ဘဝနေနည်း

စိုးရိမ်ကြောင့်ကြမှုသည် စိတ်ပိုင်းဆိုင်ရာ ဗြုတ်စဗျင်းတောင်းဖြစ်သည်။

By HapEye.net

June 10, 2020

(Anxiety is mental clutter)

တင်ဆက်မှုများ၊ တစ်ယောက်တစ်ယောက်ချင်း ဆွေးနွေးမှုများ၊ လုပ်ရန်ရှိစာရင်းများ၊ မိသားစုတုံ့လှယ်မှုများ အားလုံးကို ရိုးရှင်းပြတ်သားသည့် စိတ်မှကြေညာချက်၊ သို့မဟုတ်  စာဖြင့်ရေးသားထားသည့် ထုတ်ပြန်ချက်ဖြင့် ဖိစီးမှုလျော့နည်းစွာကိုင်တွယ်နိုင်သည်။ ဥပမာ – ‘ငါတို့ ဒီနေ့ ဂျွန်နီရဲ့ဘေ့စ်ဘောကစားပွဲကို သွားကြည့်ကြမယ်။ ငါတို့အချိန်မီရောက်အောင်သွားမယ်။ ပွဲကို ပျော်ရွှင်စွာ ကြည့်ဖို့ပဲ အာရုံထားမယ်’။

အစီအစဉ်များ ရေးဆွဲရာတွင် ကျွန်ုပ်တို့အတွေးသည် တိကျမှုမရှိလျှင် ထိုအတွေးသည် နမူနာအားဖြင့် အောက်ပါအတိုင်းဖြစ်မည်။

‘ငါ မြို့ဟိုဘက်ခြမ်းက ဝန်ထမ်းအစည်းအဝေးကို တက်ရမည်။ ကော်ပီဆွဲပေးဖို့ တောင်းဆိုထားတာတွေကိုလည်း ၁၂နာရီ မထိုးခင် ပို့ပေးရမယ်။ ငါအချိန်မီမှဖြစ်မယ်။ ဒါမှမဟုတ် ရှင့်စီမံကိန်းမန်မေဂျာက စိတ်ဆိုးနေဦးမယ်။ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းကလို ကော်ပီဌာနကလူတွေနဲ့ စကားပြောမိနေလို့ အစည်းအဝေးနောက်ကျတာမျိုး မဖြစ်စေရဘူး။ အစည်းအဝေးအကြောင်းအရာကို အာရုံထားပြီး အုပ်စုအတွက် အကြံဉာဏ်အများကြီးပေးနိုင်အောင် ကြိုးစားမယ်။ ပြီးလို့ ရုံးပြန်ရောက်ရင်  ငါ…’ စသည်ဖြင့်။

သင့်ကိုယ်သင် ပြန်ကူညီသည့်အနေဖြင့် သင်အနေအထားအမျိုးမျိုးတွင် ရေရာတိကျမှုမရှိခြင်း (ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဗြုတ်စဗျင်းတောင်းပါဖြစ်ခြင်း) အတွက် အကြောင်းအရင်းကိုဖော်ထုတ်ပါ။ လိုအပ်သလို ရှင်းလင်းပြတ်သားမှုရှိအောင် ဘာလုပ်နိုင်မည်နည်း။ သင် စိတ်ပူပန်မှုဖြစ်ခဲ့လျှင် သင့်ကိုယ်သင် ရိုးရှင်းအောင်လုပ်နိုင်သည့်၊ သို့မဟုတ် တိကျပြတ်သားအောင်လုပ်နိုင်သည့် ‘စိတ်ပိုင်းဆိုင်ရာ ဗြုတ်စဗျင်းတောင်း’ ရှိလို့ရှိငြား စိစစ်ပါ။

ကျွန်မ အသုံးပြုသည့်နည်းလမ်းတစ်ခုမှာ၊ ဦးတည်ချက်ပန်းတိုင်ကြေညာချက်ကို ‘စာလုံးရေ ၂၀၊ သို့မဟုတ် ၂၀ အောက်ရေးသားခြင်း ဖြစ်သည်။  ကျွန်မ ထိုနေ့တွင် လုပ်လိုသည့်အရာတိုင်းကို ချရေးပြီး ကျွန်မ၏ စိတ်ဖိစီးမှုခံစားချက်များ၊ အခြားလူများ၏ လိုအပ်ချက်များ၊ ငွေရေးကြေးရေး၊ စသည့် ဗြုတ်စဗျင်းတောင်း အပိုများကို ထည့်ရေးမည်ဆိုလျှင် စာပိုဒ်နှစ်ပိုဒ်ကောင်းစွာရပေမည်။ သို့သော် ကျွန်မလုပ်သည်မှာ ကျွန်မ ဖြစ်ထွန်းလိုသည်ကို ကွန်ပျူတာဖြင့် စာစီသည်။ ထို့နောက် စာလုံးရေးကို စစ်ကြည့်သည်။

များသောအားဖြင့် စာလုံးရေသည် တစ်ရာ၊ သို့မဟုတ် ထို့ထက်နည်းရန် ဖြစ်သည်။ ကျွန်မ၏ဦးတည်ချက်မှာ စာလုံးရေ ၂၀၊ သို့မဟုတ် ထို့ထက်နည်းရန် ဖြစ်သည်။ စာလုံးရေ တစ်ရာကို ၂၀ ဖြစ်အောင် စစ်ထုတ်ပြီး ပြေပြစ်အောင်လုပ်သည့် လေ့ကျင့်ခန်းသည် အံ့ဩဖွယ်ရာကောင်းသည်၊ ဖိစီးမှုများလွန်းလှသည်ဟု ထင်မှတ်ရသည့်လုပ်ငန်းသည် ပေါ့ပါးပြီး ပိုင်နိုင်စွာလုပ်ကိုင်နိုင်သည့် ခံစားချက်ပေးသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။