ဘဝနေနည်း

ကျန်းမာရေး အကြွေး

By HapEye.net

June 12, 2020

စက်ကိရိယာတွေကို မသုံးဘဲ ပစ်ထားတာကြာရင် သံချေးတက်သလိုပဲ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလည်း အလှုပ်အရှားနည်းရင် ဖောက်ပြန်ပျက်စီးတယ်။ ဒါကြောင့်လည်း ကိုယ်လက်လှုပ်ရှားမှုကို ကျန်းမာရေးအတွက် လုပ်ဖို့လိုတာ။ဘယ်သူမဆို နေသာသလို နေချပ်တာချည်းပဲ။ ‘အိပ်လို့ကောင်းတယ်၊ စားလို့ကောင်းတယ်၊ နေရထိုင်ရတာ သက်သောင့်သက်သာရှိတယ်ဆိုရင် အဲဒါ မကျန်းမာတော့မယ့် လက္ခဏာပဲ’လို့ ကျန်းမာရေး ပညာရှင်တစ်ယောက်က ပြောတယ်။ စားကောင်းတိုင်းစား၊ အလှုပ်အရှားနည်းလာရင် လူ့ကိုယ်ခန္ဓာက သံချေးတက်တော့မယ်။ အဆီတွေစု အဆီတွေပိတ်ပြီး မအီမသာဖြစ်တော့မယ်။ ဒါကြောင့် သိပ်ငြိမ်နေလို့ မဖြစ်ဘူး။ လှုပ်ပေးဖို့လိုတယ်။‘ငယ်ရွယ်နုပျိုချိန်မှာ တရားအားထုတ်ရမယ်လို့ မဟာစည်ဆရာတော်ကြီးက ညွှန်ပြဖူးတယ်။ ကျွန်တော်တို့က တရားဆိုတာ အသက်အရွယ်ကြီးမှာ အားထုတ်ရတာမျိုးလို့ ထင်တာ။ ကျွန်တော်တို့က တရားဆိုတာ အသက်အရွယ်ကြီးမှ အားထုတ်ရတာမျိုးလို့ ထင်တာ။ တကယ် အသက်ကြီးလို့ တရားအားထုတ်မယ်ဆိုတော့ ကြာကြာမထုတ်နိုင်တော့ဘူး။ ကိုက်ခဲနာကျင်နေတာနဲ့ပဲ တရားနဲ့ဝေးရော။ကျန်းမာရေးကိစ္စလည်း ဒီလိုပဲ။ ငယ်ရွယ်နုပျိုစဉ်ကတည်းက လေ့ကျင့်လိုက်စားမှ တန်ကာကျတာ။ အရိုးရင့်မှ၊ အကြောတွေမာမှ ထလုပ်ရင် အဆင်မပြေတော့ဘူး။ မကွေးနိုင် မညွှတ်နိုင် မလှုပ်ရှားနိုင်ဘဲ တောင့်တင်းနေမှာ ။ အရိုးအဆစ်တွေကလည်း သံချေးတက်လို့ မပျော့ပြောင်းတော့ဘူး။ ဗိုက်ခေါက်ထဲမှာ အဆီတွေစုပြီး ဖောင်းနေပြီ။ လည်ကုပ်က ကျီးပေါင်းတက်နေပြီ။ ဒူးကလည်း မခိုင်ချင်တော့ဘူး။ မနက်ဖြန်ဆိုရင် နောက်ကျသွားပြီ။ ဒီနေ့ပဲ ကျန်းမာရေးအတွက် စလှုပ်ရှားရမယ်။အရွယ်ကောင်းစဉ်ကတည်းက ကျန်းမာရေးမလုပ်ဘဲ ပစ်ထားမိလို့ ကျန်းမာရေးအကြွေးတင်သွားရင် အချိန်တန်တော့ ပြန်ဆပ်ရတယ်။ အရင်းတွင်မက အတိုးနဲ့ပါ ဆပ်ရတာ။ တစ်သက်တာ ရှာဖွေခဲ့သမျှ ဆေးရုံဆေးခန်းက စားဖို့ ဖြစ်သွားတယ်။ ငွေကုန်ရုံမက ကိုယ်က ဝေဒနာ ခံစားရသေးတယ်။မကျန်းမာရင် ဘာမှ လုပ်လို့မရတော့ဘူး။ စီးပွားလည်း မရှာနိုင်ဘူး။ အလှအပတွေ အနံ့အရသာတွေတောင်မှ ပြည့်ပြည့်ဝဝ ခံစားလို့ မရနိုင်တော့ဘူး။ ကျန်းမာရေးတော့ အကြွေးမထားတာ အကောင်းဆုံးပါပဲ။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။