။ ရေတွင်း၊ ရေကန်၊ အင်းအိုင်၊ ချောင်းမြောင်း၊ မြစ်တို့ သန့်ရှင်းစင်ကြယ်သော အင်္ဂါရပ်တို့နှင့် ညီညွတ်ရန် လိုအပ်သည်။

မြေတွင်လည်း သီးနှံစိုက်ခင်း၊ တိုက်တာအဆောက်အဦနှင့် မိလ္လာ စသည်တို့ သန့်ရှင်းစင်ကြယ်သော အင်္ဂါရပ်နှင့် ညီညွတ်စေရမည်ဖြစ်၏။ ထို့အတူ … လေတွင်လည်း လေထုညစ်ညမ်းမှုမဖြစ်စေရန် သန့်စင်သောအင်္ဂါရပ်နှင့် ညီညွတ်ရန် လိုအပ်သည်။ ထိုမှသာလျှင် လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားတို့မှာ ကောင်းကျိုးရှိ၊ ရေရှည်တည်မြဲနေမည် ဖြစ်၏။

ပတ်ဝန်းကျင်သန့်ရှင်းရေးတွင်

၁။     လေကောင်းလေသန့်ရရှိအောင်နေတတ်မှု။၂။     ရေကောင်းရေသန့်ရရန် စီမံသုံးစွဲမှု။၃။     အစားအစာသန့်ရှင်းမှုရှိရန် ဆောင်ရွက်တတ်မှု။၄။     ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်ဖြစ်ရန်စီမံမှု။၅။     ကျန်းမာရေးနှင့် ညီညွတ်အောင် မိလ္လာသိမ်းဆည်းမှု။၆။     စွန့်ပစ်အမှိုက်တို့ စနစ်တကျထားရှိမှု။၇။     ကူးစက်ရောဂါဖြစ်ပွားနိုင်သည့် သတ္တဝါများကို စနစ်တကျနှိမ်နင်းမှု။၈။     တိရစ္ဆာန်တို့မှရသော ရောဂါကိုကာကွယ်မှု စသည့်အချက်များကို လိုက်နာဆောင်ရွက်ကြမည်ဖြစ်၏။ကျေးရွာ၊ ရပ်ကွက်၊ မြို့ အသီးသီးတို့ရှိ နေထိုင်ကြသည့် သူတို့ စည်းကမ်းရှိရှိ၊ စနစ်တကျ နေထိုင်သုံးလုပ်ဆောင်သွားကြရန် လိုအပ်ပေသည်။

လေကောင်းလေသန့်သည် ကျန်းမာရေးအတွက် လွန်စွာတန်ဖိုးရှိသကဲ့သို့ လေထုညစ်ညမ်းမှု၊ မသန့်ရှင်းမှုသည် ရောဂါအမျိုးမျိုး၊ အန္တရာယ်အသွယ်သွယ်ကို ဖြစ်စေသည်။ လေထုထဲသို့ မီးခိုးငွေ့များ၊ စက်ရုံအသီးသီးမှ စွန့်ထုတ်သော မီးခိုးများ၊ မော်တော်ယာဉ်အသီးသီးမှ ထွက်သော အိပ်ဇောငွေ့များ၊ အမှိုက်ပုံမှ အနံ့ဆိုးများ၊ မိလ္လာနှင့် တိရစ္ဆာန်အညစ်အကြေးတို့မှ ထွက်ရှိသော အနံ့ဆိုးများ၊ စသည်တို့သည် လေထုကို ညစ်ညမ်းစေ၏။

ထိုလေထုတွင် ဘက်တီးရီးယားပိုးမွှားများနှင့် လူသားတို့ အကျိုးယုတ်စေမည့် ဓာတ်ငွေ့များ ပါဝင်ပေါင်းစည်းမှုကြောင့် ထိုလေဆိုးတို့ကို ရှူရှိုက်မိပါက လူနှင့် တိရစ္ဆာန်တို့အတွက် များစွာ ဆိုးကျိုးနှင့် ရောဂါဘယထူပျောစေ၏။ ထို့ကြောင့် လေထုမညစ်ညမ်းစေရန် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် စနစ်တကျလုပ်ဆောင်ကြရပေမည်။ လေထုရှိ ဘက်တီးရီးယားပိုးမွှားတို့ သေစေနိုင်သော-နေရောင်ခြည်၊ လျှပ်စစ်ဓာတ်နှင့် သစ်ပင်ရှိသစ်ရွက်များ၏ ကလိုရိုဖီး(အစိမ်းရောင်)ဓာတ်တို့ ရရှိစေရန် ပြုလုပ်ပေးရမည်ဖြစ်၏။

အကောင်းဆုံးကား … လေထုညစ်ညမ်းကာကွယ်မှုပေးနိုင်သော သစ်ပင်တို့ကို စိုက်ပျိုးပေးရန်ဖြစ်ပြီး၊ မီးခိုးငွေ့၊ ဓာတ်ငွေ့တို့ကို နည်းနိုင်သမျှ နည်းပါးအောင် စွန့်ပစ်ကြရန်ပင်ဖြစ်သည်။ လေကောင်းလေသန့်မရရှိခြင်းဖြင့် လူ၏ကျန်းမာရေးကို ထိခိုက်စေသည်။ မြို့ပြတွင် လူနေမှုထူထပ်ခြင်း၊ ယာဉ်ရထားပေါများခြင်း၊ စက်ရုံပေါများခြင်းတို့ကြောင့် ကျန်းမာရေးချို့တဲ့မှုများပြားသည်။ တောရွာတို့ကား လေကောင်းလေသန့်ရရှိနိုင်ပေသေးသည်။

