အတွေးအခေါ်

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၂)

By HapEye.net

June 12, 2020

လူတိုင်း အမြှောက်ကြိုက်သည်ဟု လင်ကွန်းသည် စာတစ်စောင်တွင် အစချီ၍ ရေးသားဖူး၏။ ချီးမွမ်းခံလိုသော ရမ္မက်သည် လူတို့၏ အနက်နဲဆုံးသော ပင်ကိုသဘော ဖြစ်သည်ဟူ၍ ဝီလျံဂျိမ်းက ပြောဖူး၏။ ဤနေရာတွင် ဝီလျံဂျိမ်းသည် ‘အလို’ ‘ဆန္ဒ’ ‘မျှော်လင့်ချက်’ ဟူသော စကားများကို မသုံးဘဲ ‘ရမ္မက်’ ဟူသော စကားကို သုံးလေသည်။

ဤသည်ကား လူတို့တွင် အလွန်ပြင်းပြလျက်ရှိသော ဆာလောင်မွတ်သပ်ခြင်းပေတည်း။ ဤစိတ်၏ ဆာလောင်မွတ်သပ်ခြင်းကို ဖြူစင်ဖြောင့်စင်းစွာ ဖြေဖျောက်ပေးနိုင်သော လူထူးသည် လူတို့အား သူ၏ လက်ဝါးအတွင်းတွင် ဆုပ်ကိုင်ထားနိုင်၍ တွင်းတူးသမားကပင်လျှင် ထိုလူ သေသောအခါ ဝမ်းနည်းလိမ့်မည် ဖြစ်၏။

မိမိကိုယ်ကိုမိမိ အထင်ကြီးသောစိတ်သည် လူနှင့် တိရစ္ဆာန်တို့၏ သဘာဝကို ကွဲပြားခြားနားစေသော အချက်တစ်ချက်ပေတည်း။ သက်သေထူပါအံ့။ ကျွန်ုပ်သည် မစ်ဇူရီပြည်နယ်တွင် သူရင်းငှားကလေး ဖြစ်နေခိုက် ကျွန်ုပ်၏ဖခင်သည် လှပသော ဂျူရော့ဂျာဆီ ဝက်များနှင့် မိဘအစဉ်အဆက်က မျက်နှာဖြူသော နွားများကို မွေးမြူလေသည်။ ထိုဝက်နှင့် နွားများကို ဗဟိုအနောက်ပိုင်း အရပ်ဒေသ တစ်လျှောက်ရှိ တောဈေးများနှင့် တိရစ္ဆာန်ပြပွဲများတွင် ပြသလေ့ရှိလေသည်။ ကျွန်ုပ်တို့သည် ပထမဆုများကို မကြာခဏရရှိကြသည်။ ကျွန်ုပ်၏ ဖခင်သည် ဆုအဖြစ်ရရှိသော အပြာရောင် ဖဲပြားများကို ပိတ်ဖြူစတစ်စပေါ်တွင် တွယ်ကပ်ထား၍ ကျွန်ုပ်တို့အိမ်သို့ မိတ်ဆွေသင်္ဂဟများ လာကြသောအခါ ကျွန်ုပ်၏ဖခင်သည် ထိုပိတ်ဖြူစကို ယူထုတ်လာ၏။ သူက တစ်စကိုကိုင်၍ ကျွန်ုပ်က အခြားတစ်စကိုကိုင်လျက် ဖဲပြားများကို ပြလေ့ရှိ၏။

ဝက်နှင့်နွားများသည် သူတို့အတွက် ပထမဆုအဖြစ် ရရှိသော ဖဲပြားများကို ဂရုမစိုက်သော်လည်း ကျွန်ုပ်၏ ဖခင်မှာမူကား များစွာဂရုစိုက်လျက်ရှိ၏။ ဤဆုများကြောင့် သူ့ကိုယ်သူ အတော် အထင်ကြီးလျက် ရှိလေသည်။

အကယ်၍သာ ကျွန်ုပ်တို့၏ မိဘဘိုးဘေးတို့တွင် သူတို့ကိုယ်ကိုသူတို့ အထင်ကြီးသောစိတ်များ ပြင်းပြစွာမရှိခဲ့ပါမူ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုသည် ရှိနိုင်မည်မဟုတ်။ ထိုကဲ့သို့ ဆန္ဒများ မရှိခဲ့လျှင် ကျွန်ုပ်တို့လည်း တိရစ္ဆာန်များနှင့် ခြားနားလှမည် မဟုတ်ချေ။

ဒေါ်လာဝက်နှင့် ဝယ်ယူလာသော အိမ်ထောင်ပစ္စည်းများထည့်ထားသည့် စည်ပိုင်းထဲတွင် တွေ့ရှိသော ဥပဒေစာအုပ်များကို အလွန်ဆင်းရဲ၍ ကျောင်းမနေဖူးသော ကုန်စုံဆိုင်စာရေးကလေးအား လေ့လာသင်ကြားစေသောအရာသည် မိမိကိုယ်မိမိ အထင်ကြီးသော ထိုစိတ်ပင် မဟုတ်ပါလော။ ဤကုန်စုံဆိုင်စာရေးကလေးအကြောင်းကို သင်သည် ကြားဖူးကောင်း ကြားဖူးပေမည်။ သူ၏နာမည်မှာ လင်ကွန်း ဖြစ်သည်။

ဒစ်ကင်းအား ကမ္ဘာကျော် အမြုတေဝတ္ထုများကို ရေးစေသောအရာသည်လည်း မိမိကိုယ်မိမိ အထင်ကြီးသော ထိုစိတ်ပင် ဖြစ်လေသည်။ ထိုစိတ်ပင်လျှင် ဆာခရစ်စတိုဖာရင်းအား ကျောက်တုံးများဖြင့် ‘နတ်ဘုံနတ်နန်း’ များ ပေါ်ပေါက်စေခဲ့လေပြီ။ ထိုစိတ်ပင်လျှင် ရော့ဖဲလားကို သူ့တစ်သက်တွင် သုံးမကုန်နိုင်သော သန်းပေါင်းများစွာ ဥစ္စာပစ္စည်းတို့ကို စုစေခဲ့လေပြီ။ ထိုစိတ်ပင်လျှင် သင်နေသော မြို့မှာရှိသည့် အချမ်းသာဆုံး သူဌေးအား သူနေနိုင်သော မြို့မှာရှိသည့် အချမ်းသာဆုံး သူဌေးအား သူနေနိုင်သည်ထက် အဆပေါင်းများစွာ ကျယ်ပြန့်သော အိမ်ကြီးရခိုင်ကို ဆောက်စေခဲ့လေပြီ။

ထိုစိတ်ပင်လျှင် နောက်ဆုံးပေါ် ဖက်ရှင်ကိုဝတ်၊ နောက်ဆုံးပေါ် မော်တော်ကားကိုစီး၍ ဉာဏ်ထက်မြက်သော သင်၏ ကလေးများအကြောင်းကို ပြောချင်အောင် သင့်အား လုပ်ပေးခဲ့ဖူးလှလေပြီ။