မစ္စတာ အက်ဒွပ် ဗားမီးလင်အေ ဇာရီဂါး၏သားများ၊ အလုပ်တိုက်မှ တစ်ဆင့်၂၈၊ ဖရန့်လမ်းဘရုကလင် အင်ဝိုင်။ချစ်ဆွေ ဗားမီးလင်
ချစ်ဆွေတို့၏ ကုမ္ပဏီသည် လွန်ခဲ့သော ၁၄ နှစ်ခန့်မှ အစပြု၍ ကျွန်တော်တို့၏ ဖောက်သည်ကောင်းတစ်ဦး ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ ကြည့်ရှုအားပေးခဲ့သည့်အတွက် ချစ်ဆွေတို့၏ ကုမ္ပဏီကို ကျွန်တော်တို့သည် ကျေးဇူးအထူးတင်လျက် ရှိသည်ဖြစ်ပါ၍ ချစ်ဆွေတို့၏ ကိစ္စများဆိုလျှင် စေ့စပ်လျင်မြန်စွာ ဆောင်ရွက်ပေးလိုသောဆန္ဒ ရှိခဲ့ပါသည်။ သို့ရာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ကကဲ့သို့ ညနေအတော်ကြီးစောင်းမှ များပြားလှသော ကုန်များကို ပို့လိုက်သည့်အခါ ကျွန်တော်တို့ ဆန္ဒရှိသလောက် မဆောင်ရွက်နိုင်သဖြင့် ဝမ်းနည်းပါကြောင်း။ အခြားဖောက်သည်များလည်း ညနေစောင်းမှ ကုန်များကို ပို့ကြသည်ဖြစ်ရာ ဘူတာရုံတွင် ကုန်များ ကျပ်လျက်ရှိပါသည်။ ထိုကိစ္စများပေါ်ပေါက်လျှင် မရှောင်လွှဲသာသဖြင့် ချစ်ဆွေတို့၏ မော်တော်ကားများသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါလိမ့်မည်။ တစ်ခါတစ်ရံ ချစ်ဆွေ၏ ကုန်များကို တင်ပို့ရန်ပင် နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပါလိမ့်မည်။
ဤကဲ့သို့ ဖြစ်ရခြင်းသည် မကောင်းပါ။ အလွန်မကောင်းပါ။ ထိုကဲ့သို့ ဖြစ်ရခြင်းကို မည်ကဲ့သို့ ရှောင်ရှားရပါမည်နည်း။ တတ်စွမ်းနိုင်လျှင် ချစ်ဆွေ၏ကုန်များကို ညနေမစောင်းမီ ကျွန်တော်တို့ထံသို့ အရောက်ပို့ခြင်းဖြင့် ရှောင်ရှားနိုင်ပါသည်။ ထိုကဲ့သို့ ပို့နိုင်လျှင် ချစ်ဆွေတို့၏ မော်တော်ကားလည်း အပိုသက်သက် စောင့်ဆိုင်းခြင်း မဖြစ်ရတော့ပါ။ ချစ်ဆွေ၏ ကုန်များကိုလည်း ချက်ချင်း ဂရုတစိုက်လုပ်၍ တင်ပို့နိုင်ပါလိမ့်မည်။ ထို့ပြင် ကျွန်တော်တို့၏ အလုပ်သမားများသည် ချစ်ဆွေတို့ တိုက်က လုပ်သော အလွန်အရသာရှိသည့် မုန့်တီ၏ အရသာကိုခံရန် အိမ်သို့ ခပ်စောစော ပြန်နိုင်ပါလိမ့်မည်။
ဤစာကို တိုင်ကြားစာဟူ၍ အယူမရှိပါနှင့်။ ထို့ပြင်လည်း ချစ်ဆွေတို့၏ အလုပ်တိုက်ကို ဘယ်လိုလုပ်ရမည်ဟု သွန်သင်ဆုံးမနေသည်ဟူ၍လည်း မမှတ်ပါနှင့်။ ဤစာကို ရေးရခြင်းသည် ချစ်ဆွေတို့၏ အကျိုးကို ပို၍ ထိထိရောက်ရောက် ဆောင်ရွက်ချင်သော ဆန္ဒ၏ တိုက်တွန်းခြင်းကြောင့်ပင် ဖြစ်ပါသည်။
ကုန်များ မည်သည့်အချိန်တွင် ရောက်သည်ကို ပဓာနမထားဘဲ ချစ်ဆွေတို့၏ အကျိုးကို ကျွန်တော်တို့ တတ်စွမ်းသရွေ့ မြန်မြန်ထက်ထက် အမြဲရွှင်ပျစွာနှင့် ဆောင်ရွက်ပါမည်။
