အတွေးအခေါ်

ပညာရပ်တစ်ခုကောင်း တတ်မြောက်ခြင်း(အပိုင်း – ၂)

By HapEye.net

June 16, 2025

ပညာကို ဝယ်လျှင်ရနိူင်ကြောင်း သိဖို့အရေးကြီး၏။

ပထမဦးစွာ မည်သည့်ပညာရပ်မျိုးကို မည်သည့်အတွက်သင်အလိုရှိသည်ဟု သေချာစွာ ပိုင်းခြားဆုံးဖြတ်လေလော။ သင်ရည်မှန်းထားသော ပန်းတိုင်ကို မျှော်ကြည့်လိုက်သည့်အခါ ထိုပန်းတိုင်သို့ရောက်အောင် မည်သည့်ပညာရပ်မျိုးလိုသည်ဟု ဆုံးဖြတ်နိုင်ပေလိမ့်မည်။ လိုအပ်သော ပညာရပ်တစ်ခုကောင်းကို ဆုံးဖြတ်ပြီးနောက် ထိုပညာရပ်ကို ရနိူင်ရန် နည်းလမ်းကို စုံစမ်းရှာဖွေရမည်။ ပညာရှာမှီးသော နည်းလမ်းမှာ. . .

(၁)ကိုယ်တိုင်လက်တွေ့ ဆည်းပူးသောနည်း

(၂)ဗိုလ်စွဲသူတစ်ဦး၏ အကူအညီဖြင့် ဆည်းပူးသောနည်း

(၃)သိပ္ပံကျောင်းကြီးများ၌ ဆည်းပူးသောနည်း

(၄)သက်ဆိုင်ရာ စာအုပ်များမှ ဆည်းပူးသောနည်း

(၅)စာပေးစာယူအားဖြင့် အတတ်သင်ကျောင်းမှ ဆည်းပူးသောနည်း

လိုအပ်သောပညာရပ်ကို ဆည်းပူးပြီးသည့်နောက် မှန်းထားသော ရည်ရွယ်ချက်အတွက် ကွပ်စိပ်ရိုက်၍ စီစဉ်ပြီးလျှင် အသုံးချရမည့် အဖိုးတန်သော ရည်မှန်းချက်အတိုင်း ပြည့်စုံလေအောင် အသုံးချရန် မဖြစ်နိူင်ခဲ့လျှင် ထိုပညာသည် အဖိုးများစွာ မတန်လှချေ။ ထိုအကြောင်းကြောင့် ကောလိပ်ကျောင်းမှ အောင်လက်မှတ်ရသူများသည် အထွေထွေဗဟုသုတ အတော်အတန်ပြည့်စုံသူများဟူ၍သာ အသိအမှတ်ပြုခြင်းခံရ၍ ဝမ်းခါးဝရုံ, လှရုံလောက်ထက်ပို၍ များပြားသော လခ,မျိုးကို မရနိုင်ခြင်း ဖြစ်လေသည်။

ရည်မှန်းထားသော ကြီးပွားမှုအတွက် ပညာတစ်မျိုးမျိုးသည် အခါခပ်သိမ်း လိုတတ်မြဲဖြစ်ရာ၊ အထက်ပါ ဆည်းပူးနည်း တစ်နည်းနည်းကို အသုံးပြုထိုက်ပေသည်။ အချို့သောသူတို့က ကျောင်းမှထွက်လာလျှင် ပညာသင်ကြားဆည်းပူးခြင်းကိစ္စကုန်ပြီဟု မှတ်ထင်တတ်ကြပေရာ၊ မည်သည့်အလုပ်အကိုင်မျိုး၌ဖြစ်စေ အထွတ်အထိပ်သို့ရောက်ကြသောသူ ဟူသမျှတို့သည် လိုအပ်သော ပညာရပ်တစ်မျိုးမျိုး တစ်သက်ပတ်လုံးဆည်းပူး၍ အားမရနိူင်သူများဖြစ်ကြောင်း သတိပြုပါလေ။ စင်စစ်သော်ကား ကျောင်းများမှ သင်ပြပေးလိုက်သော ပညာသည် နောက်ဆက်လက်၍ လိုက်စားလေ့လာရန်အတွက် အခြေခံကလေးဖြစ်ရုံလောက်သာ ရှိချေ၏။

