ဘဝနေနည်း

ကျန်းမာပျော်ရွှင်သက်ရှည်စေရန် ပြုပြင်သင့်သော အကျင့်ဆိုးများ

By HapEye.net

June 10, 2020

“ ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည်နေနိုင်ဖို့ရာ သင့်ရဲ့ဘဝနေထိုင်မှုပုံစံ၊ သင်ရွှေးချယ်တဲ့အစားအသောက်၊ သင့်မျိုးရိုးဗီဇတွေအပြင် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အပြုအမှုကောင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ သင်ပြုလုပ်နေကျ အပြုအမှုတွေဟာ သင့်အနေနဲ့ ဘာမှမဖြစ်လောက်ဘူးလို့ ထင်ရပေမယ့် ကျန်းမာရေးအတွက် အကျင့်ဆိုးတွေ ဖြစ်နေနိုင်တာမို့ ပြုပြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ “

 တစ်ချိန်လုံး ထိုင်နေခြင်း

    ထိုင်ပြီးအနားယူတာက ခန္ဓာကိုယ်နဲ့ စိတ်နှစ်မျိုးစလုံးအတွက်ကောင်းတယ်လို့ ယူဆရပေမယ့် အထိုင်များလွန်းတာက ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ အထိုင်းများတဲ့ ဘဝနေထိုင်မှုပုံစံရှိသူတွေက မကျန်းမာဆုံးဖြစ်တယ်လို့ အမျိုးသမီးကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူများက ထုတ်ဖော်ထားပါတယ်။ သင့်အနေနဲ့ တစ်ပတ်အတွင်းမှာ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို အနည်းဆုံး မိနစ် ၁၅၀(၂ နာရီခွဲ) ဒါမှမဟုတ် အေရိုးပစ်လိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ၇၅ မိနစ် ( ၁ နာရီ ၁၅ မိနစ်) ခန့် ပြုလုပ်သင့်တယ်လို့ သူကအကြံပေးထားပါတယ်။ ဒါ့အပြင် အလေးမတာလိုမျိုး ခွန်အားသုံးလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်သင့်ပါတယ်တဲ့။ ဒီလိုပြုလုပ်တာကြောင့် ကြွက်သားနဲ့ အရိုးတွေသန်မာလာပြီး ဇီဝရုပ်ဖြစ်စဉ်တွေ မြင့်တက်လာနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး နှစ်ရက်ခန့် ခွန်အားသုံးလေ့ကျင့်ခန်းကို မဖြစ်မနေ ပြုလုပ်ပါ။

အရက်ပုံမှန်သောက်နေခြင်း

    အရက်သောက်တာများလွန်းရင် ကျန်းမာရေးဆိုးရွားစေနိုင်တယ်လို့ လူသိများနေကြပါပြီ။ အမျိုးသမီးတွေအတွက် အရက် တစ်နေ့ တစ်ခွက်သောက်တာကိုအသင့်အတင့်သောက်တာလို့ သတ်မှတ်ပြီး တစ်ပတ်ကို ရှစ်ခွက်နဲ့အထက် ပိုမိုသောက်ရင်တော့ အရက်သောက် များတယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက သတ်မှတ်ထားပါတယ်။  အရက်သောက်များတာကြောင့် ကိုယ်အလေးအချိန် မြင့်တက်တာ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရတာ၊ လိမ့်ကျတာ၊ အသည်းကျွတ်တာ၊ မုန့်ချိုအိတ်ရောင်တာ လိုမျိုး နာတာရှည်ရောဂါတွေနဲ့ ကင်ဆာမျိုးစုံ ဖြစ်နိုင်ပါတယ်။ အရက်ကို အသင့်အတင့် သောက်တာက ကျန်းမာရေးအတွက် ကောင်းမွန်နိုင်တယ်လို့ ယုံကြည်နေတာကလည်း မှားယွင်းပါတယ်။တကယ်တော့အရက်က ကျန်းမာရေးအတွက် အထောက်အကူ သိပ်မရှိလှပါဘူး။

