ရသ

ငါးခုံးမ (အပိုင်း-၁)

By HapEye.net

February 21, 2020

ငါးခုံးမ ~~~~ လောကဓာတ်တစ်ခုလုံး အပူဓာတ် ဖုံးလွှမ်းလျက်ရှိသည်။ ရာသီကား နွေရာသီဖြစ်၏။ လ၏ အလိုဆိုလျှင် အသက်ငင်၍ တပေါင်းဘက်သို့ ဝိညာဉ်ကူးခါနီးဖြစ်သည်။

စိတ်ကူးယဉ်ဆရာတို့က “တပို့တွဲ ပေါက်လဲရယ်တဲ့ငုံစီစီ၊ ဖူးတံတွေကချီ” ဟူ၍ သာယာသော တေးသံကို ဖွဲ့ဆိုခဲ့လေသည်။ သို့ရာတွင် နံနက်မိုးသောက်မှသည် နေဝင်မိုးချုပ်သည့်တိုင်အောင် ပူပြင်းလှသောနေမှာ စာဆိုတော်ပဏ္ဍိတ်တို့၏ စိတ်ကူးကို အရူးလုပ်၍သရော်နေသည်။

သို့ပေမယ့် လ,မြတ်,လထွတ် ဖြစ်သော တပေါင်းလသည် မဝေးတော့ပြီ။ ထိုသရော်ခါ “လတပေါင်း၊ ခအောင်းရယ်တဲ့ ပွင့်ချိန်တန်” ဟု အသံဝါကြီးနှင့် တအားကုန်အော်ကာ စာဖွဲ့ရခြိမ့်မည်။

သို့သော် သည်နှစ်လ ဘယ့်လောက်ပဲထွတ်ထွတ်၊ သည်နှစ်လလောက် အပူလွန်ကဲသောလ ဘယ်လမှ မရှိဟု ငဘသိသည်။ လယ်ကွင်းတွေ ပက်ကြားအက်ကုန်ပြီ။ တဲဘေးရှိ တလင်းပြင်ကလေးမှာ နွားချေးကျစက၊ သနပ်ခါးထူထူ လိမ်းထားသည့် မိဖော့မျက်နှာအတိုင်း၊ ပြောင်တင်းချောမွေ့နေသည်။ ယခုတော့ တလင်းကလေးမှာ အမယ်အိုရွတ်တွကြီးမျက်နှာလို အက်ရာထင်နေပြီ။ ရွှေအဆင်းကဲ့သို့ ဝါဝင်းသောရိုးပြတ်တို့မှာ အရောင်လွင့်၍ မွဲခြောက်ခြောက်ရှိနေပြီ။ လယ်ကွင်းကိုဖြတ်၍ တောတန်းဘက်သို့ ခေါင်းကိုမြေနားကပ်ပြီး ငုံ့ကြည့်သူသည် မြေငွေ့အရှိန်ကြောင့် ရိပ်ရိပ်ရိပ်ရိပ်နှင့် အရာဝတ္ထုများ လှုပ်ရှားနေသည်ကို မြင်နိုင်ပေမည်။ လောကဓာတ်ဆရာတို့၏အလို အလင်းရောင်သွေဖည်ခြင်း ဖြစ်သည်။ သိပ္ပံပညာကို ကကြီးပုတ်လောက်ရေး၍မှ နွားထီးမှန်းနွားမမှန်းမသိသူ ငဘအဖို့မူ၊ သွေဖည်တာတော့ သွေဖည်တာပဲ၊ ဘာတွေသွေဖည်သလဲတော့ မဆိုနိုင်။ သူ့စိတ်ထဲမှာ ခါတိုင်းပူနေကျဖြစ်သော နွေဥတုသည် အခုအခါမှ ဖောက်ပြန်သွေဖည်ပြီး၊ အပူကြီးနေရော့သလားဟု ထင်မှတ်မှားမိသည်။

လယ်ကွင်းထဲမှာ လေပွေကလည်း ခဏခဏမွှေ့သည်။ တောင်တန်းစပ်က ချောင်းဦးတိုမှာလည်း ရေနည်းသွားပြီ။ ငါးခူ၊ ငါးရံ့၊ ငါးပျဉ်မ စသည်တို့မှာ ရေပူတွင်ပေါလောမျောပြီး ပုပ်၍ပင် နေချေပြီ။ စောစောက ငဘသိလျှင် တမံတုတ်ပြီး ငါးဖမ်းလိုက်ရသော် ငါးရံ့ခြောက် ခွက်တစ်ဆယ်လောက်တော့ အနည်းကလေးရမှာပေါ့။

