တောသားဖြစ်ရတာလောက် အောက်ကျသည်မှာ ကမ္ဘာမှာ ရှိမည်မထင်။ တောသားလည်း ဆိုသေး၊ လယ်သမားလည်း ဖြစ်ပြန်ဆိုတော့ သားဆိုးရော့မပ။ တောသားလယ်သမားအဖြစ်နှင့် ဗမာပြည်မှာ လူဖြစ်ရသည်ကား ဆိုးသည်ထက် ညစ်လေသောကြောင့် လူ့ဘဝ ဆုံးသည်နှင့်ပင် တူချေ၏တကား။
ဗမာပြည်၌ ဗမာမြို့သား ဆယ့်ငါးဦးလောက်ကို တောသား ရှစ်ဆယ့်ငါးယောက်က ခြံရံနေသည်။ ငါတို့၏တောသား ရှစ်ဆယ့်ငါးယောက်အနက် ၇၀ ကျော်လောက်မှာ လယ်သမားချည်းနှင်နှင် ဖြစ်သည်။ ဤသည်တို့မှာ ၁၉၄၁ ခု၊ သန်းခေါင်စာရင်းအရ မှတ်မိသမျှပြောရခြင်း ဖြစ်သည်။ သည်ဂဏန်းတွေကို အတည်မပြုနိုင်စေဟု ဆိုစေကာမူ ဗမာပြည်၌ လယ်သမား တောသား လူဦးရေက မြို့သား လူဦးရေထက် ခြောက်ဆလောက်တော့ ပိုမည်။
ထို့ကြောင့် ဘဝဆုံးသည်နှင့်တူသော လူဦးရေအရေအတွက်မှာ လူ့ဘောင်တွင် နေသားထိုင်သားကျ၍ ပျော်မွေ့နေသော လူဦးရေထက် ခြောက်ဆလောက် ပိုနေသည်။
တောသား ငဘကို ကြည့်ပါ။ သူသည် ဆေးခန်းထဲတွင် ရှိသော လူနာတင် စားပွဲကလေးပေါ်တွင် ဖားပြုတ်ကြီး ခါးဘောင်စင်းနေသလို မှောက်ခုံကြီးကား၍ နေပါသည်။ သူ့အနာချုပ်မည်ဆို၍ ဤသို့ ဝဋ္ဋ်ခံနေရသည်မှာ ထမင်းအိုး နှစ်လုံးချက်လောက် ရှိပြီ။ ဆရာဝန်ဆိုသူမှာ ပေါ်မလာသေးပါ။ ကာလပျက်ပြီး အစိုးရ မရှိတော့၊ လခလည်း မရလို့ မလုပ်နိုင်ဘူးဟု ညည်းတွားနေသော ဆရာဝန်မှာ အိမ်ပြန်ထမင်းစားနေသည်ဟု ဆိုသည်။ ဆရာဝန်မလာမီ ရှေ့တော်ပြေး ဒရက်ဆာ ကုလားကလည်း ငဘကျောပြင်က ဟက်တက်ပြဲကြီးကို ပေကြိုးနှင့် အလျားလိုက် တိုင်းလိုက်၊ သံအပ်တုံးနှင့် နှိုက်၍ ကလော်လိုက်နှင့် အမျိုးမျိုး ကလိနေသည်။ အနာက နှစ်ပေ နှစ်လက်မ လေးပုံသုံးပုံရှည်၍ အနက်မှာ တစ်လက်မ ရှစ်ပုံပုံ ငါးပုံလောက်ရှိမည်ဟု ဆိုသည်။ မေ့ဆေးမလောက်၍ အစိမ်းလိုက် ချုပ်မည်ဟု ပြောသံကြားသည်။ သည်လို ချုပ်ပေမယ့် ကိစ္စမရှိပါ။ အပ်က အင်္ဂလိပ်အပြေးမှာ သံချေးတက်နေ၍ နည်းနည်းတော့နာမည်။ အောင့်ခံလိုက်လျှင် ဘာမျှအရေးကြီးသည် မဟုတ်ပါ။ မသကာ အနာရှိန်ကြောင့် အပူဒီဂရီ ၁၀၄ လောက်သာ တက်ပြီး သုံးရက်လောက်သာ ဖျားမည်ဖြစ်ပါသည်။ သည်အခါမှာ အေ၊ တီအက်(စ်)ဆေး ယူနစ်ပေါင်း ခြောက်ထောင်လောက်ကို လေးကြိမ်ခွဲပြီး အင်ဂျက်ရှင်းထိုးလိုက်လျှင် အဖျားလည်းပျောက် အနာလည်း မြန်မြန်ကျက်မည်။
ဆေးဖိုးတော့ များများကျမည်မဟုတ်ပါ။ အင်္ဂလိပ်အပြေးမှာ ဆေးရုံကဆေးများ သူတို့အဖေနှင့်အတူ ပါသွားကြသောကြောင့် ဆေးရှားပါးသည်။ တစ်လုံးအစိတ်လောက် လေးလုံး ငွေတစ်ရာကုန်လျှင် ….