အစာတစ်နပ်လျှော့စားခြင်း

    ကျွန်မတို့ဟာ ကိုယ်အလေးချိန် များလာရင် အစာတစ်နပ်လျှော့စားတက်ကျပြီး ကိုယ်အလေးချိန်နည်းနည်းကျဆင်းလာတာနဲ့ ပုံမှန်အတိုင်း ပြန်လည်စားသောက် တက်ကြတဲ့အတွက် တဖြည်းဖြည်းနဲ့ ဝလာကြပါတယ်။ သင့်အနေနဲ့ စံအလေးချိန် သတ်မှတ်ချက် တစ်ခု အတွင်းမှာ ရှိနေနိုင်အောင် အစာကို ထိန်းချုပ်ပြီးစားတာက အကောင်းဆုံးပါ။ ပိန်လိုက် ဝလိုက် ဖြစ်တာ ရေရှည်မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး နာတာရှည်ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်ရာမဝင်မီ အီလက်ထရွန်နစ်ပစ္စည်းများ အသုံးပြုခြင်း

    တစ်ညကို အိပ်ချိန် ၇-၉ နာရီအတွင်းရှိရမယ်ဆိုတာကတော့ သိနေကြပါပြီ။အိပ်ရာမဝင်ခင် အီလတ်ထရွန်နစ်ပစ္စည်းတွေကို အသုံးပြုတာက အိပ်ပျော်ရ ခက်ခဲနိုင်ပါတယ်။ အဲဒါတွေကို မသုံး ဘဲနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြာရောင် အလင်းတန်းတွေနဲ့ ထိတွေ့မှုနည်း သွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး မိနစ် ၂၀ ခန့်အလိုမှာ အီလတ်ထရွန်နစ် ပစ္စည်းတွေကိုမသုံးပါနဲ့။

ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်တာကြောင့် သက်တမ်းတိုနိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်နိုင်ခြေ၊ အဆုတ်ကင်ဆာနဲ့ ခန္ဓာကိုယ်အတွင်း ကင်ဆာမျိုးစုံ ဖြစ်နိုင်ခြေများပြီး လေပြွန်ရောင်ရောဂါနဲ့ အဆုတ်ပွရောဂါလည်း ဖြစ်လာနိုင်ပါတယ်။ အချို့က ဆေးလိပ်ဖြတ်ပြီး E-cigarette ကိုသောက်ကြပေမယ့် သူမှာလည်း နီကိုတင်း နဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် မိမိကိုယ်မိမိ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

    ဖေ့စ်ဘွတ်ပေါ်မှာ တခြားသူတွေ တင်ထားတဲ့ပိုစ့်တွေကို ကြည့်ပြီး မိမိကိုယ်မိမိ အားမရဖြစ်တတ် ကြပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ဘဝတွေက အစစ်တွေ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါကြောင့် မိမိကိုယ်မိမိ စိတ်ဓာတ်မကျပါစေနဲ့။ ဖေ့စ်ဘွတ်ခ်ထဲကနေ ကိုယ့်ကိုချီးမွမ်းတဲ့ အရာတွေ၊ ဗဟုသုတတွေ၊ မှတ်ချက်ကောင်း လေးတွေကို ရွေးချယ်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ သင့်ကို မှတ်ချက်ဆိုးတွေ ပေးတဲ့သူတွေကို လှစ်လျှူရှုလိုက်ပါ။

ဖြစ်လာမှာကို ကြိုတွေး၍ စိုးရိမ်နေခြင်း

    တချို့လူတွေက ဘာမှမဖြစ်သေးပဲနဲ့ ဆိုးဆိုးရွားရွားဖြစ်လာမှာကို ကြောက်ပြီး ကြိုတင်စိုးရိမ်နေကြ တာက မကောင်းတဲ့အကျင့်ပါ။ သူ့ကြောင့် စိတ်ဖိစီးမှု များနိုင်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် နှလုံးရောဂါ လိုမျိုး နာတာရှည်ကျန်းမာရေးပြဿနာဖြစ်နိုင်တဲ့အပြင် ခုခံအားကျဆင်းတာ၊ အိပ်မပျော်တာတွေ ဖြစ်လာ နိုင်ပါတယ်။ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ပြီး သင်စိုးရိမ်နေတဲ့ အရာတွေကို ယထာဘူတကျကျ လေ့လာပြီး ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ပါ။ သင်ရဲ့ စိုးရိမ်စိတ်က မပျောက်သွားဘူးဆိုရင် စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 တစ်ချိန်လုံး မကျေမနပ်ဖြစ်နေခြင်း၊ ညည်းညူနေခြင်း

