ရသ

ပညာတတ်လား ပညာရှိလား

By Lei Lei Win Thant

February 08, 2022

ပညာတတ်လား ပညာရှိလား – သမီးရေ ဒီတစ်ခါတော့ သမီးကို ပညာတတ်နဲ့ ပညာရှိအကြောင်း ပြောပြချင်ပါတယ်။ ပတ်ဝန်းကျင်မှာ သမီး ကြားဖူးမှာပေါ့။ ပညာတတ်ဖြစ်ရက်နဲ့ တော်တော်မိုက်မဲတာပဲ ဆိုတဲ့ စကားမျိုး၊ ပညာတတ်ဖြစ်ပြီး ရိုင်းလိုက်တာ၊ အဆင့်မရှိလိုက်တာ ဆိုတဲ့ စကားမျိုး။ အဆင့်မြင့်တဲ့ ပညာတွေ သင်ကြားတတ်မြောက်ထားပြီး သူတစ်ပါးကို အဆင့်နိမ့်နိမ့် ပုတ်ခတ်တိုက်ခိုက်နေတဲ့ သူမျိုးတွေလည်း အများသားကိုး သမီးရဲ့။

တကယ်တော့ လောကကြီးမှာ ပညာတတ်ဖြစ်ဖို့ဆိုတာ ခက်သင့်သလောက်ခက်ပေမဲ့ အများကြီးတော့မခက်ဘူး သမီးရဲ့။ ကိုယ်သင်ယူရတဲ့ သင်ခန်းစာဘာသာရပ်တွေကို ကြိုးစားသင်ယူသွားရင် ပညာတတ် ဖြစ်နိုင်တာပဲ။ ပညာရှိဖြစ်ဖို့ကတော့ ပညာတတ်ဖြစ်ဖို့ထက် ပိုပြီးခက်တယ် သမီး။ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာ သိမြင်နိုင်တာဟာ ပညာရှိပဲ။

ကိုယ်သင်ယူရတဲ့ ဘာသာရပ်ဆိုင်ရာမှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ပြီး ပါရဂူဘွဲ့ ကြီးတွေ ရထားတိုင်းလည်း ပညာရှိမဖြစ်ဘူး။ အဲ့ဒီလူဟာ အမှားအမှန် အကောင်းအဆိုးကို သေချာ ဝေဖန်ပိုင်းခြားနိုင်ပြီး စိတ်သဘောထား တည်ကြည်ဖြောင့်မတ်သူဖြစ်မှ ပညာရှိလို့ ခေါ်လိုက်တယ်။ ပညာတတ်တစ်ယောက်ဟာ ပညာရှိလည်း ဖြစ်တယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပေါ့ သမီးရယ်။

ပညာတတ် ပညာရှိတွေ များလာလေ မေမေတို့ တိုင်းပြည်အတွက် ခွန်အားရှိလေပဲ။ ပညာတတ်ပြီး ပညာမရှိတဲ့သူတွေ များလာရင်တော့ တိုင်းပြည်အတွက် နည်းနည်း အန္တရာယ်ရှိတယ်။ ပညာတတ်ဆိုတော့ ပေါက် ရောက်ဝင်ဆံ့ ကျယ်ပြန့်နိုင်တဲ့ အစွမ်းရှိတယ်လေ။ အဲဒီလို အစွမ်းရှိသူဟာ ပညာရှိမဟုတ်ခဲ့ရင်၊ အမှားအမှန် အကောင်းအဆိုးကို မှန်ကန်စွာ မသိတဲ့သူဖြစ်ရင်၊ စိတ်ဓာတ်မကောင်းခဲ့ရင်၊ တိုင်းပြည်အတွက် အကျိုးရှိသင့်သလောက် မရှိနိုင်ဘူးလေ။

ဥပမာဆိုပါတော့ သမီးရယ်၊ အရောင်တလက်လက် တောက်ပနေတဲ့ ကျောက်သံပတ္တမြားတွေဆိုတာ ဆွဲဆောင်မှုရှိတယ်၊ လူတွေက မက်မောအထင်ကြီးကြတယ်၊ မက်မောအထင်ကြီးပြီး ကျောက်သံပတ္တမြားတွေကို လိုလိုလားလား ထိကိုင်ကြည့်တော့မှ အထဲက အဆိပ်ရှိတဲ့ မြွေ ထွက်လာတာကို ကြုံရတာမျိုးပေါ့။ ပညာတတ်ပြီး ပညာမရှိတဲ့သူဆိုတာ မြွေအောင်းနေတဲ့ ကျောက်သံပတ္တမြားပုံကြီးနဲ့ တူတယ် သမီး။ အဖိုးထိုက်တန်တယ်၊ တောက်ပတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ဒါပေမဲ့ ဘေးလည်းသင့်စေတယ်။

ဒါ့ကြောင့် သမီးကို မေမေ မှာချင်တာက သမီး ပညာတတ် ကြီးဖြစ်အောင် ကြိုးစားသင်ယူပါ။ တစ်ပြိုင်နက်တည်းမှာပဲ ပညာရှိဖြစ်အောင်လည်း ကြိုးစားပါ။ ပညာတတ်ပြီး ပညာမရှိတဲ့သူတော့ မဖြစ်ပါစေနဲ့ သမီး။

စာရေးဆရာမ ပုညခင် ရေးသားထားသော မိန်းကလေးများသို့ မေတ္တာစကား စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline