အတွေးအခေါ်

ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ (အပိုင်း – ၁)

By HapEye.net

May 31, 2020

ဖော်ပြလတ္တံ့သော စာပိုဒ်များသည် ခါမိဒိ (Charmides) ကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ စာပိုဒ် ၉ မှ ၁၇ အထိလည်းကောင်း၊ စာပိုဒ် ၂၉ လည်းကောင်း ဖြစ်သည်။

ခါမိဒိကထာသည် လက်ခီကထာကဲ့သို့ ပလေးတိုးစာရေးစအခါက ရေးခဲ့သော စာစုထဲက စာဖြစ်၏ဟု ယူဆကြသည်။ အနက်ဖွင့်လက္ခဏာသည် ဤ ခါမိဒိကထာတွင်လည်း ပါသည်။ ဆော့ခရတ္တိသည် အတွေးသစ်၊ အခေါ်သစ်ကို ကိုယ်စားပြုသူအဖြစ်လည်းကောင်း၊ ဆော့ခရတ္တိနှင့် စကားဆိုဖက်ဖြစ်သော ခရိတိအသည် အယူအဆဟောင်းကို ကိုယ်စားပြုသူ အဖြစ်ဖြင့်လည်းကောင်း ပြောဟောဆွေးနွေးကြသည်ကို ဤမိဒိကထာတွင် တွေ့နိုင်ပါသည်။

ခါမိဒိကထာ ဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ ဆော့ခရတ္တိသည် ဘီစီ ၄၃၄ ခုတွင် ပေါတိဒိ စစ်မြေပြင်တွင် အမှုထမ်းရာမှ အက်သင်းမြို့သို့ ပြန်ရောက်လာ၍ မိတ်ဆွေသူငယ်ချင်းများနှင့် ပြောဟောနေခိုက်၊ မိတ်ဆွေတစ်ဦးဖြစ်သော ခရိတိအ၏ ညီတစ်ဝမ်းကွဲတော်စပ်သူ ခါမိဒိကို မြင်သည်။ ခါမိဒိသည် ပဒေသရာဇ်အနွယ် ဖြစ်သည်။ လူပျိုပေါက်စဖြစ်သည်။ အဆင်းလှသည်။ ဥပဓိရုပ်ကောင်းသည်။ အရွယ်နှင့်မလိုက်အောင် နှိုင်းနှိုင်းချိန်ချိန် သုခမိန်စိတ်ထားမျိုးရှိ၍ စောင့်စည်းတတ်သည်ဟု အက်သင်းမြို့တွင် ကျော်စောသော လူငယ် ဖြစ်သည်။

ခရိတိအ က ခါမိဒိကို ခေါ်လိုက်သဖြင့် ဆော့ခရတ္တိနှင့် ခါမိဒိတို့ တွေ့ကြသောအခါ လူငယ်လူရွယ်တို့ကို ချစ်တတ်သော ဆော့ခရတ္တိသည် ခါမိဒိ၏ ရုပ်လက္ခဏာကို ကြည့်၍ ကျော်စောသည့်အတိုင်း ဟုတ်ပါပေ၏ဟု ချီးမွမ်း၏။ ထို့နောက် စောင့်စည်းတတ်၏ဟု ကျော်စောသော ခါမိဒိသည် စောင့်စည်းခြင်း၏ သဘောကို သိတန်ရာ၏ဟု ဆို၍ ခါမိဒိကို မေးပါလေတော့သည်။ ထိုအခါ ခါမိဒိသည် စောင့်စည်းခြင်းဟူသည် ဆေးလေးငြိမ်သက်စွာ ပြုမူတတ်ခြင်းဖြစ်၏ဟု အဖြေပေးသည်။ ဆော့ခရတ္တိက ထိုအဖြေကို စောဒနာပြုရာ အဖြေပျက်ရသည်။ တစ်ဖန် ခါမိဒိက စောင့်စည်းခြင်းသည် ကာယိန္ဒြေရှိခြင်းနှင့် တူသည်ဟု ဖြေပြန်သည်။ ထိုအခါတွင်လည်း ဆော့ခရတ္တိက စောဒနာပြုရာ အဖြေပျက်ရပြန်သည်။ နောက်ဆုံးတွင် သူ့အစ်ကိုတစ်ဝမ်းကွဲလည်းဖြစ်၍ သူ့ဆရာလည်း ဖြစ်သော ခရိတိအ၏ စကားကို ခါမိဒိအက ပြန်ပြောသည်။ ထိုအခါမှစ၍ အတွေးသစ် ဆော့ခရတ္တိနှင့် အတွေးဟောင်း ခရိတိအတို့၏ စကားဝိုင်း ဖြစ်လာရသည်။ ထိုအကြောင်းကိုပင် ပလေးတိုးက ခါမိဒိ ကထာစာတမ်း ရေးခဲ့ခြင်း ဖြစ်သည်။ ရေးရာတွင် ဆော့ခရတ္တိက သူနှင့် ပြောဟောခဲ့ကြပုံကို ပြန်ပြောပြဟန် ရေးထားသည်။

