သမိုင်း

ကိုလိုနီခေတ် ဂျူဗလီဟောမှ ကိုးဒါနအလှူပွဲ

By Hnin Oo Wai

August 14, 2020

မကြာမီက ကဗျာဆရာတစ်ရာ၏ ကဗျာများကို စုပေါင်းကာ စာအုပ်အဖြစ်ထုတ်ဝေပြီး ကဗျာစာအုပ်များ ရောင်းချရရှိငွေအားလုံးကို ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြရသူ တိုင်းရင်းသားများအတွက် အလှူငွေအဖြစ် ပေးအပ်သည့် အခမ်းအနားတစ်ခုကိုတက်ဖြစ်ခဲ့သည်။ ကဗျာဆရာ ကိုရွေး၊ မိုးဝေးနှင့် အံ့ဖွယ်ဇင်တို့ သုံးဦးက ဦးစီးကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာနှင့်အတူ ကဗျာစာအုပ်ကို ထုတ်ဝေရောင်းချခဲ့ခြင်းဖြစ်သည်။ မြင့်မြတ်လှသည့် အလှူတော်အတွက်သာဓုခေါ်ခဲ့မိပါသည်။ အလားတူပင် ကိုလိုနီခေတ်က ရန်ကုန်မြို့၊ ဂျူဗလီဟောတွင် ရန်ပုံငွေအတွက် ကိုးဒါနအလှူပွဲ ကျင်းပခဲ့ပုံကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။

ဂျူဗလီဟော

ဂျူဗလီဟော(Jubilee Hall) ဟူသောအမည်ကို ယနေ့လူငယ်များ ကြားဖူးကြတော့မည် မထင်ပါ။ ဂျူဗလီဟောသည် တစ်ချိန်က ရန်ကုန်မြို့တော်မှ အထင်ကရ အဆောက်အအုံကြီး ဖြစ်ခဲ့သည်။ ဝိတိုရိယဘုရင်မကြီး၏ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မျှော်မှန်းကာ နန်းသက် ၅၈ နှစ်အရ ၃၁ ဇန်နဝါရီ၊ ၁၈၉၅ တွင် မဟာဝန်ရှင်တော်မင်းကြီး အလက်ဇန္ဒား မက်ကင်ဇီက အုတ်မြစ်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၈၉၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ယင်း ဂျူဗလီဟောအတွင်း ကပွဲသဘင်များ၊ အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ (ဂျူဗလီဟောမှာ ယခု စစ်သမိုင်းပြတိုက်နေရာ ဖြစ်ပါသည်။

၉ ဒါနအလှူ

၁၉၃၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဂျူဗလီဟောတွင် ၉ ဒါနအလှူပြွခေါ် ပွဲလမ်းသဘင်ကို ကျင်းပခဲ့သည်။ တစ်ရက်တည်းမဟုတ်ဘဲ အကြိမ်ကြိမ် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ ၉ ဒါနအလှူဟု ခေါ်ဆိုခြင်းမှာ ပြွလမ်းသဘင် ကျင်းပ၍ ရရှိသည့်ငွေများကို နေရာ ၉ နေရာအတွက် လှူဒါန်းပေးအပ်သော ရန်ပုံငွေအဖြစ် ရည်ရွယ်ထားခြင်းကြောင့်ဖြစ်ပါသည်။ ယင်းနေရာ ၉ နေရာကို တိကျသေချာစွာ မသိရသော်လည်း မြန်မာနိုင်ငံမှ ငတ်မွတ်နေသူများအား လှူဒါန်းရန်၊ မြို့မတိုင်းရင်းသူကျောင်းကိုထောက်ပံ့ရန်၊ တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ရန်စသည့်လုပ်ငန်းများအတံက် ပါဝင်ကြောင်း သိရှိရပါသည်။ ကိုလိုနီခေတ်တွင် ဤကဲ့သို့သော လုပ်ငန်းများအတွက် ရန်ပုံငွေ ရှာဖွေရန် ပွဲလမ်းသဘင်များ ကျင်းပခဲ့ကြခြင်းမှာ ထူးခြားလှပေသည်။