အတွက်အချက်ကလေးနှင့် စာရေးတတ်၊ ဖတ်တတ်ရုံမျှနှင့် အလုပ်ရနိုင်သောခေတ်သည် ကုန်လွန်ခဲ့လေပြီ။ အလုပ်ရပြန်လျှင်လည်း ဝမ်း၊ခါး၊မဝတဝ မလှတလှအလုပ်မျိုးလောက်သာရနိုင်၏။

ယခုခေတ်သည် တစ်ခုကောင်းပညာကို လုံလောက်စွာ တတ်သူများအဖို့ အလုပ်အကိုင်ပေါများသော ခေတ်ဖြစ်၏။ သာမန်ကျောင်းထွက်လက်မှတ်မျိုးနှင့် မလုံလောက်။ ကူးသန်းရောင်းဝယ်မှုပညာ၊ လျှပ်စစ်ဓာတ်ဖက်ဆိုင်ရာပညာ၊ စာရင်းကိုင်အတတ်ပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊သတင်းစာပညာစသော ပညာရပ်ကောင်း တတ်မြောက်သူတို့အတွက်လမ်းပွင့်လျက်ရှိ၏။ ကုမ္ပဏီတိုက်ကြီးများကလည်း ဒီဂရီအောင်လက်မှတ် သက်သက်ရရုံမျှနှင့် မကျေနပ်။ ကျောင်း၌နေစဉ်ပင် ပေါင်းသင်းဆက်ဆံရေးဖက်၊ စီမံအုပ်ချုပ်မှုဘက်တို့တွင် နာမည်တွင်ခဲ့သူများကို စာမေးပွဲတွင် အမှတ်အများဆုံးရသူများထက် ပိုမိုလိုလားလျက်ရှိကြလေပြီ။ ထို့ကြောင့် ရှေ့လာဘ်ကိုမြင်သော ကုမ္ပဏီကြီးများသည်စာမေးပွဲတွင်အမှတ်အများဆုံး ရသူများထက် အကျင့်စာရိတ္တအထူးကောင်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ကစားနည်းတို့၌ခေါင်းဆောင်နိူင်ခြင်း၊ သွက်လက်ချက်ချာခြင်း၊ ဥပဓိရုပ်ကောင်းခြင်းစသော အရည်အချင်းမျိုးကို ပိုမိုလိုလားကြလေသည်။

တိုင်းကြီးပြည်ကြီးများ၌မူကား၊ ကျောင်းမှထွက်ပြီးသော အလုပ်သမားလူကြီးများအတွက် ဆိုင်ရာဆိုင်ရာ ပညာရပ်တစ်ခုကို သင်ကြားနိုင်ရန်အတွက် ညကျောင်းများဖွင့်လှစ်ထားကြသည်ဖြစ်ရာ ကျွန်ုပ်တို့ တိုင်းပြည်မှာမူ ထိုသို့သော အခြေနေမျိုးသို့ မရောက်သေးသည်ဖြစ်၍ စာပေးစာယူနည်းဖြင့် သင်ပြသော ကျောင်းမျိုးကို အားထားကြရချေမည်။ ၎င်းကျောင်းမျိုးမှာလည်း ဆိုင်ရာပညာရပ်များတွင် အလွန်ကျွမ်းကျင်သောပုဂ္ဂိုလ်များ စီစဉ်ထားသည့် သင်ခန်းစာများ ဖြစ်သောကြောင့် ပညာဆည်းပူးသူတို့အတွက် အလွန်တစ်ရာကောင်းမွန် သင့်လျော်လှပေသည်။

