ဘဝနေနည်း

တွေးလုံး (Part 2)

By Htet Nandi

April 03, 2023

ကားကျပ်ရင်လည်း စိတ်ညစ်တယ်…။ ပိုက်ဆံကုန်သွားရင်လည်း စိတ်ညစ်တယ်…။ သုံးနေကျ ရေမွှေးကုန်သွားတယ်… စိတ်ညစ်တယ်…။ နှာစေးချောင်းဆိုးတယ်…စိတ်ညစ်တယ်…။

အဲဒါမျိုး… အသေးအဖွဲ ကိစ္စလေးတွေကစလို့… ချစ်ရသူတစ်ယောက်ကို အပြီးတိုင် ခွဲခွာလိုက်ရတာပဲ ဖြစ်ဖြစ်… အိမ်ထောင်ရေးမှာ အဆင်မပြေတာပဲ ဖြစ်ဖြစ်…. သမီးရည်းစားပြတ်ကြတာပဲ ဖြစ်ဖြစ်… စာမေးပွဲကျတာ… အလုပ်ပြုတ်တာ… ကိုယ့်အထက်အရာရှိနဲ့ ပြဿနာဖြစ်တာ… သေလောက်တဲ့ရောဂါဖြစ်တာ… အဲဒီလို… ကိုယ်မလိုလားတဲ့ အရာမှန်သမျှဟာ… စိတ်မပျော်ခြင်းကို ဖြစ်စေတယ်ဆိုပေမဲ့…ဒါမျိုးတွေဟာ… ဘဝမှာ… ကိုယ်တစ်ယောက်တည်းမှာပဲ ဖြစ်နေတာလားလို့… စဉ်းစားကြည့်လိုက်တဲ့အခါ… ဪ… ဒါတွေဟာ… ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲ…။ ငါတစ်ယောက်တည်း မဟုတ်ပါဘူးလို့ တွေးလိုက်နိုင်ရင် အမြန်ဆုံး စိတ်သက်သာရာရသွားတာပါပဲ…။

ကျွန်မတို့က ဘာဖြစ်ဖြစ်… ငါတစ်ယောက်တည်းမှာပဲ မကောင်းတာတွေ အားလုံးလာဖြစ်နေတာကိုး…လို့ တွေးလိုက်မိကြတာကိုး…။ ငါ…ဆိုတဲ့အမြင်နဲ့ ကြည့်လိုက်တဲ့အခါ ပိုပြီးနာကျင်သွားရတတ်ပါတယ်…။ အဲဒီမှာ… ပျော်ရွှင်စရာတွေကို မေ့ကုန်ပြီ…။ ၂၀ရာခိုင်နှုန်းလောက်ပဲ စိတ်ညစ်ရမဲ့ ကိစ္စကို ၈၀ ရာခိုင်နှုန်းလောက်… သွား… စိတ်ညစ်လိုက်မိပြီ။ စွမ်းအင်တွေ ကုန်သွားပြီ…။ ဘာမှ အကောင်းဆိုတာ မရှိတော့ဘူး။ စုတ်ပြတ်သတ် သွားပြီ…။ ဘဝကြီး ပျက်သွားပြီ။

Negative Emotions တွေကြောင့် ကိုယ့်ရဲ့ Mood သည်လည်း လုံးဝ Negative ဖြစ်သွားပြီ…။ အဲဒီ Mood ကြီးနဲ့ဆို ဘာမှ လုပ်လို့ မရတော့ပါ…။ စာသင်နေတဲ့သူဆို စာကောင်းကောင်း အာရုံမစိုက်နိုင်။ အလုပ်လုပ်နေတဲ့ သူဆို အလုပ်ကောင်းကောင်း မလုပ်နိုင်…။ နေလို့… ထိုင်လို့ကို မကောင်းတော့ပါဘူး…။

ဒီလိုဖြစ်အောင်… ဘယ်သူလုပ်တာတဲ့လဲ…။ အခြေအနေတွေက လုပ်တာလား…။ ကိုယ်တွေးလုံးတွေက လုပ်တာလား…။

ပိုင်းလော့ဆရာတော်ကြီးပြောတဲ့… တွေးလုံး… တွေးလုံး… ဆိုတဲ့ စကားလေး သတိရလိုက်မိလို့ပါ…။ ကျွန်မတို့ အတွေးတွေက… ကြောက်စရာကောင်လောက်အောင်… အလုံးလိုက် အလုံးလိုက် ဖြစ်ပေါ်လာကြတာပါ…။

စိတ်ကို ကြည်လင်ချမ်းမြေ့စေချင်တယ်ဆိုရင် မကောင်းတဲ့… တွေးလုံးတွေကို လျှော့လိုက်ပါ…။ စိတ်ချမ်းသာစရာတွေကို ရှာကြံတွေးတောပါ…။ ကျွန်မတို့ဘဝမှာ… ပျော်စရာလေးတွေ… ကောင်းတာလေးတွေ အများကြီးမှ အများကြီးပါ…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း