 မကျေမနပ်ဖြစ်နေတာ၊ ညည်းညူတက်တာက သင်ဟာ အဲဒီအကြောင်းအရာအတွက် အလေးထား နေရတယ်ဆိုတာကို ဦးနှောဏ်ကစဉ်းစားဖို့ လှည့်စားနေတာပါ။ သင်မကျေမနပ်ဖြစ်တဲ့ အကြောင်းအရင်း ကို အဖြေရှာပြီး ပြုပြင်နေတာမဟုတ်ပါဘူး။ ဦးနှောဏ်ကို အဆိုးမြင်ဝါဒဖြစ်ဖို့ တိုက်တွန်းနေတာပါ။ သင့်ဦးနှောဏ်ကို သင့်ပတ်ဝန်းကျင် တစ်ခုလုံးကို သိနေတာ မဟုတ်တဲ့အတွက် သင်လေ့ကျင့်ခိုင်းတာ ကိုပဲ သူကလုပ်ရတာပါ။ ဒါကြောင့် သင့်အနေနဲ့ မကျေနပ်စရာတစ်ခုခု ဖြစ်နေရင် ညည်းညူနေမယ့် အစား အဲ့ဒီအကြောင်းအရာနဲ့ ပတ်သတ်တဲ့ ကောင်းကွက်တစ်ခုကို ရှာဖွေပြီး တွေးတောလိုက်ပါ။ အဲ့ဒီကောင်းမွန်တဲ့ အကြောင်းအရာတွေကိုသာ ဦးနှောဏ်ကို အာရုံစိုက်ခိုင်းလိုက်တာပါ။

စိတ်ခံစားချက်မကောင်းတာကို အာရုံလွှဲခြင်း

    စိတ်ခံစားချက် မကောင်းတဲ့အခါမှာ လူတွေက ကြိုက်နှစ်သက်တဲ့ အစာတွေကို အများကြီး စားတာ ဒါမှမဟုတ် အရက်သောက်တာ တွေကို ပြုလုပ်ပြီး အာရုံလွှဲတက် ကြပါတယ်။ ဒီအကျင့်က သင့်ကို စိတ်အေးချမ်းမှု ပေးနိုင်မှာမဟုတ်သလို စိုးရိမ်စိတ်တွေလည်း လျှော့ချပေးမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှု လျှော့ကျစေတဲ့ စာရေးတာ၊ စာဖက်တာ၊ ပန်းချီဆွဲတာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ လိုမျိုး မိမိဝါသနာပါရာ တစ်ခုခုကို ပြုလုပ်လိုက်ပါ။

ခက်ခဲသော ပန်းတိုင်ကို အချိန်တိုတိုနှင့် အမြန်ရောက်ရှိရန် မျှော်မှန်းနေခြင်း

ပန်းတိုင်းတစ်ခုကို စိတ်စွမ်းအင်နဲ့ အမြန်ရောက်အောင် သွားနိုင်တယ်လို့ စိတ်ကူးယဉ်နေ တာကလည်း မှားယွင်းပါတယ်။ လူတွေက ဖြည်းဖြည်းချင်းသာပြောင်းလဲမှုပြုလုပ်နိုင်ကြပြီး အချိန်တိုတိုနဲ့ အမြင့်တစ်နေရာကို ရောက်ရှိဖို့ အလွန်စိတ် ထက်သန်နေတယ်ဆိုရင်တော့ တစ်ထစ်ချင်းသာ တက်လှမ်းပြီး အောင်မြင်နိုင်တဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေသွားပါ။ တစ်ဆင့် ပြီးတစ်ဆင့် အောင်မြင်လာမှသာ သင်လိုချင်တဲ့ပန်းတိုင်ကြီးကို ရောက်ရှိနိုင်မှာပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက်ရှောင်ရန်အမူအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားသည်။