အလှူပွဲကျင်းပရေးကော်မတီ

၉ ဒါန အလှူပွဲကျင်းပရေးကော်မတီတွင် ဥက္ကဌအဖြစ် ရန်ကုန်မြို့တော် မြူနီစီပယ်ကော်မတီဥက္ကဌ ကပ္ပတိန်ရပ်ရှော (Capain R.B Rushall) ဖြစ်ပြီး အမှုဆောင်များအဖြစ် ဥပဒေပြုကောင်စီ အတွင်းဝန် ဝတ်လုံဦးဘထွန်း၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန် စသူတို့ ပါဝင်ကြောင်း သိရှိရပါသည်။ အလှူပွဲကျင်းပရေးကော်မတီက ဂျူဗလီဟောတွင် ရန်ပုံငွေအတွက် ပွဲလမ်းသဘင်များ စနစ်တကျ ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ဇာတ်ပွဲသဘင်များ

၉ဒါန အလှူပွဲအတွက် ဇာတ်ပွဲသဘင်များကို ၂၉ အောက်တိုဘာ၊ ၁၉၃၁တွင် စတင်ကပြခဲ့ကြောင်း သိရှိရပါသည်။ ပထမအကြိမ်အဖြစ် အောက်တိုဘာ ၃၁ရက်နေ့အထိ ၃ရက် ဆက်တိုက်ကပြခဲ့ကြသည်။ ဥက္ကလာပ ရန်ကုန် ရာဇဝင်ကဲ့သို့သော ဇာတ်လမ်းများကို ဇာတ်မင်းသားကြီး ဦးဘိုးစိန် အကူအညီဖြင့် ကပြခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင်လည်း ဆက်တိုက်ဆိုသကဲ့သို့ ကပြဖျော်ဖြေခဲ့ကြသည်။ အချို့လုပ်ငန်းများအတွက် ရန်ပုံငွေ မပြည့်မချင်း အကြိမ်ကြိမ် ကပြခဲ့ခြင်းမျိုးလညိး ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကိစ္စ

ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စကပင် လက်အောက်ခံ ဂျပ်ဆင်ကောလိပ်၌ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များအတွက် သီးသန့် ဘုရားရှိခိုးကျောင်းဆောင်ရှိခဲ့သည်။ ထိုအခါ ဗုဒ္ဓဘာသာဝင် ကျောင်းသူ ကျောင်းသားများကလည်း ဝတ်ပြုအလှူဒါန ပြုလုပ်ရန် ဓမ္မာရုံ သီးသန့် တည်ဆောက်လိုခဲ့ကြသည်။ သို့ဖြင့် ရံပုံငွေ ရှာဖွေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲကြသည်။ ယင်းနှစ် ဒီဇင်ဘာလ ၁၉ရက်နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ တည်ဆောက်ရေး ရန်ပုံငွေပွဲကို ဂျူဗလီဟော၌ ကပြကြသည်။

ပါဝင်သော ကျောင်းများ

ဓမ္မာရုံ တည်ဆောက်ရေး ရန်ပုံငွေအတွက် ဂျပ်ဆင်ကောလိပ်၊ ဆရာဖြစ်သင် ကောလိပ်၊ ယူနီဗာစတီကောလိပ်(တက္ကသိုလ်ကျောင်းတိုက်) တို့မှ ကျောင်းသူ ၊ ကျောင်းသားများက ပါဝင်ကပြခဲ့ကြခြင်း ဖြစ်သည်။ ပါဝင်သော အစီအစဉ်များမှာ မင်္ဂလာစည်တော်ယိမ်း၊ ပုဏ္ဏာယိမ်း၊ သုဝဏ္ဏသာမဇာတ်၊ တစ်ပါးသွား အကနှင့် တူရိယာအဖွဲ့၊ ကုသဇာတ်၊ ဒေါင်းယိမ်း၊ စန္ဒရား တယောနှင့် အဆို၊ မနောဟရီ နန်းကိန္နီရီဇာတ်၊ ရှမ်းဓားသိုင်းယိမ်း၊ ရယ်ရွှင်ဖွယ် ဦးဒေဝါလီ အလှူပွဲ၊ ဦးပုည၏ ဂင်္ဂါမာလ ခေါ် ရေသည်ပြဇာတ်တို့ ဖြစ်ကြသည်။ ကုသဇာတ်တွင် ပွဲတော်ချက် အခန်းမှ စ၍ ပါဝင်ကပြခဲ့ရသည့် ကျောင်းသား မောင်တိုးအောင်မှာ နောင် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဝတ္တု၊ ကဗျာများ ရေးဖွဲ့ရာ၌ ကုသဟူသော အမည်ကိုပင် ကလောင်အမည် အဖြစ် အသုံးပြုခဲ့ရာ ထင်ရှားသော စာရေးဆရာကြီး ဖြစ်လာခဲ့သည်။