ခါမိဒိ ကထာတွင် အတွေးဟောင်း အယူဟောင်းသမားတို့၏ သဘောဆိုသည်မှာ အခြားမဟုတ်။ ဝေါဟာရပညတ်တို့၏ အနက်ကို ဖွင့်ကြရာတွင် သဘာဝဓမ္မနောက်သို့ လည်းကောင်း၊ ဉာဏသမ္ပယုတ္တနောက်သို့ လည်းကောင်း ဖြောင့်ဖြောင့်တန်းတန်း မလိုက်ဘဲ မိမိတို့အလိုရှိရာ ဆန္ဒာဂတိသို့လိုက်၍ ငယ်သည့်အမှုကို ကြီးအောင်၊ ကြီးသည့်အမှုကို အကျိုးနည်းအောင် ပြုဘိသကဲ့သို့ ကတ်သီးကတ်သတ် အကိုးအကားတို့ကို ဆုပ်ကိုင်၍ ဝိဂြိုဟ်ဝစနတ် အကြီးအကျယ်တို့ကို ပေး၍ မသိနားမလည်သေးသော အများပရိသတ်တို့ အထင်ကြီးလာကြအောင် ဟိတ်ဟန်ထုတ်ကာ စကားပြောလေ့ရှိသော လူကြွား ပညာတတ်တို့၏ အမူအရာဖြစ်၏ဟု ဆိုသင့်သည်။ ခရိတိအ၏ အမူအရာတွင် လူကြွားပညာတတ် အမူအရာပေါ်လာအောင် ထိုအမူအရာကို ပလေးတိုးက သရုပ်ဖော်ခဲ့သည်ဟု ယူချင်လျှင် ယူနိုင်ပါသည်။

စောင့်စည်းခြင်း သံယမတရားသည် ဂရိတို့အစဉ်အလာအားဖြင့် ယုံကြည်လေးစားကြသော ဂုဏ်သိက္ခာတရားလေးပါးအနက် တစ်ပါးဖြစ်သည်။ ဂရိဘာသာတွင် ‘ဆော့ဖရတ်ဆိုင်နိ’ ဟု ရှိ၍ ဂရိတို့ နားလည်ကြသည်မှာ သမာဓိရှိခြင်း၊ ကံသုံးပါးအမှုတို့တွင် ပြုရာတွင် ဉာဏ်နောက်သို့သာ လိုက်ခြင်း၊ အလွန်အကြူးမပြုခြင်း၊ အစွန်းတစ်ဖက်သို့ မရောက်အောင် သတိထားတတ်ခြင်း စသည်တို့ဖြစ်သည်ဟု ဆိုသည်။ စောင့်စည်းခြင်းဟူသော မြန်မာဝေါဟာရတွင် ထိုအနက်တို့ကို အာရုံပြုသင့်သည်ဟု ထင်ပါသည်။

အောက်ပါစာပိုဒ်တို့တွင် စောင့်စည်းခြင်းသံယမ၏ အဓိကလက္ခဏာသည် ကောင်းသောအမှုကို ပြုခြင်းဖြစ်၍ အကောင်းအဆိုး အကျိုးအပြစ်ကို ပိုင်းခြားသိမြင်သော ဝိဇ္ဇာ အသိတရားဖြစ်ကြောင်း ဆော့ခရတ္တိ ဆိုလိုသည်ကို တွေ့နိုင်သည်။