စာပေးစာယူနည်းဖြင့် သင်ကြားသော ကျောင်းမျိုး၏ ကောင်းခြင်းတစ်ရပ်မှာ တစ်ခုသောပညာကို သင်ပါတော့မည်ဟု ဆုံးဖြတ်၍ စတင်သင်ကြားမိလျှင် ဆုံးအောင်သင်သည်ဖြစ်စေ၊ တစ်ဝက်တစ်ပျက်နှင့် ရပ်လိုသည်ဖြစ်စေ သဘောတူထားပြီးသော ကျောင်းလခကို ပြေလည်အောင်ပေးရခြင်း အားဖြင့် ထိုကျောင်းသားသည် အစအဆုံးပေါက်အောင် သင်ရလေတော့သည်။ဤအတွက် ထိုကျောင်းသားသည် အစပြုမိသောအလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်တတ်သော အလေ့အကျင့်တစ်ခုရရှိလေရာ ထိုအလေ့အကျင့်သည် ကြီးပွားရေးအတွက် တစ်သက်ပတ်လုံးကြီးစွာသော အထောက်အပံ့ဖြစ်လေတော့၏။ အခြားကောင်းမွန်သော အချက်တစ်ခုမှာ ထိုကျောင်းမျိုးမှ အောင်လက်မှတ်ရရှိထားသူတို့သည် ကုမ္ပဏီတိုက်ကြီးတို့၏ လေးစားယုံကြည်ခြင်းကို ခံရတတ်၍ အလုပ်အကိုင်လျှောက်ထားရာ၌လွယ်ကူတတ်လေသည်။ အကြောင်းမူကား အလုပ်တစ်ဖက်နှင့် စာပေးစာယူကျောင်းတွင် အောင်လက်မှတ်ရသည့်တိုင်အောင် အစအဆုံးသင်ကြားနိုင်သော ဇွဲသတ္တိရှိသည့် အလုပ်သမားတစ်ယောက်သည် လူညံ့တစ်ယောက်မဟုတ်ဟု ကုမ္ပဏီတိုက်မန်နေဂျာများက ရိပ်မိနားလည်ကြသောကြောင့်ပေတည်း။

လောကကြီးပွားမှု၌ ဖြေဆေးမရှိသည့် ချွတ်ယွင်းချက်တစ်ခုသည်ကား ကြီးပွားလိုသော စိတ်ဆန္ဒမရှိခြင်းပင်ဖြစ်ချေ၏။ လူတိုင်းပင်ကြီးပွားလိုသည်ဟု ပြောကြမည်ဖြစ်သော်လည်း တကယ်ကြီးပွားလိုသော ဆန္ဒပြင်းစွာရှိသူတို့ ရာခိုင်နှုန်းမှာ မများလှချေ။ အလုပ်တစ်ဘက်နှင့် ပညာရေးတစ်ခုကို အစမှအဆုံးတိုင်အောင်၊ လက်မှတ်ရသည့်တိုင်အောင် လေ့လာသင်ကြားနိူင်သည်အထိ ဇွဲသတ္တိရှိသူတစ်ယောက်မှာ ကြီးပွားလိုသော ဆန္ဒပြင်းပြစွာရှိသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်ဖြစ်၍ ထိုသူသည် မည်သည့်အလုပ်ကိုင်မျိုး၍၌ဖြစ်စေ အောက်ဆုံးထစ်တွင်ရပ်နေမည်မဟုတ်ဟု စိတ်ချလေလော့။ အထက်လူကြီးများသည် ထိုသူ၏ အရည်အချင်းကို တစ်နေ့တစ်နေ့တွင် သိမြင်ရမည်ဖြစ်၍ တိုးတက်ကြီးပွားရေးအတွက် အခွင့်အလမ်းဖွင့်ပေးတတ်ချေသည်။

လွန်ခဲ့သောစစ်ကြီးအတွင်း ပညာသင်ကြားခြင်း ပျက်ကွက်၍ အချိန်အရွယ် ကုန်လွန်သဖြင့် အလုပ်လုပ်ကိုင်ကြသော အလုပ်သမားများသည် စာပေးစာယူပညာသင် ကျောင်းများတွင် ပညာရပ်တစ်မျိုးမျိုးကို သင်ကြားကြရန် အထူးပင်သင့်လျော်သဖြင့် ထောက်ခံလိုက်ရပေသည်။ ထို့ပြင် ယခုခေတ်ကြီးသည်ခေတ်သစ်ကြီးဖြစ်၍ ယခင်ခေတ်ကကြီးပွားထွန်းကားလာခဲ့ဖူးသော အလုပ်အကိုင်မျိုးသည် ယခုခေတ်တွင်မထွန်းကားရှိနေတတ်သည်ဖြစ်ရကား . . . ထိုသို့သော သူတို့အတွက် အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရန်မှာလည်း အဆိုပါ ကျောင်းမျိုးသည် ကြီးစွာသော အထောက်အပံ့ ဖြစ်နိုင်ပေ၏။ အတတ်ပညာကို အဖိုးပေး၍ ဝယ်ယူလျှင် အဖိုးအကြီးကြီးနှင့် တစ်ဆင့်ရောင်းစားနိုင်၏။

ဆရာကြီးရွှေဥဒေါင်း အကြံဉာဏ်ဖြင့်ကြီးပွားရေး စာအုပ်မှကူးယူဖော်ပြပါသည်။