အနာရှိန်ကြောင့်လား ငွေတစ်ရာကြောင့်လား ဘာကြောင့်လည်း မပြောတတ်။ ငဘ မျက်ဖြူလန်သွားသည်။
ငဘကို ဆေးရုံဇာတ်သွင်းနေရာမှ မျက်ဖြူဆိုက်သွားသည်ကို မြင်ရသော ဒရက်ဆာမှ စိတ်ပျက်သွားပုံရသည်။ “လိုက်ကွာအမ္မိုင်နီယာ” ကို ပုလင်းလိုက်ယူပြီး အဖုံးကို အကုန်ဖွင့်၍ ငဘ၏နှာဝကို တေ့လိုက်သည်။ နှာဝထဲသို့ သံချွန်နှင့် ထိုးလိုက်ပြီး နှာခေါင်းကို ခေါင်းအုံးကြီးကြီးနှင့် ဆို့ထားသည်ဟု ငဘ ထင်မှတ်လိုက်သည်။ ပါးစပ်မှ ခွီးခွီးနှင့်မြည်စဉ် မျက်ရည်များ ကျလာသည်ကို သိမ်းရင်း “အရာရယ် ကျုပ်တို့တောသားပေမယ့် ကျေးဇူး မမေ့ပါဘူး။ ကျုပ်တို့အိမ်မှာလေ တမံထဲကရတဲ့ ငါးတွေ ငါးခြောက်လှန်းထားသော ငါးပိဿာလောက် ရှိပါတယ်” အရာကြီး ကြိုက်မလားလို့ ငဘက ပြောမိသည်။
ဒရက်ဆာက မကြားချင်ယောင်ဆောင်ပြီး ဆေးပုလင်းကို ပြန်ထားရန် အခန်းပြင်သို့ ထွက်သွားသည်။
အခန်းပြင်တွင် ဆရာဝန်ရောက်နေဟန် တူသည်။ အသံနှစ်သံ တိုးတိုးတွတ်တွတ်နှင့် ကြားရသည်။
တော်တော်ကြာသော် ဆရာဝန်ဆိုသူ ရောက်လာသည်။ ငဘက အင်္ဂလိပ်ဆေးဆရာဝန်ဆိုသည်မှာ ကုလားဒိန်နှင့် တူသကိုးဟု မှတ်ထားသည်။ ထိုဆရာဝန်က “ဆေးလဲမရှိဘူး ခက်တာပဲ၊ နဲနဲတော့ အောင့်ခံနော်” ဟု အားပေးစကား ပြောသည်။ ပြီးလျှင် အနာကိုစ၍ ကိုင်သည်။
“ဘာလုပ်စားသလဲ” ဟု ဆရာဝန်က မေး၏။“အမလေး အမေရဲ့၊ မိဖော့ရဲ့၊ ကျွတ်ကျွတ်လယ်လုပ်စားပါတယ်ခင်ဗျာ” ဟု ငဘက ဖြေ၏။“ဘယ်နှစ်ဧကလဲ”“အခွက် နှစ်ဆယ်လောက်ပါပဲခင်ဗျာ့၊ အမလေးဗျ”“ဆေးရုံရောက်ဖူးသလား”“ဆိတ်ကြီးကုန်းကလွဲပြီး ဘယ်မှမရောက် အမလေး…လေး…ဟီး”“ခင်ဗျားက အသန်သားပဲ၊ အားလဲ ကောင်းတယ်၊ ကဲ-ဟေ့ ချွတ်ကရား၊ အပ်နဲ့မြင်းမြီးကို စတာရိုင်လိုက်(ဇ်) လုပ်ပြီးရင် ယူခဲ့”
ဂလုံဂလင်၊ ချွန်ချင်နဲ့ ဇွန်းသံလိုလို၊ ပန်းကန်သံလိုလို ငဘကြား၏။ မနာအောင် ဘုရားအာရုံပြုစဉ် ထိုအသံတို့ကို ကြားရ၍ ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရား၌ မိဖော့နှင့် ငဘ သစ္စာထားစဉ် ဆည်းလည်းသံများက ဆိုင်းဆင့်ပေးနေသကဲ့သို့ ရှိ၏။ အာရုံပြုကောင်းတုန်းမှာ အနာပေါ် ပုဆိန်ကျလေရာ ငဘ အားကုန်ဟစ်၏။ နဖူးက ချွေးဒီးဒီးကျ၏။ တစ်ချက်တစ်ချက် မေ့သွား၏။
