ချမ်းသာကြွယ်ဝမှုနောက်တစ်မျိုး ~~~~ ၂၀၀၆ ခုနှစ်၊ ဇွန်လမှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး၊ “စတော့ပ်ဘုရင်”လို့ တင်စားခံရတဲ့ အမေရိကန် နာမည်ကြီး ရင်နှီးမြှုပ်နှံသူ ဝါရင်ဘတ်ဖတ် (Warren Buffett) ဟာ ဒေါ်လာ သန်း ၃၇,၀၀၀ကို ပရဟိတလုပ်ငန်းတွေ အတွက် လှူဒါန်းလိုက်ကြောင်း ကြေညာခဲ့တယ်။ ဒီငွေတွေဟာ သူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းရဲ့ ၈၉%ခန့်ရှိပါတယ်။ နယူးတိုင်းမ်သတင်းထောက်တစ်ဦးက ဘတ်ဖတ်ကို “ဒီလောက်များတဲ့ငွေတွေကို ခင်ဗျားလှူဒါန်းပစ်လိုက်တယ်၊ ခင်ဗျားသားသမီးတွေ အတွက် ခင်ဗျား ဘာချန်ထားခဲ့မှာလဲ” လို့ မေးမြန်းခဲ့တယ်။ ဘတ်ဖတ်က “ကျွန်တော့် သားသမီးတွေ အတွက် တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေ ကျွန်တော်ပေးပြီးသာပါ” လို့ ဖြေတယ်။ “သားသမီးတွေ ငယ်ရွယ်စဉ်အခါက သူတို့အပေါ် ကျွန်တော်တောင်းဆိုမှုမများခဲ့ဘူး။ သူတို့လုပ်ချင်တာကို ကျွန်တော်ပေးလုပ်ခဲ့တယ်။ ရွှံ့တွေဆော့တယ်။ ပန်းပင် မြက်ပင်တွေနဲ့ ကစားတယ်။ သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။ လယ်တောထဲ ပြေးလွှားဆော့ကစားတယ်။ ဒါတွေဟာ ကျွန်တော့် ကလေးတွေရဲ့ ငယ်စဉ်ဘဝပဲ။ ကလေးတွေ ပျော်ရွှင်ဖို့ ကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပါတယ်။ သူတို့ပျော်ရွှင်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးခဲ့ပါတယ်။ ကစားဖို့နေရာတွေကို ပိုရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ သူတို့ကို လုပ်ငန်းရှင်ကြီးတွေ ဖြစ်ရမယ်လို့ ကျွန်တော် ဘယ်တော့မှ မတောင်းဆိုခဲ့ဖူးပါဘူး။ သူတို့နှစ်သက်တာတွေကို သူတို့ရွေးချယ်စေခဲ့တယ်။ နောက်တော့ ကျွန်တော့သားကြီး ဟောင်းဝါ့ဒ်()က ဓာတ်ပုံဆရာဖြစ်လာခဲ့တယ်။ ကျွန်တော့်သားငယ် ပီတာ()က ဂီတသမားဖြစ်လာခဲ့တယ်။ ကျွန်တော့်သမီး ဆူစန်()က အိမ်ထောင်ရှင်မဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အိမ်မှုကိစ္စတော်တော်များများ သူ မလုပ်ပါဘူး။ သူတို့ဟာ သူတို့ အလုပ်နဲ့ သူတို့ ပျော်ရွှင်နေကြပါတယ်။” “သားကြီး ဟောင်းဝါ့ဒ် စီးပွားရေးလုပ်တာ ရှုံးနိမ့်သွားတဲ့ အချိန် သူ့ကို ကျွန်တော်မကူညီချင်ခဲ့ဘူး။ သူကိုယ်တိုင် လဲကျရင် သူကိုယ်တိုင်ထရပ်ရမှာပါ။ ဒါပေမယ့် ကျွန်တော့်ဇနီးရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကြောင့် ဟောင်းဝါ့ဒ်အတွက် ကျွန်တော် စိုက်ပျိုးခြံ တစ်ခြံဝယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီခြံအတွက် အဆမတန်ကြီးတဲ့ မြေငှားခကို ဟောင်းဝါ့ဒ်ပေးရပါတယ်။ ငှားခမပေးနိုင်ရင် ခြံကို ချက်ချင်းသိမ်းမယ်။ ဒီလို စိန်ခေါ်မှုကို ရင်ဆိုင်ရဲလားလို့ ဟောင်းဝါ့ဒ်ကို ကျွန်တော်မေးခဲ့တယ်။ သူက ဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်အကြာမှာ သူ့ခြံစီးပွားဖြစ်ထွန်းခဲ့ပြီး ခြံလုပ်ငန်းကို ချဲ့နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ စီးပွားရေးလုပ်တာဟာ သူ့ကို