စာပိုဒ် ၁၉

ကျွန်ုပ် (ဆော့ခရတ္တိ)က ဆိုသည်မှာ ဤသို့ဖြစ်သည်။ လူကလေး ခါမိဒိ၊ စောင့်စည်းခြင်း သံယမတရား၏ သဘောကို စူးစမ်းခြင်းပြုရာတွင် ဤနည်းဖြင့် ပြုလျှင် ကောင်းမည်ထင်သည်။ စောင့်စည်းခြင်းသည် အသင်တွင် ရှိခဲ့သည်ဖြစ်လျှင် စောင့်စည်းခြင်း၏ သဘောနှင့်စပ်လျဉ်း၍ အသင့်တွင် အသိအမြင် အယူအဆ တစ်ခုခုသည် ရှိနိုင်သည်။ အသင့်ကို စောင့်စည်းတတ်သောသူဟု ဆိုခဲ့ကြပြီ။ ထို့ကြောင့် အသင်ပြုခဲ့ဖူးသော စောင့်စည်းခြင်း အပြုအမူတို့ကို စိတ်မျက်စိတွင် မြင်လာအောင် အသင် အာရုံပြုပါ။ ထို့နောက် အာရုံပြုသဖြင့် သိလာသော အသိမှ အစပြု၍ အသင့်တွင် အသိအမြင် အယူအဆ တစ်ခုခုသည် ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့ မဟုတ်ပါလော။

ထိုအခါ ဟုတ်ပါသည်၊ ဖြစ်ပေါ်လာနိုင်ပါသည်ဟု လူကလေး ခါမိဒိက ဆိုပါသည်။

ကောင်းပြီ။ အသင်သည် ဂရိဘာသာစကားကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သဖြင့် အသင်သိမြင်သမျှ၊ ယူဆသမျှကို ကျွန်ုပ်အား ပြန်ပြောပါမည်လော ဟု ကျွန်ုပ်က မေးပါသည်။

ထိုအခါ ခါမိဒိက ပြန်ပြောပါမည်ဟု ဆိုသည်။

ကောင်းပြီ။ စောင့်စည်းခြင်း သံယမသည် အသင်၏ စိတ်သန္တန်တွင် ကိန်းတည်လျက်ရှိမရှိ ကျွန်ုပ် မှန်းကြည့်လိုသည်။ ထို့ကြောင့် ကျွန်ုပ်က မေးမည်။ စောင့်စည်းခြင်းဟူသည် အဘယ်နည်း။ လူကလေး၊ အသင်၏ စိတ်မျက်စိတွင် မြင်လာသမျှကို ပြောပါဘိ။

ထိုသို့ ကျွန်ုပ်က မေးလာသောအခါ လူကလေးခါမိဒိသည် ပထမသော် ကျွန်ုပ်၏အမေးကို ဖြေချင်ပုံမရ။ မဝံ့မရဲ ဖြစ်နေသည်။ အတန်ကြာမှ သူက ဖြေသည်မှာ သူတွေးမိသမျှ ပြောရမည်ဖြစ်လျှင် စောင့်စည်းခြင်းသံယမဆိုသည်မှာ မည်သည့်အမှုကို ပြုသည်ဖြစ်စေ၊ အစီအစဉ်အလိုက် ပြုခြင်း၊ ဆေးလေး ငြိမ်သက်စွာ ပြုခြင်းဖြစ်သည်၊ လမ်းသွားရာတွင်သော်လည်းကောင်း၊ စကားပြောရာတွင်သော် လည်းကောင်း၊ ပြုမှုပြောမှု တစ်ခုခုပြုရာတွင်သော် လည်းကောင်း ဆေးလေး ငြိမ်သက်စွာ ပြုခြင်းကို ဆိုလိုပါသည်။ အချုပ်မှာ စောင့်စည်းခြင်း သံယမဟူသည် ဆေးလေးငြိမ်သက်ခြင်း ဖြစ်၏ဟု ကျွန်တော်ထင်သည်။ ဤသို့လျှင် ခါမိဒိက ဆိုပါသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။