ချစ်ဆွေတို့လည်း အလုပ်များလျက် ရှိပေမည်။ ကျေးဇူးပြုပြီး ဒုက္ခရှာပြီး စာပြန်မနေပါနှင့်။
သင်၏ မှန်ကန်လှသောဂျေ ဗီ၊ ရုံပိုင်
ယခုအခါတွင် ထောင်ပေါင်းများစွာသော ဈေးသည်တို့သည် မောပန်းစိတ်ငယ်လျက် အနည်းငယ်မျှသော လစာငွေကို ရပြီးလျှင် လမ်းတကာလမ်းကို လျှောက်နေရခြင်းသည် အဘယ်ကြောင့်နည်း။ အကြောင်းမူကား ထိုသူတို့သည် သူတို့ လိုချင်သည့်အရာများကိုသာ တွေးတောလျက်ရှိသောကြောင့်တည်း။ သင်ဖြစ်စေ၊ ကျွန်ုပ်ဖြစ်စေ၊ မည်သည့်အရာကိုမျှ မဝယ်ချင်ကြောင်းကို သူတို့မသိကြချေ။ ကျွန်ုပ်တို့ ဝယ်လိုလျှင် အပြင်ထွက်သွား၍ ဝယ်ကြမှာပေါ့။ သို့ရာတွင် သင်နှင့် ကျွန်ုပ်တို့မှာ ကိုယ့်ကိစ္စနှင့်ကိုယ် အမြဲတမ်း အလုပ်ရှုပ်လျက်ရှိကြ၏။ အကယ်၍ ဈေးရောင်းသူတစ်ဦးသည် သူ၏ကူညီချက် (သို့မဟုတ်) သူ၏ကုန်ပစ္စည်းများသည် ကျွန်ုပ်တို့၏ ပြဿနာများကို မည်ကဲ့သို့ ရှင်းလင်းပေးနိုင်သည်ကို သူတို့ ပြနိုင်လျှင် သူတို့ကိုယ်တိုင် ရောင်းနေစရာမလို။ ကျွန်ုပ်တို့ ဝယ်မည်မှာ ဧကန် ဖြစ်၏။ ဖောက်သည်တစ်ဦးသည် ရောင်းသူက ဝယ်ပါဟု တိုက်တွန်းသဖြင့် ဝယ်ရသည်ကို အလိုမရှိ၊ မိမိကိုယ်တိုင် အလိုရှိ၍ ဝယ်ယူရခြင်းကိုသာ အလိုရှိ၏။
သို့ရာတွင် များစွာသော ဈေးသည်တို့သည် ဝယ်ယူသူဘက်မှနေ၍ မကြည့်ဘဲနှင့် ကုန်ပစ္စည်းများကို တစ်သက်လုံး ရောင်းလျက် ရှိကြသည်။ သက်သေထုတ်၍ ပြပါအံ့။ နယူးယောက်မြို့ကြီး၏ ဗဟိုတွင်ရှိသော ဖောရက်ဟီး အရပ်တွင် ကျွန်ုပ်နေ၏။ တစ်နေ့တွင် ဘူတာရုံသို့ သုတ်ခြေတင်၍ လျှောက်လာစဉ် နှစ်ပေါင်းများစွာ လောင်းအိုင်လန်အရပ်တွင် အိမ်အရောင်းအဝယ်လုပ်နေသော ပွဲစားတစ်ဦးနှင့် တွေ့ရ၏။ သူသည် ဖော်ရက်ဟီးအရပ်ကို ကောင်းစွာသိသူတစ်ဦး ဖြစ်သောကြောင့် ကျွန်ုပ်၏နေအိမ်ကို သတ္တုအပါးစားနှင့် ဆောက်လုပ်ထားသလား၊ ခေါင်းပွအုတ်ကြွပ်နှင့် ဆောက်လုပ်ထားသလား ဟူ၍ သူ့ကိုလှမ်း၍ အလျင်စလို မေးလိုက်၏။ သူက အမှန်မသိပါ ဟူ၍ ပြန်ဖြေလိုက်၏။ သူပြောသမျှသည် ကျွန်ုပ် သိပြီးသားများပင် ဖြစ်၏။ စင်စစ်မှာ ကျွန်ုပ် သိလိုသော အချက်ကို ဖောရက်ဟီးဥယျာဉ်အသင်းသို့ သွားရောက် စုံစမ်းလိုက်လျှင် အစုံသိမည်ဖြစ်၏။ နောက်တစ်နေ့နံနက်တွင် သူ့ထံမှ စာတစ်စောင်ကို ကျွန်ုပ် ရရှိ၏။ ထိုစာထဲတွင် ကျွန်ုပ် သိလိုသော အချက်များ ပါသလား။ ထိုအချက်များကို တယ်လီဖုန်းနှင့် စုံစမ်းပေးလျှင် စက္ကန့် ၆၀ အတွင်း သူသိနိုင်၏။ သို့ရာတွင် သူသည် ထိုကဲ့သို့ မစုံစမ်းချေ။ သူ၏စာထဲတွင် ကျွန်ုပ် သိလိုသော အချက်ကို ကျွန်ုပ်ကိုယ်တိုင် တယ်လီဖုန်းနှင့် စုံစမ်းဟု ရေးထား၏။ ထို့နောက် ထိုအိမ်အတွက် အာမခံပြုလုပ်ရန် ကိစ္စကို သူ လုပ်ပါရစေဟု ရေးသားလိုက်သေး၏။