ပျော်ရွှင်မှုမပေးနိုင်ဘူးလို့ ဟောင်းဝါ့ဒ်သိလိုက်တာနဲ့ စီးပွားတက်နေတဲ့ လုပ်ငန်းတွေကို သူ စွန့်ပစ်ခဲ့ပြီး အခု ဓာတ်ပုံလုပ်ငန်းလုပ်နေပါတယ်။ သူ အခုလုပ်နေတာ မဆိုးပါဘူး” “ဒီကနေ့ ရလဒ်ကို ကျွန်တော်ပိုင်ဆိုင်နေရတာက ကျွန်တော်ဟာ အမြဲတွေးတောတယ်။ ပြီးရင် စည်းကမ်းချက်တွေ ထုတ်ပြန်လို့ပါပဲ။ ဒါကြောင့် ကလေးတွေကို တွေးတောတတ်တဲ့အကျင့်မွေးပါလို့ ကျွန်တော်အမြဲပြောတယ်။ အမြဲတွေးတောရင် တွေးတောတတ်သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ဟောင်းဝါ့ဒ်ဟာ သူ့ခြံလုပ်ငန်းနဲ့ ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်တဲ့နောက် သူဟာ ဈေးကွက်သတင်းတွေကို မပြတ်စုစည်းခဲ့တယ်။ ပြီးရင် အနှစ်ချုပ်တွေးတောတယ်။ ဒါကြောင့် စီပွားရေးတိုးတက်သထက် တိုးတက်ခဲ့တယ်။ ဓာတ်ပုံလုပ်ငန်းမှာလည်း တွေးတောမှုက သူ့ကို အကျိုးရလဒ်တွေ ဖြစ်ထွန်းစေခဲ့ပါတယ်။ သားငယ်ပီတာကလည်း တိတ်ဆိတ်ငြိမ်သက်ချိန်မှာ အသစ်တွေ ဖန်တီးနိုင်ဖို့ တွေးတောတယ်။ ဉာဏ်ကွန့်မြူးတယ်။ နောက်တော့ လူတော်တော်များများကို ထိရှခံစားစေခဲ့တဲ့ ဂီတတွေကို သူ ဖန်ဆင်းနိုင်ခဲ့တယ်။ သမီး ဆူစန်ကလည်း သူစိတ်ဝင်စားတဲ့ အရာတွေပေါ်မှာ တွေးတောရတာကို နှစ်သက်ခဲ့တယ်။” “အသက်ရှင်နေချိန်မှာ ပျော်ရွှင်ဖို့က အဓိကပါ။ သန်းကြွယ်တဲ့ ပစ္စည်းတွေက လူတွေကို ခွန်အားနဲ့ ကြီးပြင်းမှုတွေ မပေးနိုင်ပါဘူး။ လူတွေရဲ့ စိတ်အားထက်သန်မှုနဲ့ တွေးတောမှုတွေကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ သေချာတဲ့ အဓိပ္ပာယ်နဲ့ ပြောရရင် ငွေကြေးဆိုတာ အဓိပ္ပာယ်မရှိတဲ့ ဂဏန်းအက္ခရာတွေပါ။ အကောင်းမြင်စိတ်ရှိသူ၊ မိမိကိုယ်ကို ယုံကြည်စိတ်ရှိသူ၊ သတ္တိရဲရင့်သူ၊ အမြဲတွေးတောသူတွေကမှ ပျော်ရွှင်ပြီး အနှစ်သာရရှိတဲ့ ဘဝကို ပိုင်ဆိုင်ရပါတယ်။ ဒါကြောင့် တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေကို ကျွန်တော့် သားသမီးတွေ အတွက် ကျွန်တော်ပေးခဲ့ပြီးပါပြီလို့ ပြောချင်ပါတယ်” ဘတ်ဖတ်ပြောတာတွေကို နားထောင်ပြီးတဲ့နောက် သတင်းထောက်က အံသြမှင်တက်သွားခဲ့ပါတယ်။ အဲဒီနောက် အဲဒီ စကားတွေကို အချက်သုံးချက်နဲ့ အနှစ်ချုပ်နိုင်ခဲ့ပါတယ်။ လူ့ဘဝရဲ့ တန်ဖိုးရှိတဲ့ ဥစ္စာပစ္စည်းတွေဆိုတာ… လူငယ်တွေကို ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ခံစားသိရှိစေပြီး အဲဒီလို ခံစားသိရှိနိုင်ဖို့ အခွင့်အရေးတွေ ပေးတာပဲ ဖြစ်တယ်။ ပြီးတော့ သူတို့ ဝါသနာပါရာ၊ သူတို့နှစ်သက်ရာတွေကို လုပ်ကိုင်စေပြီး ပျော်ရွှင်ခြင်းကို တိုးမြှင့်ပေးတာဖြစ်တယ်။ ရှုံးနိမ့်သွားတာ၊ အောင်မြင်သွားတာက အဓိကမကျဘူး။ အဓိကကျတာက ပျော်ရွှင်တဲ့စိတ် မွေးမြူနိုင်ဖို့နဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ လုပ်ရဲကိုင်ရဲတဲ့ သတ္တိနဲ့ အကောင်းမြင်စိတ်ရှိဖို့ ဖြစ်တယ်။ ကြီးမားတဲ့ အောင်မြင်မှုကို ရယူဖို့ များများတွေးတော ရတယ်။ တွေးတောမှုထဲကနေ ဖန်တီးမှုတွေကို ဖြစ်စေတယ်ဆိုတာပဲဖြစ်တယ်။
စာရေးဆရာမ ⇒ Nine Nine Sanay @ နိုင်းနိုင်းစနေ