ဘဝနေနည်း

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၂)

By Hnin Oo Wai

January 15, 2021

နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း အပိုင်း (၂) – “ဆက်ပြီး မနှောင့်ယှက်နဲ့နော်၊ လူကို ဘာအောက်မေ့နေသလဲ၊ နှမချင်း မစာနာတဲ့ သူတွေ”

ရတနာပုံ ရုပ်ရှင်ရုံရှေ့ရှိ ကားမှတ်တိုင်သို့ မွန် ရောက်တော့ ည ၈ နာရီခွဲ လုပြီ။ မိုးတဖွဲဖွဲအောက်မှာ ကားစောင့်ရင်း စိတ်မောနေမိသည်။ လာသမျှ ကားတွေကလည်း တွယ်စီး၍ပင် မရ။ အမျိုးသားတွေပင် မလိုက်နိုင်သည့်နောက် မွန့်အဖို့ မှတ်တိုင်မှာ ရပ်နေရရုံမျှ ရှိမည်။ သည်အချိန်မှာ အဖော်မပါ တစ်ယောက်တည်း ရပ်နေသော မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်ရန် အခွင့်ကောင်းကြီး ဖြစ်၍ နေသည်လေ။ ခပ်ထန်ထန် အော်လိုက်တော့မှ နောက်သို့ ဆုတ်သွားကြသည်။ ဘေးနားမှ လူအချို့က စူးစမ်းသလို ကြည့်လာကြပြီး လိုအပ်လျှင် အကူအညီ ပေးကြမည့်ပုံ ရှိသည်မို့သာ။ တစ်ခါတစ်ရံမှာ ကြုံတွေ့ရသော သည်ဖြစ်ရပ်မျိုးတွေက မွန့်အတွက် အဆန်း မဟုတ်တော့ပေ။ လျှောက်ရမည့်လမ်းမှာ တစ်ယောက်တည်း လျှောက်ပြီး ကြိုးစား ရပ်တည်ခဲ့သည်မှာလည်း ကြာခဲ့ပြီပဲ။

‘ဇော်’ တိရစ္ဆာန်ဆေးကုခန်းတွင် ‘ဒေါက်တာမွန်မွန်ဇော်၊ ဘီဗီအက်စ်’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားခဲ့သည်မှာ တစ်နှစ်ပင် ပြည့်တော့မည်။ သည်ဆေးခန်းမှာ စထိုင်မည် ဆိုတော့ အိမ်နှင့် အချေအတင် ဖြစ်ရသည်။ ဝေးသည်၊ ပင်ပန်းမည်၊ ညဘက် အပြန်မှာ အိမ်ကလည်း လိုက်မစောင့်ရှောက်နိုင်ဟု ဆိုကြသည်။ “မွန်တို့ ကွင်းဆင်းတုန်းကဆို ဒီထက်မက အဝေးကြီးတောင် သွားရတာ၊ ခုဟာက အတန်းကြီးက အစ်ကို၊ အစ်မတွေ အစဉ်အဆက် ထိုင်သွားတဲ့ ဆေးခန်းမို့ လုပ်ချင်တာပါ” မွန် ဆင်ခြေတက်မိတော့ ဖေဖေနှင့် မေမေက ဘာမှ ထပ်မပြော။ “မေမေ့သမီးတော့ သူ ရှာလို့ ရတဲ့ ပိုက်ဆံ သူ့လမ်းစရိတ်၊ သူ့မုန့်ဖိုးနဲ့ သူ့ကို ဆေးပြန်ကုရတာနဲ့ ကုန်မှာပဲ၊ အဲ့ဒီလမ်းက ရေစက်မှတ်တိုင် လွန်ရင် ကျောက်ခဲ စားသွားတာတောင် အစာကြေတယ် ဆိုတဲ့ လမ်းမျိုး၊ ကြာကြာ လုပ်နိုင်မှာ မဟုတ်ပါဘူး မေမေရာ” မကြီးက မကြားတကြား ပြန်ပြော၍ မွန် စိတ်တိုရသည်။ “သင်ထားတဲ့ ပညာနဲ့ပဲ အသုံးချမှာနော်” ဟု ကြိုတင် ကြေညာထားသည်မို့ အပြင်းအထန် မတားကြသည့်တိုင် ‘အစမို့သာ တက်ကြွနေတာပါ၊ နောက်တော့လည်း စိတ်ပျက်လာမှာပေါ့’ ဟု ကြိုတင် တွက်ဆလျက် စိတ်အေးနေကြပုံ ပေါ်လေသည်။

သည်လိုနှင့်ပင် မွန်တစ်ယောက် မနက်ပိုင်းမှာ ဘီဗီအက်စ်(စားဖိုမှူး)ဘဝ၊ နေ့ခင်းပိုင်းမှာ ဘီဗီအက်စ်(ဆရာဝန်)ဘဝ ရောက်လျက် ပုံမှန် သံသရာမှာ စတင် လည်ပတ်ခဲ့ရပေသည်။ နေ့လယ် ၂ နာရီ ထိုးသည်နှင့် အိမ်က ထွက်၊ လမ်းထိပ် မှတ်တိုင်ကို ခုနှစ်မိနစ်လောက် လျှောက်၊ (၄၈) ကားပေါ် တက်၊ မြေနီကုန်းမှာ ဆင်း၊ ရွှေမန်းရုံရှေ့မှာ (၄၂) ကားပေါ် တက်၊ ပုသိမ်ညွန့် ၆ လမ်းမှာ ဆင်း၊ (၃၈) ကားပေါ် တက်၊ ကားလေးဂိတ်ဆုံးမှာ ဆင်းပြီး ဗိုလ်တေဇလမ်းအတိုင်း လျှောက်မှ ဆေးခန်းကို ရောက်သည်။ ဆေးခန်းဖွင့်ချိန် ညနေ ၃ နာရီမှာ ရောက်ဖို့ အိမ်က တစ်နာရီ ကြိုထွက်ရသည်။ ဆေးခန်း ထိုင်ခါစက အတွေ့အကြုံတွေကို မွန် ကောင်းစွာ မှတ်မိနေသေးသည်။

ကြည်ဇင်နှင်း ရေးသားထားသော နှင်းဆီရိုင်းတောကို ဖြတ်ကျော်ခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