သူသည် ကျွန်ုပ်ကို ကူညီရန် စိတ်မဝင်စားချေ။ သူ့ကိုယ်ကိုသူ ကူညီရန်ကိုသာ စိတ်ဝင်စားလျက် ရှိလေသည်။ ဗက်ယန်း ရေးသော ‘အကျိုးဆောင်’ နှင့် ‘သိုက်ဝေစု’ ခေါ် စာအုပ်နှစ်အုပ်ကို ထိုသူ့ထံသို့ ကျွန်ုပ်သည် ပေးပို့သင့်လေသည်။ ထိုစာအုပ်များကို ဖတ်ပြီးနောက် ကိုယ်တိုင် လေ့ကျင့်မည် ဆိုလျှင် ကျွန်ုပ်အိမ်၏ အာမခံကို ဆောင်ရွက်သည်ထက် အဆပေါင်းတစ်ထောင်လောက် ပို၍ အကျိုးရှိမည် ဖြစ်၏။
ပညာသည်များသည်လည်း ထိုကဲ့သို့သော အမှားမျိုးကို လုပ်တတ်လေသည်။ နှစ်ပေါင်းများစွာက ကျွန်ုပ်သည် ဖီလဒဲယားမြို့ရှိ နှာခေါင်းနှင့် လည်ချောင်းရောဂါဘက်တွင် ကျွမ်းကျင်သူတစ်ဦး၏ အလုပ်ခန်းထဲသို့ ဝင်သွား၏။ ကျွန်ုပ်၏ လျှာခင်ကို မကြည့်ရသေးမီကပင် ကျွန်ုပ် ဘာအလုပ်လုပ်သည်ကို စုံစမ်း၏။ သူသည် ကျွန်ုပ်၏လျှာခင်တွင် စိတ်မဝင်စား ကျွန်ုပ်ငွေ ဘယ်လောက်ချမ်းသာသည်ကိုသာ စိတ်ဝင်စားလျက် ရှိ၏။ သူ၏ အရေးကြီးဆုံးကြောင့်ကြမှုသည် ကျွန်ုပ်၏ ရောဂါကို ပျောက်အောင် မည်မျှကူညီနိုင်မည်ဟူသော အချက်မဟုတ်။ ကျွန်ုပ်ထံမှ ငွေကြေးမည်မျှရနိုင်မည်နည်းဟူသော အချက်ပင် ဖြစ်လေသည်။ ဤကဲ့သို့ ကြောင့်ကြသောစိတ်ထား၏ အကျိုးကား ကျွန်ုပ်ထံမှ သူသည် ပိုက်ဆံတစ်ပြားမျှ မရခြင်းပင် ဖြစ်၏။ သူ၏ စိတ်ထားညံ့ပုံကို ရွံရှာမုန်းတီးပြီးလျှင် ကျွန်ုပ်သည် သူ့အခန်းထဲမှ ထွက်လာခဲ့၏။
ကမ္ဘာကြီးသည် ထိုကဲ့သို့ လောဘကြီးသော ကိုယ်ကျိုးရှာသမားများနှင့် ပြည့်နှက်လျက်ရှိ၏။ ထို့ကြောင့် သဒ္ဒါတရားရှိစွာနှင့် တစ်ဖက်သား၏အကျိုးကို သယ်ပိုးလာသော လူထူးတစ်ဦးတွင် အတိုင်းမသိသော အခွင့်အလမ်းကောင်းများစွာ ရှိလေသည်။ အိုဝင်ဒီယန်းက တစ်ဖက်သား၏နေရာတွင် ကိုယ့်ကိုယ်ကို ထားကြည့်ပြီးလျှင် တစ်ဖက်သား၏ စိတ်နေသဘောထားကို အကဲခတ်နိုင်သောသူတစ်ဦးသည် သူ၏ နောင်ရေးအတွက် ပူပင်စရာမလို’ ဟု ပြောကြားဖူးလေသည်။
အကယ်၍ သင်သည် ဤစာအုပ်ကို ဖတ်ခြင်းအားဖြင့် တစ်ဖက်သား၏ ယူဆချက်ကိုသာ အမြဲအစဉ် လိုက်လျော၍ စဉ်းစားပြီးလျှင် ထိုသူ၏ဘက်မှနေ၍ ကြည့်လိုသော ရင့်သန်သည့် စိတ်ဓာတ်ခံတစ်ခုတည်းကိုသာ ရရှိသည်ဟု ဆိုပါက သင်၏တက်လမ်းတွင် သင်သည် ခရီးအတော်ရောက်နေပြီ ဟူ၍ အလွယ်နှင့် သိနိုင်ပေသည်။