သို့သော်လည်း တောရွာများတွင် ဖုံထူထပ်နေပြန်သဖြင့် လေထုညစ်ညမ်းမှုရှိနေပြန်သေး၏။ ထို့အပြင် တစ်ပိုင်တစ်နိုင် မွေးမြူကြသော ဝက်၊ ဘဲ၊ ကြက် စသည်တို့၏ ခြံများမှ စွန့်ပစ်အညစ်အကြေး၊ အနံ့ဆိုးများမှာ ပြန့်နှံ့နေပြန်သေးရာ လေကောင်းလေသန့်ကို ကောင်းစွာမရရှိနိုင်ပေ။ ယင်းတို့ကို စနစ်တကျစွန့်ပစ်ခြင်း၊ ကောင်းစွာ သိမ်းဆည်းခြင်း၊ မြေကျင်း၊ မြေကန်တို့တွင် ဖို့သိပ်ခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ပေးရန် လိုအပ်သည်။

လေထဲရှိ ဖုန်များနှင့် ကပ်ပါလာသော ဘက်တီးရီးယားရောဂါပိုးမွှားတို့ကြောင့် အောက်ပါရောဂါတို့ ဖြစ်စေပါသည်။၁။     ဆုံဆို့နာရောဂါ။၂။     အဆုတ်နာရောဂါ။၃။     ကျောက်ရောဂါ-ရေကျောက်ရောဂါ။၄။     ပါးချိတ်ရောင်ရောဂါ။စသည်တို့ဖြစ်၏။ ရောဂါရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ရောဂါပျံ့နှံ့နေသောလေကို ရှူရှိုက်မိပြီး ကူးစက်တတ်ကြပြန်၏။ အအေးမိနှာစေးချောင်းဆိုးရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ တုပ်ကွေးရောဂါ စသဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ဖြစ်တတ်သောရောဂါများ ဖြစ်စေသည်။

မီးခိုးများကြောင့် နေမှ လူသားတို့အဖို့ အကျိုးရှိလှသော ခရမ်းဘေးရောင်ခြည်ကို ကမ္ဘာမြေပေါ်သို့ အကျအရောက်နည်းစေကာ၊ မြူနှင်းများ ပိုမိုကျစေပြီး အသက်ရှူမဝခြင်း၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ ချောင်းဆိုးခြင်းတို့ကို ဖြစ်စေသည်။ မီးခိုးတွင် ပါသော အောက်ဆိုဒ်ဓာတ်ငွေ့များကလည်း အဆုတ်ကင်ဆာရောဂါကို ဖြစ်စေသည်။ ဖုန်မှုန့်များကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို နှိုးဆွသကဲ့သို့ ဖြစ်ပြီး ပန်းနာရင်ကြပ်ထခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်စေသည့်အပြင် ကြာရှည်လာပါက တီဘီ(အဆုတ်)ရောဂါတစ်မျိုးကို ရရှိခံစားစေပါသည်။

ယာဉ်များမှ ထုတ်စွန့်သော အေဇောဓာတ်ငွေ့များကြောင့် အဓိကလေထုညစ်ညမ်းစေသည်။ ထိုဓာတ်ငွေ့ကို ရှူရှိုက်ခြင်းကြောင့် အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူလမ်းကြောင်းတစ်လျှောက် ထိခိုက်ခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်စိနာခြင်း၊ မူးဝေအော့အန်ခြင်း စသည့်ဝေဒနာများကို ခံစားကြရမည်ဖြစ်သည်။

ထို့ကြောင့် မီးခိုးငွေ့အထွက်နည်းသော ယာဉ်ကို သုံးစွဲခြင်း၊ ယာဉ်အသုံးပြုမှု လျှော့ချခြင်း၊ သစ်ပင်ပိုမိုစိုက်ပျိုးခြင်း စသည်တို့ကို ဂရုတစိုက်လုပ်ဆောင်သင့်ကြပေသည်။ ပြည်သူ့နီတိအဖြစ်၊ ပြည်သူတစ်ရပ်လုံး ကျန်းမာဖို့ရာ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။

မြေသန့်ရှင်းမှုနှင့် ရေသန့်ရှင်းစင်ကြမှုသည် ဆက်နွယ်နေပေသည်။ ကျန်းမာရေးလုပ်ငန်းများသည် လူထုအားလုံးနှင့် သက်ဆိုင်သောလုပ်ငန်းများလည်း ဖြစ်သည်။ လူထုကိုယ်တိုင်က ကိုယ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်စေမည့် အစီအစဉ်များကို ဆောင်ရွက်ကြဖို့လိုပေသည်။ ဤသို့ဆောင်ရွက်ရာတွင် တစ်ဦးချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းမျိုးရှိသကဲ့သို့ မိသားစုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်းရှိသည်။

ကိုယ့်အားကိုယ်ကိုးခြင်း၊ အများနှင့် စုပေါင်းဆောင်ရွက်ခြင်း စသည်ဖြင့် လုပ်ဆောင်ကြလျက် ပြည်သူ့နီတိကျင့်ဝတ်ကို ဖြည့်စွမ်းကြရမည်ဖြစ်သည်။ အမျိုးသားကျန်းမာရေးကော်မတီက ပြည်သူ့နီတိဆိုင်ရာ လူထုကျန်းမာရေးအတွက် လုပ်ဆောင်မှုအား ဖြေရှင်းပေးခဲ့ကြသည်။

အစားအစာသန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် သန့်ရှင်းရေး၊ စသည်များကို ဆောင်ရွက်စေသည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။