တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် စစ်ရေးစစ်ရာ၌ သူမတူအောင် ထင်ရှား ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။ မင်းသွေးမင်းမျိုးဖြစ်သော ငယ်ရွယ်သူ နတ်ရှင်နောင် မှာလည်း ရှေးအစဉ်တိုင်း စစ်ရေးစစ်မြှူကို စိတ်အားထက်သန်ခဲ့သည်။ ခမည်းတော် တောင်ငူ ရွှေနန်းတည်မင်း မင်းရဲသီဟသူ ကိုယ်တိုင်လည်း သားတော်ကို မြှောက်စားခဲ့သည်။ ငယ်စဉ်ကပင် စစ်ရေးလေ့ကျင့်ကွင်းတွင် အချိန်ကုန်လွန်စေခဲ့သဖြင့် စစ်ချီ၊ စစ်တက်၊ စစ်ခံတို့ကို နတ်ရှင်နောင် အဖို့ အမြင်မစိမ်းခဲ့ပေ။ (၇ ) နှစ်သား အရွယ်မှာပင် ဓားခုတ်၊ လှံထိုး၊ မြင်းစီးတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေလင့်ပြီဖြစ်သည်။
နတ်ရှင်နောင်၏ ဝါသနာတွင် စစ်ရေးဘက်တွင် အတိုက်အခိုက်၌ ပျော်ပိုက်ခဲ့သကဲ့သို့ အနုပညာဘက်တွင်လည်း တစ်ဖက်တစ်လမ်း ခုံမင်စိတ် ရှိပြန်သည်။စောင်းတီးခြင်းနှင့် ကဗျာလင်္ကာဖွဲ့ဆိုမူတို့တွင် ဝါသနာထုံ၍ ကျွမ်းကျင်လိမ္မာ ပါးနပ်လှသည်။ နတ်ရှင်နောင်၏ အနုပညာဈာန် ကွန့်မြူးမူကို အငြိမ်းစား ပါမောက္ခ ဦးချမ်းမြက အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။
မြန်မာရာဇဝင်တွင် အထွတ်အမြတ်သို့ ရောက်တော်မူကြသော မင်းအပေါင်းတို့အနက် နတ်ရှင်နောင်သည် ကဗျာလင်္ကာဖွဲ့ဆိုမူတို့၌ ကျွမ်းကျင်လိမ္မာသော ဘုရင့်စာဆိုတစ်ဦးဖြစ်သည်။ ထိုမင်း၏ ကဗျာများသည် များစွာနူးညံ့သိမ်မွေ့နက်နဲ၍ ဩဇာဂုဏ်လည်း မြောက်လှပေသည်။ ကဗျာသီကုံးဖွဲ့နွဲ့မူတွင် သိမ်မွေ့နက်နဲသော ညဏ်ဖြင့် ဆန်းပြားစွာ ဖွဲ့တည်တတ်သည်နှင့်အမျှ အရာရာ၌ပင် လွန်စွာဆန်းပြားတတ်သော ညဏ်ပရိယာယ်ကို သုံးစွဲလွန်းလှသည်။နတ်ရှင်နောင်၏ နန်းတွင်း၌လည်း သူနှင့်ခေတ်အပြိုင် စာဆို အကျော်အမော်များအဖြစ် မင်းဇေယျယန္တမိတ်၊ လှော်ကားသုံးထောင်မှူး၊ ရှင်သံကိုယ်၊ ရာဇဓာတုကလျာ၊ ရဝေရှင်ထွေး စသည်တို့ ရှိလေသည်။
ယင်းကြောင့် နတ်ရှင်နောင်အဖို့ အနုပညာစွမ်းပကားတွင် အရည်အသွေး မနိမ့်ပါးစေရန် အမြဲတမ်း လေ့လာလိုက်စားမည်မှာ ယုံမှားဖွယ် မရှိပေ။ ကြမ်းတမ်းလှသော စစ်ချီ၊ စစ်တပ်၊ဓားရေး၊ လှံရေး၊ မြင်းတက် ၊ ဆင်စီးတို့ကို ကျွမ်းကျင်သကဲ့သို့ နုနယ်လှသော စေါင်းညှင်း၊ ပတ်သာ၊ ကဗျာ ၊ ရတု သီကုံးမူအစုစုတွင်လည်း ထိပ်ဆုံးတိုင်ရောက်အောင် ခရီးဆန့်နိုင်သူဖြစ်သည်။ ငယ်ရွယ်သော ကာလဖြစ်သဖြင့် တက်ကြွနိုးကြားစိတ်တို့မှာ နတ်ရှင်နောင်တွင် အပြည့်အသိပ် ရှိနေခြိမ့်မည် ဖြစ်သည်။