ယခုလို ၁၃၀၄ ခုနှစ်၊ တပေါင်းလမျိုးကို ငဘ ကိုယ်တွေ့ဖြစ်လေရာ သူလည်း ကဗျာဆရာ့အနေနှင့် စိတ်ထဲမှာ စာဖွဲ့ကောင်းဖွဲ့မိပေမည်။ သူဖွဲ့မည့် ကဗျာမှာ ယခုကာလ နောက်ဆုံးပေါ် တက္ကသိုလ်ကျောင်းထွက် စာတတ်ပုဂ္ဂိုလ်များ၏ ကဗျာနှင့် စာလျှင် ကွဲပြားခြားနားချက် တစ်ချက်ပဲရှိသည်။ ထိုနောက်ဆုံးပေါ် ကဗျာ့ပါရဂူတို့က သူများစာကို ခိုးချသည့်အရာ ငဘထက်သာသည်။ ငဘကား လူရည်မလည်သေးသောကြောင့် ခိုးမချတတ်။ သူ့ပင်ကိုယ်ဉာဏ်ကို သုံးရရှာသည်။

“ဘယ်နှယ့်ဗျာ၊ ပူ-ပူလွန်းတော့တယ်။ အပြင်ကလဲပူ၊ အတွင်းကလည်း ပူ၊ နေရှိန်ရတဲ့အထဲ ရင်ထဲမှာ သောကမီးကလည်း ခြစ်ခြစ်တောက်လို့ ပူ၊ သားသမီးအတွက်ကလည်း အကြောင့်အကြမကင်းလို့ ပူ၊ ကာလပျက်ခါနီးမှာ စပါးဈေး ကျသွားမှာစိုးလို့ ပူ၊ ကာလပျက်လျှင် လူဆိုးအတွက် ပူ၊ အထူးသဖြင့် ဖြိုးတုပ်ကို ကြောက်ကြောက်ပြီး ပူ၊ ဟိုသင်းအတွက်လဲ ပူ၊ သည်သင်းအတွက်လဲ ပူ၊ သြော် … ပူ … ပူ … ပူ”

ဤကား ငဘ၏ ကဗျာတည်း။ သူ့ကဗျာမှာ တပူပူမြည်နေသော ကဗျာဖြစ်၏။ မြည်လည်းမြည်လောက်ပါပေသည်။ တို့ဗမာပြည်မှာ တပေါင်းလ ကျရောက်ခါမှပဲ စပါးကလေးရောင်းပြီး၊ ငွေမြင်ကြရသည်။ သည်တော့မှပဲ၊ တောသားတွေ ပိုက်ဆံ ဖောတော့သည်။ ပိုက်ဆံ ဖောတော့မှပဲ၊ ဘုန်းကြီးပျံပွဲတွေ တခြိမ့်ခြိမ့် ခံရသည်။ ဘုန်းကြီးပျံ ရှိမှလဲ၊ ကြက်တိုက်ဖဲရိုက်လို့ ပျော်သည်။ ကြက်ဝိုင်း ကောင်းပြန်တော့လဲ၊ တယ်ပြိး ရှုံးလှချည့်ကလား၊ ရှုံးတော့လဲ စိတ်ညစ်သည်။ စိတ်ညစ်မှလည်း မီးတောက်တဲ့ တောအရက်ကလေးက သောက်ကောင်းသည်။ သောက်ကောင်းတော့လဲ မူး၊ မူးကောင်းတော့လဲ ရမ်း။ ရမ်းကောင်းတော့လဲ ဒေါသထွက်။ ဒေါသထွက်တော့လဲ ရန်ဖြစ်လို့တယ်ကောင်း။

ထို့ကြောင့်လည်း ဤ လ မျိုးကို ရာဇဝတ်မှု ပြဒါးချိန်တစ်ရှိန်တည်း တိုးတက်လာသော လ ဟူ၍ အုပ်ချုပ်ရေးပါရဂူတို့က အမှတ်အသားပြုကြသည်။