ဤသို့ ဆွေးနွေးရင်းနှင့် တစ်နေကုန်သည်။ အစားအစာလည်းမစားရ။ ငကက်သည် ဈေးက ထမင်းဟင်း ဝယ်ပို့ရသည်။ ငဘအဖို့ ဆေးရုံက အစာပို့တန်ကောင်းသည်ဟုလည်း မတွေးမိ။ ကရင်-ဗမာ အဓိကရုဏ်းကြောင့် ရောက်လာကြသော ဒဏ်ရာရသူတို့ကို ဆေးရုံက ချက်ကျွေးသည်တွေ့မှ ငွေကုန်သက်သာရန် ဆေးရုံမှ အစာတောင်းသည်။ အစိုးရ အတည်တကျမဖြစ်သေး၍ ငွေမရှိဆိုသောကြောင့် ဆေးရုံမှ အစာမျှော်မိသည့်နေ့က တစ်နေ့လုံး ထမင်းငတ်သည်။
ဤသို့ ယောင်တောင်တောင် အူတူတူနှင့်ပင် လေးငါးရက်လောက် ဆေးရုံတက်လိုက်သောအခါ ငဘအနာမှာ တော်တော်ကြီးကျက်သွားသည်။ ဆေးရုံက ဆေးကောင်း၊ အပြုအစုကောင်းလို့ပဲလား၊ တောသားတို့သဘာဝ ကျန်းမာခြင်း လာဘ်လာဘကြောင့် အနာပိုးတို့ကို ခံနိုင်ရည်ရှိ၍ပဲလား မပြောတတ်။ ဆရာဝန်က ဆင်းနိုင်ပြီပြောသဖြင့် ဟော်ရီးကို ထားခဲ့ပြီး ဆေးရုံကဆင်းသည်။ ဟော်ရီး ဒဏ်ရာမှာ အရက် ၂၀ ကျော် တစ်လလောက်ကြာမည်ဖြစ်၍ ငဘက လယ်ကွင်းထဲပြန်မည်၊ ဟော်ရီးကို နောက်မှ လူလွှတ်ခေါ်မည်ဟုဆိုကာ ဟော်ရီးအား နှစ်သိမ့်အားပေးခဲ့သည်။
ဆေးရုံကအဆင်း လှေဆိပ်မရောက်မီ ‘နစ်ပွန်စစ်ဗိုလ်ကြီး၏ တရားပွဲသို့ နက်ဖြန် နေ့လည် ၂ နာရီအချိန် တစ်အိမ်တစ်ယောက် လာရောက်ကြားနာရမည်။ နစ်ပွန်စစ်ဗိုလ်ကြီး အမိန့်။ ပျက်ကွက်လျှင် ကြီးလေးသောအပြစ်ပေးမည်’ ဟူ၍ မောင်းခတ်သံကြားရသည်။ ဒါဖြင့် ကနေ့ ပုလိပ်ထံ သတင်းပေး၊ နက်ဖြန် တရားနာ၊ သန်ဘက်ခါ ကွင်းသို့ ပြန်မည်ဟု ငဘက အစီအစဉ်ကို စိတ်ထဲမှာ ကြိတ်ပြီး ရေးဆွဲသည်။
ထိုအချိန်အခါကကား ဘီ၊ အိုင်၊ အေ ဗမာ့လွတ်လပ်ရေး တပ်မတော်သားတို့က ရပ်ရွာငြိမ်သက်ရေးအတွက် လူဆိုးဓားပြတို့ကို နယ်ဆင်း၍ နှိမ်နင်းပြီးခါစ ပီ၊ ပီ၊ စ (ခေါ်) မြို့ရွာငြိမ်းချမ်းရေး ကော်မတီများ ဖွဲ့ပြီးခါစ၊ နစ်ပွန်တို့ကလည်း နယ်ဆင်း၍ ဝါဒဖြန့်ခါစအချိန် ဖြစ်သည်။ ထိုအချိန်အခါတွင် ကာကွယ်ရေးဌာနဟု ဌာနတစ်ခုဖွင့်ကာ ခိုးသား ဓားပြမှုများကို အရပ်သားတို့က တတ်နိုင်သမျှ မှတ်သမျှနှင့် အရေးယူနေစဉ် ဖြစ်သည်။