စစ်ရေးတွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ကို အားကျဘိသကဲ့သို့ ကဗျာလင်္ကာဘက်တွင်လည်း ရှင်မဟာရဌသာရနှင့် ပြည်နဝဒေးကြီးတို့ကို အားကျအတုယူခဲ့သည်။ နတ်ရှင်နောင်၏ ရတုများကို လေ့လာခွဲစိပ်ကြည့်လျှင် ကျေးစေရတု၊ မယ်ဘွဲ့နှင့် ၊ စစ်ချီ ရတုများမှာ နဝဒေးကြီး၏ အရိပ်အငွေ့များကို တွေ့ရသည်။
နတ်ရှင်နောင် ၏ ပုံပန်းသွင်ပြင်
ခမည်းတော်ဖြစ်သော ဘုရင်မင်းရဲသီဟသူကမူ စစ်ရေးကိုသာ အထူးတတ်ကျွမ်းဝင်စေပြီး အိမ်ရှေ့ဥပရာဇာတစ်ဦး၏ သတ္တိသွေးကို မွေးပေးမည်သာဖြစ်သည်။ နတ်ရှင်နောင်မှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ရှေ့မင်းသားဖြစ်ခြင်း၊ ဓားခုတ်လှန်ထိုး၊ မြင်းစီးကျွမ်းကျင်ခြင်းကြောင့် ခမည်းတော်နှင့် နန်းရင်ပြင်တစ်ခွင်လုံးက မြှောက်စားအားကိုးကြမှာ မလွဲပေ။
နတ်ရှင်နောင်သည် မီးခိုးရောင်ပုဆိုးကို နှစ်ခြိုက်ကဟန်တူပြီး မကြာမကြာ ဝတ်ဆင်လေ့ရှိကြောင်း အကျီကိုမူ အဝါရောင်ကတ္တီပါ ကိုယ်ကြပ်အကျီကို ဝတ်ဆင်လေ့ရှိကြသည်။ မင်းညီမင်းသားတို့ ဝတ်စားဆင်ယင်မူအတိုင်း ပုဆိုးကို အောက်ပိုးကျိုက်လျက်၊ အကျီခါးတို ကိုယ်ကြပ်ကို ဝတ်ဆင်လျှက် ဓား၊ လှံ ၊ လက်နက် ၊ သိုင်းကွက် ကစားလိုက်လေပါမူ ခါးအောက် အသားဝါဝါဝင်းဝင်းကလေးကို မြင်နေရသည်။ အရွယ်ရောက်မင်းသားတို့အဖို့မူ ထိုခါးအောက်ပိုင်းပတ်လည်အား ထိုးကွင်းမင်သေများ ထိုးထားလေ့ရှိပြီး ၊ လှုပ်ရှားလိုက်တိုင်း ထိုစိမ်းဖန့်ဖန့် မင်သေစွတ်သည့် အသားရောင်ကို မြင်တွေ့ကြရသည်။ သူ၏လက်အစုံကို ကြမ်းတမ်းသည်ဟု ပြော၍မရ သကဲ့သို့ နုနယ်လှသည်ဟု ကောက်ချက်ချရန် မဝံ့ရဲပြန်ပေ။ ဓားလှံကိုင်သော လက်သည်ပင် စောင်းညှင်းပတ်သာတီးခတ်၍ မရပေ။ ကညစ်တွင် ရတုလင်္ကာတင်နိုင်စွမ်းသူဖြစ်သည်။ သူ့အား ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စစ်သည်စာဆိုဟု မှတ်ယူလေးစားကြသည်။
နတ်ရှင်နောင်၏ စစ်ရေးစစ်ရာကို သမိုင်းစာမျက်နှာတွင် ခုနှစ်အပိုင်းအခြားဖြင့် မှတ်သားထားကြလင့်ကစား၊ ရတုများကို မူ မည်သည့်ခုနှစ်မှ စတင်ရေးသားစီကုံးကြောင်း မြန်မာစာပေသမိုင်းတွင် ဖော်ပြထားခြင်းမရှိပေ။ သက္ကရာဇ် ၉၀၀ အတွင်း နတ်ရှင်နောင် ရေးဖွဲ့သွားကြောင်းသာ ရေးမှတ်ထားသည်ကို တွေ့ရသည်။ သူ၏အစောဆုံးရတုမှာ ” မုဌောဘုရားတိုင် မယ်ဘွဲ့ ( စာပြိုင်- အခံ ) ရတု ” ဖြစ်ကြောင်း ရှာဖွေတွေ့ရှိရသည်။
သန်းထွန်း ( လှည်းကူး ) ရေးသားသော နတ်ရှင်နောင်နှင့် ရာဇဓာတုကလျာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။