ယခုလည်း သည်လမှာ အင်္ဂလိပ် ဟိုနေ့ပြေးတော့မလို၊ ဒီနေ့ ပြေးတော့မလို၊ နေ့တစ်မျိုး၊ ညတစ်မျိုး ကြားနေရသည်။ အမယ်လေး၊ ဘယ်သူ့ယုံပြီး ပုံခဲ့မှာလဲ။ လောဘမီး ဒေါသမီးတို့သည် “ဘုန်းမီး နေသို့ တောက်လတ္တံ့” ဟူသော တဘောင် အလိုအရ တဟုန်းဟုန်းထ၍ လောင်တော့မည်။

တပေါင်းလလည်း ဆန်း၍ လာချေပြီ။

ငဘမှာ ပူအိုက်လွန်း၍ တဲရှေ့ကွပ်ပျစ်ပေါ်တွင် လဲလျောင်းနေရင်း၊ လမင်းကို အာရုံစိုက်၍ နေသည်။ ပစောက်ကလေး ပက်လက်လန်နေသကဲ့သို့ ယက်ကန် ယက်ကန်နှင့် တဖြည်းဖြည်း တွားသွားနေသော သုံးရက်လ ခမျာမှာ၊ မျက်စိ ပေကလပ် ပေကလပ် လုပ်၍နေသော ကြယ်အပေါင်းတို့၏ အလယ်တွင် မျက်စိသူငယ် ဖြစ်နေရရှာသည်။ ကြယ်အပေါင်း ခြံရံပါလျက်ကနှင့်၊ ဖိုးရွှေလမင်းကလေးမှာ အာကာသထဲတွင် ယောင်လည်လည် နေရရှာသည်။ လူထုအပေါင်း ဝိုင်းရံလျက်နှင့်လည်း၊ လယ်သမား ငဘမှာ လောကကြီးထဲတွင် မျက်စိလည်ရတော့မည်။

သို့သော်၊ အင်း နံဘေးမှာ မိဖော့ အရိုသေသားပဲ။

မိဖော့က နို့ဝသွားသော သားငယ်ကလေး တခွီးခွီးဖြင့် အိပ်ပျော်သွားသည်ကို သူနှင့်သူ့လင် နှစ်ဦးကြားထဲတွင် ချ၍သိပ်နေသည်။ ထဘီက ကပိုကရိုနှင့် မိဖော့၏ ချက်အောက်ကို ဖုံးထားသည်။ ကြယ်ရောင်တွင် မိဖော့၏မျက်နှာကို ငဘ မြင်ရသည်။ သည်လိုညမျိုးမှာ မိဖော့ကို မြို့သူကလေးများလို လက်ကျပ်အင်္ကျီကလေး ဝတ်စေပြီး ပုတီးလက်ကောက်ဒွါဒယာ စသည်တို့ ဆင်ပြင်ပေးလိုက်ရလျှင်၊ “မိုးနတ်ဒေဝီ၊ မေဘရဏီ တနူန်းကဲ့သို့” ငါ မြင်ရမှာပဲ၊ သြော်၊ ငါတို့ လယ်သမားတွေဟာ ဒီလို စည်းစိမ်မျိုးကို ဘယ်ဘဝကျမှ မှန်းနိုင်ပါ့မလဲ။ မိဖော့ကို ခိုးပြေးတဲ့နှစ်တုန်းကလဲ ဒီ လယ်ဧကအစိတ်၊ ယခုလဲ အစိတ်ပဲ၊ အင်း … ၊ ဘိုးအေလက်ထက်တုန်းက ဧက လေးဆယ်ထိအောင် လုပ်ငန်းချဲ့ထွင်ဖူးပါရဲ့။ ဒါပေမယ့် စပါးပေးအတိုးကြီးလို့၊ အဘိုးမသေခင် တစ်နှစ်လောက်မှာ ငါ ရှင်ပြုတဲ့အကြွေးတွေ ဆပ်လိုက်ရလို့၊ ဒုံရင်းပြန်ကြတာပါပဲလား။ ဟယ်-ယောက်ျားပဲ။ ယခု ဦးသာဂေါင့်ဆီမှာ အပ်ထားတဲ့ စပါးနှစ်ရာကို ဈေးကောင်းကောင်းရောင်းရလျှင်၊ သူ့ဆီမှာ နောက်ထပ်တရှဉ်းထွန်လောက် တိုးချဲ့နိုင်ဖို့ ပြောရဦးမှာပဲ။

