ဘဝနေနည်း

နှလုံးထိခိုက်စေနိုင်မည့် မကောင်းသော အမူအကျင့် ၁၀ မျိုး

By Hnin Oo Wai

July 22, 2020

နှလုံးထိခိုက်စေနိုင်မည့် မကောင်းသော အမူအကျင့် ၁၀ မျိုး

ကျွန်မတို့ရဲ့ နှလုံးဟာ ခန္ဓာကိုယ်အတွင်း အလုပ်လုပ်ရဆုံးနဲ့ အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်ပါတယ်။ ကျန်းမာပြီး အသက်ရှည်ဖို့ရာအတွက် ဟားဗတ်ဆေးတက္ကသိုလ်မှ (၁) ဆေးလိပ်ဖြတ်ပါ၊ တစ်ဆင့်ခံဆေးလိပ်ရှူခြင်းကို ရှောင်ပါ။ (၂) နေ့စဉ် အနည်းဆုံး နာရီဝက်ခန့် လှုပ်လှုပ်ရှားရှားနေပါ၊ (၃) မိမိခန္ဓာကိုယ်နဲ့ ညီညွှတ်တဲ့ စံအလေးချိန်အတွင်းရှိအောင် နေပါ၊ (၄) ပြုပြင်ထားတဲ့ အရန်သင့်အစားအစာတွေ ရှောင်ရှားပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခုလုံးကို များများစားပါ၊ (၅) အရက်ကို အသင့်အတင့်သာ သောက်ပါစတဲ့ နည်းလမ်းငါးခုကို ဖော်ထုတ်ပေးထားပေမယ့် နှလုံးကျန်းမာရေးအတွက် အဲဒီနည်းလမ်းတွေအပြင် ရှောင်ကြဉ်ဖို့ လိုအပ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) သွားတိုက်ခြင်း၊ သွားကြားထိုးခြင်းကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားခြင်းသွားတိုက်တာ၊ သွားကြားထိုးတာကို ပုံမှန်ပြုလုပ်တာက သွားဖြူဖို့ သက်သက် မဟုတ်ပါဘူး။ သွားထဲမှာ ကျန်နေရစ်တဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားလိုက်တာပါ။ သွားကို ဂရုမစိုက်တဲ့အတွက် သွားဖုံးရောဂါဖြစ်နေကြသူတွေ အများကြီးပါ။ သွားဖုံးရောဂါနဲ့ နှလုံးရောဂါဆက်စပ်မှု ရှိတယ်ဆိုတာကို သုတေသနပြုလုပ်သူတွေက အခိုင်အမာ ဖော်ထုတ်ထားပါတယ်။

၂) အိပ်ချိန်မမှန်ခြင်းအိပ်ချိန်နည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အိပ်ရေးမဝတာ ဒါမှမဟုတ် အအိပ်များလွန်းတာကြောင့် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုမှာ အနှောင့်အယှက်ဖြစ်တတ်တယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဟော်မုန်းညီညွတ်မျှတမှု မရှိရင် နှလုံးရောဂါ၊ နှလုံးတိုက်ခိုက်ခံရတာ၊ အဝလွန်တာနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေက ဖြစ်ပေါ်နိုင်ပါတယ်။

၃) ဆရာဝန်နဲ့ မပြခြင်းဆရာဝန်နဲ့ ပြရမှာ စိုးရိမ်စိတ်များနေတာ၊ ဝန်လေးနေတာကြောင့် တော်ရုံတန်ရုံ ရောဂါလောက်နဲ့ မပြသတဲ့သူတွေရှိကြပါတယ်။ တစ်ခါတစ်လေမှာ ဝေဒနာအသေးအမွှားလေးတွေကို လျစ်လျူရှုထားတာကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။

၄) ဒေါသကြီးလွန်းခြင်းအိပ်တာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအတွက် အရေးကြီးသလို စိတ်ဖိစီးမှုများတာနဲ့ ဒေသကြီးတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ထဲမှာ ထိန်းချုပ်ထားရတာများပြီး ရုတ်တရက် ဒေါသပေါက်ကွဲတတ်သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

၅) လေထုညစ်ညမ်းမှုနှင့် နေ့စဉ်ထိတွေ့နေရခြင်းနေ့စဉ် ရုံးအသွားအပြန်မှာ ကား၊ စက်ရုံတွေကနေ ထွက်ရှိလာတဲ့ လေထုညစ်ညမ်းမှုတွေနဲ့ ထိတွေ့မှုများတာဟာ နှလုံးအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီညစ်ညမ်းနေတဲ့လေကို ရှူမိရာမှ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်လာပြီး နှလုံးသွေးကြော ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။

၆) အကောင်းမမြင်တတ်ခြင်းအကောင်းမြင်တတ်သူတွေက နှလုံးကျန်းမာပြီး နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါတယ်။ ရေခွက်တစ်ဝက်ရှိနေတယ်လို့ မြင်တာက ရေခွက်ထဲမှာ တစ်ဝက်ကုန်သွားပြီလို့ မြင်တတ်တာထက် ပိုကျန်းမာပြီး အသက်ရှည်နိုင်ပါတယ်။

၇) စတီးရွိုက်ဆေးဝါး အသုံးပြုခြင်းစတီးရွိုက်ဆေးဝါးကို ရေရှည်အသုံးပြုသူတွေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝလုပ်ငန်းစဉ်တွေနဲ့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ စတီးရွိုက်တွေက ကြွက်သားတွေကို သန်မာစေနိုင်ပေမယ့် နှလုံးအတွက်မှာမူ အားနည်းမှု ဖြစ်စေနိုင်ပါတယ်။

၈) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရခြင်းဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတုပစ္စည်း ၇၀၀၀ကျော်ထဲမှ ရာပေါင်းများစွာဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သလို ဆေးလိပ်သောက်သူနဲ့လည်း တစ်ခန်းတည်း မနေပါနဲ့။

၉) ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးမကောင်းခြင်းကိုယ်ဝန်ဆောင်စဉ်မှာ အတက်ရောဂါရသူ ဒါမှမဟုတ် သတိမေ့မြောသွားတတ်သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာအားလုံး ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။

၁၀) Autoimmune ရောဂါရှိခြင်းတချို့ Autoimmune ရောဂါတွေက နှလုံးရောဂါရရှိစေနိုင်ပါတယ်။ Autoimmune ရောဂါနဲ့ နှလုံးရောဂါဆက်စပ်မှုကို သုတေသီတွေက ရှာဖွေဆဲ ဖြစ်ပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်လို့ ထင်မှတ်နေကြပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။