ငဘသည် အတွေးပင်လယ်ကြောထဲတွင် ပေါလောပေါ်၍နေသည်။ မိဖော့က ကလေးမနိုးအောင် အသာရွှေ့ပြီး ငဘ အနားကပ်သည်။ ငဘက သက်ပြင်းရှူလိုက်သည်။

“ဒီမှာ-ကိုယ်က ဘာများတွေးပြီး စိတ်မောနေတာလဲ”

“ရှေ့ရေး နောက်ရေးပေါ့ကွယ်။ တို့သမီးလေးလဲ ကြီးလာပြီ။ ကြိုးစား ပမ်းစား အလုပ်လုပ်တဲ့ နောက်လိုက်ကောင်းကောင်းတစ်ယောက်တွေ့ရင်၊ တစ်ခါတည်းသာ ပေးစားလိုက်ချင်တော့တာပဲ”

“ကျုပ်သမီးက ငယ်ပါသေးတယ်တော့” “ငါတော့ မြန်မြန်ကြီးသစေ့ချင်ပြီကွယ်။ ဒါမှ တို့သမက်ကလေးက ရင်မြေက ထုတ်လုပ်ပြီး၊ ကြိုးစားလိုက်ရင် လေးငါးခြောက်နှစ်အတွင်း ဧကခြောက်ဆယ်လောက်တော့ နိုင်နိုင်နင်းနင်း ဦးစီးနိုင်မှာပဲ။ သြော်၊ လယ်သမားဘဝ၊ တယ်ပင်ပန်းလှပါကလား။ ဘယ်တော့မှ ကိုယ့်လက် ကိုယ့်ချောင်းနဲ့၊ လူလူသူသူ နေရတော့မှာလဲ”

ငဘက မိဖော့၏နဖူးဆံစကလေးများကို သူ့လက်ကြမ်းကြီးနှင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ချူသံပါအောင် ညည်းလိုက်သည်။ မိဖော့က ဆေးပေါ့လိပ်ကို လိုက်စမ်းရင်း ငဘကို ကျောပေး၍ လှည့်လိုက်သည်။ ဆေးပေါ့လိပ်ကို တွေ့သောအခါ မီး မသေသေးသည်နှင့် တဖြည်းဖြည်းဖွာရင်း သူ့အတွေးနှင့်သူ ငြိမ်သွားပြန်သည်။

“အင်း၊ ငါ့လင်တော့ အလုပ် ဇွဲ တယ်ပြင်းတာပဲ၊ သူကြံသလိုလေး-ငါးနှစ်အတွင်း မယ်လယ်ဧကခြောက်ဆယ်လောက် ထွန်နိုင်ရင် ဝမ်းစာစပါးက အနည်းဆုံး တစ်နှစ်တစ်ရာတော့ လှောင်နိုင်မှာပဲ။ ဦးသာဂေါင့်ဆီက စပါးလဲ နှစ်ရာကနေပြီး လေးငါးရာအထိ ပွားလာမှာပဲ။ ဘယ်နည်းနဲ့မဆို တစ်နှစ်တစ်နှစ် ငွေသုံးလေးရာ အနည်းကလေး ပိုမယ်။ သြော် ဒီလိုဆိုတော့လဲ သမီးကို နေရာချဖို့၊ သားတွေရှင်ပြုဖို့၊ ဗာဟိရတွေများလာတော့ တို့တဲကလေးနဲ့နေလို့ တင့်တယ်မှာ မဟုတ်ဘူး၊ အင်း-တို့ကွင်းမှာ တို့လူရည်တတ်ဦးမှာပေါ့၊ သူကလဲ လူရိုးကြီးဆိုတော့ မနှစ်က ကောက်စိုက်လာတဲ့ ချစ်ပုကြီးတို့လိုဟာမျိုးနဲ့ တွေ့သွားရင် သူ စိတ်ပြောင်းသွားမလားမသိဘူး”

မိဖော့ဦးနှောက်ထဲသို့ နောက်ဆုံးတွေးလုံးကလေး ကပ်သီးကပ်သတ် ဝင်သွားသည်နှင့် တပြိုင်နက် မိဖော့မှာ သူ့လင် နက်ဖြန်သန်ဘက်ခါပဲ မယားငယ် ယူတော့မည့်အတိုင်း စိုးရိမ်ပူပန်မိသည်။

“ဒီမှာတော့ ဒီမှာ” ဟု မိဖော့က ငေါက်ဆတ်ဆတ်နှင့် ခေါ်ကာ ငဘမျက်နှာဘက်သို့ လှည့်လိုက်သည်။

ငဘက အလန့်တကြား “ဟေ-ဘာလဲဟ” ဟု ပြန်အော်လိုက်သည်။

မိဖော့က ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်ပြီး ဆေးလိပ်ကို ပါးစောင်တွင်ခဲ၍ ဖွာရင်း ဗြောင်ဖွင့်မေးကြည့်လျှင် ကောင်းမလားဟု စဉ်းစားခန်းထုတ်သည်။ သူ ဖွာလိုက်သော မီးရောင်တွင် မိဖော့၏ ကပိုကရိုပုံပန်းကို ငဘ မြင်ရ၏။ အို-တယ်သာဆိုရ အပျိုက ရှုံးလောက်သော သူ့ကိုယ်လုံးကိုယ်ပေါက်ကလေးမှာ ငဘကို မြှူနေသည်။ ငဘကလည်း ယခုနေအခါ မိဖော့ရင်ပြင်မှာ “အင်မစီ” ကြိုးကလေး တွဲလောင်းခိုနေလျှင် ပိုပြီး ကြည့်ကောင်းမှာပဲဟု တွေးမိသည်။

“ဒီမှာ တော်နဲ့ ခဏခဏလှောင်တဲ့ ချစ်ပုကြီးတို့ ဘယ်ရောက်နေပလဲ။” “ဘယ်သိပါ့မလဲဟ သည်ကောင်မက အခြေရှိတဲ့ဟာမမှ မဟုတ်ဘဲ” “သူက ခပ်နန့်နန့်နော်” “အင်း ….”

“ဒီမှာ-တော်လေ၊ သားကြီးသမီးကြီးနဲ့၊ အပျော်လိုက်ချင်တဲ့စိတ်များ မထားနဲ့နော်၊ ကျုပ်တို့သမီးက မငယ်တော့ဘူး တော်ရေ့၊ တော်တော်ကြာ လူကဲ့ရဲ့စရာကြီး ဖြစ်နေပါဦးမယ်”

ငဘက မိဖော့၏ပါးကို တံစဉ်ကဲ့သို့ ရှသော လက်ဝါးကြမ်းကြီးနဲ့ ပွတ်၍ “ဘယ်ကလာပြီး ကြံကြီးစည်ရာကွာ၊ မဟုတ်တာဘဲ” ဟု အသံလေးကြီးနှင့် ပြောလိုက်သည်။

“အော်-စိုးရိမ်လို့ ပြောရတာ တော်ရေ့၊ တော်တော်ကြာ မယားနှစ်ယောက်ကြား ဗျာများနေမှာစိုးလို့”

“ကွယ်-ဒီလောက် ပေါင်းလာမှပဲ၊ စိတ်မချသေးဘူးလားကွာ။ ငါက ဒါမျိုးတွေကို စိတ်မဝင်စားဘူး လဟ။ မင်းတို့ သားအမိတစ်တွေ ဘုရားသွားကျောင်းတက်ရင် လူလူသူသူ သွားလာနေထိုင်နိုင်လောက်အောင်လို့ချည်း တွေးတွေးပြီး ပူနေရတယ်။ ဒီနှစ် စပါးကို တလင်းခြင် တစ်ပိဿဈေးနဲ့ ရောင်းရရင် ….”

“အရပ်က ပျက်နေပြီ တော်ရေ့”

ငဘအဖို့ သည်စကားသည် အမင်္ဂလာအစစ်ဖြစ်ကြီး ဖြစ်သည်။ သာယာသောညမှာ အပူပြင်းပြင်းကို ညင်းလေပြေက ဖြေဖျောက်နေတုန်း မိဖော့နှင့် ရှေ့ရေးနောက်ရေး တိုင်ပင်ရသည်မှာ အရှင်လတ်လတ် နိဗ္ဗာန်ရောက်ခြင်းပင် ဖြစ်သည်။ ယခုမူ သည်စကားကြောင့် နိဗ္ဗာန်ကို လက်လှမ်းအမီတွင် အဝီစိသို့ ဇောက်ထိုးပြန်ဆင်းရသည်နှင့် တူလေသည်။

“သိကြားသာသနာကလဲ နီးလာပြီကိုးကွဲ့၊ မတော်သူ့ထိပ်၊ တော်သူ့ထိပ်ဆိုတဲ့ သိကြားမင်းရဲ့ ဝရဇိန်လက်နက်တွေ မြင်ရဦးမှာပေါ့ကွယ်”

ယင်းသို့ ညည်းတွားကာ ငဘက သက်ပြင်းချသည်။ မိဖော့က သူ့ညာဘက်လက်ကို ငဘ၏ရင်ပေါ်သို့ တင်လိုက်သည်။

ငဘက မိဖော့ကြောက်မည်စိုး၍ တစ်ကြောင်း၊ သူလည်း စိတ်သက်သာရာရချင်၍ တစ်ကြောင်း ဤအကြောင်းကြောင်းတို့ကို ထောက်ရှု၍ မိဖော့၏လက်ကို မလွှဲသာသဖြင့် ဖမ်းဆုပ်ထားရသည်။ စိတ်ထဲကတော့ အပါသား။

ညင်းလေပြေသည် မိဖော့နှင့် ငဘတို့၏ ရင်ခွင်ထဲသို့ ခေါင်းလျှိုဝင်ကာ တွတ်တီးတွတ်တာ လုပ်နေသည်။

ငဘနှင့် မိဖော့တို့ စိတ်ထဲတွင်ကား ပူလောင်လှသော ကမ္ဘာကြီးထဲမှ အလွတ်ရုန်းကာ သုခအမြိုက်နှင့် ပြည့်စုံလှသော လောကနိဗ္ဗာန်တံခါးဝသို့ ရှေးရှုနေကြလေပြီဟု ကိုယ့်စိတ်ကို ကိုယ်လှည့်စားထားလိုက်ကြသည်။

သို့သော် သူတို့နှစ်ဦးစလုံး ဤကမ္ဘာကြီးထဲတွင်ပင် ကျင်လည်လျက်ရှိနေသေးသည်ကို သတိရစိမ့်သောငှာ၊ တစ်ဖက်တောတန်းမှ အုန်းအုန်းမြည်သော အသံတစ်ခုက နှိုးဆော်လိုက်သည်။ အသံမှာ တောတန်းကို ကျော်နေရသဖြင့် တော်တော်နှင့် မသဲကွဲချေ။

“ဒီမှာ နားထောင်စမ်း၊ ဘာသံတွေလဲ မသိဘူး” ဟု မိဖော့ကပြောရင်း ငေါက်ခနဲ ထထိုင်ပြီးလျှင် ထဘီပြင်ဝတ်သည်။

အသံတို့မှာ ခွေးအူသံ၊ ကျီးလန့်သံ၊ ဘဲနိုးသံ၊ ကြက်ကတော်သံတို့၏ အကြားတွင် မြှုပ်သွားလိုက် ပေါ်လာလိုက် ဖြစ်သည်။ တစ်ချက် တစ်ချက် ပေါ်လာပြန်လျှင်လည်း တစ်ခဲနက်ဖြစ်သည်။

လင်မယားနှစ်ယောက် နားစွင့်ထောင်ကြသည်။ ထိုအတွင်း ဟော်ရီးထဲမှ ချောင်းဟန့်သံကြားရသည်။ မြတ်မွှေးနှင့် သာအိတို့လည်း အိပ်ရာက ထလာကြသည်။ မိနီကလည်း “အမေဘာလဲ” ဟု အိပ်ခန်းတွင်းမှ လှမ်းမေးလိုက်သည်။ မိဖော့ကမူ ကလေးတွေ လန့်မည်စိုး၍ အခါလည်သားကလေးကို ပွေ့ကာ အိပ်ရာထဲသို့ဝင်သည်။

အသံမှာ လူစုလူဝေးတို့ သံပြိုင် ဟစ်အော်နေသော အသံဖြစ်သည်။ အားလုံးနားစွင့်လိုက်ကြသည်။

မိနီက”ဟာ-ဟော-အဖေရေ့၊ မအေယိုး ဟေ့ လို့ ဆဲသံကြားတယ်” ဟု ဆို၏။

“ဟာ-ဆဲတာ ဟုတ်မယ်မထင်ပါဘူး လုံမရယ်။ ဟော-ဟော၊ နားထောင်စမ်း” ဟု မြတ်မွှေးက လက်ညှိုးကလေးကို ထောင်ကာပြောရင်း နားစွင့်လိုက်သည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

# Open More Online