မြို့မ ယောကျ်ားကလေးကျောင်းကပွဲ

မြို့မ ယောကျ်ားလေးကျောင်း တည်ဆောက်ရန်အတွက် ရန်ပုံငွေကိုလည်း ယင်းသို့ ကျောင်းသားကပွဲများ အကြိမ်ကြိမ် ကျင်းပကာ တစ်ဖက်တစ်လမ်းမှ ရှာဖွေခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် ပြာဿာဒ်ဘုံနှင့်တကွ သုံးထပ်အဆောက်အအုံကြီး ပြီးစီးသွားခဲ့သည်။ သို့သော် ကျောင်းသားများအတွက် သောက်ရေစင်၊ အိမ်သာများ စသည်ဖြင့် တည်ဆောက်ရန် ကျန်ရှိနေသေးသဖြင့် ကပွဲသဘင်ကို ဂျူဗလီဟောတွင် ကျင်းပခဲ့ရပြန်သည်။

အဆိုအတီးပညာရှင်များ

မြို့မကျောင်းကပွဲကား ၉ ဒါန အလှူရန်ပုံငွေပွဲများအနက် ထင်ရှားလှ၏။ အဘယ့်ကြောင့်ဆိုသော် အဆို၊ အကများကို နာမည်ကြီးပုဂ္ဂိုလ်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။ အဆိုပညာရှင်များအဖြစ် အရှေ့တိုင်းစာပေ ပါမောက္ခ ဦးဖေမောင်တင် ကိုယ်တိုင်တယောကို ကျွမ်းကျင်စွာဝင်ထိုးသည်။ ဒီးဒုတ်ဦးဘချိုနှင့် သင်္ချာပါမောက္ခ ဦးအောင်လှတို့က စောင်းကိုယ်စီ တီးခတ်ပေးပြီး ရန်ကုန်ပညာရေးအဖွဲ့ဝင် ဦးဘရင်၏ဇနီး ဒေါ်ခင်ညွှန့်က ပန်းမြိုင်လယ် ယိုးဒယားသီချင်းကို ပိုင်နိုင်စွာ သီဆိုသွားခဲ့သည်။ မင်းတိုင်ပင်အမတ် ဦးစိန်ဘနှင့် မြို့မကျောင်းဆရာ ဦးတင့်ဆွေတို့က အဲ နှင့် ရကန်ကို သီဆိုခဲ့ကြသည်။ အမျိုးသားပညာဝန် ဦးဖိုးကျားကလည်း ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ်ဟောပြောခဲ့သည်။

အကပညာရှင်များ

အကဘက်တွင် မြို့မကျောင်းသားဟောင်း ဦးဘညွှန့် (နောင် သမိုင်းပါမောက္ခ ချစ်ဒုက္ခ ဦးဘညွန့်)နှင့် ဆရာဝန်ကြီး ကာနယ်ဘခက် သမီး မီနီဘခက်တို့က တူရိယာအဖွဲ့နှင့် ကူညီခဲ့ကြသည်။ ဦးဘတင်(ဒဂုန်ပ) နှင့် ဇာတ်မင်းသားဦးဖိုးစိန်တို့က မင်းသမီး မမြညွန့်နှင့် တွဲဖက်ကာ နှစ်ပါးသွားအကဖြင့် ဖျော်ဖြေခဲ့သည်။ ၉ ဒါနအလှူတော် ကော်မတီဝင် ဇာတ်မင်းသားဦးဖိုးစိန်ကိုယ်တိုင် ကပြ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ဝတ်လုံဦးဘဒွန်း၊ ကျောင်းဆရာကြီး ဦးဘလွင် (မြို့မကျောင်းအုပ်ကြီး)၊ မြူနီစီပယ်ပညာရေးအရာရှိ ဦးထွန်းညို စသူတို့က ရယ်ရွှင်ဖွယ်ရာ ဇော်ဂျီယိမ်းအကဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။ ကျန်စစ်သားနိပါတ် ဇာတ်ကွက်မှာလည်း ပရိသတ် အကြိုက်တွေ့ခဲ့သော ဇာတ်ကွက်ဖြစ်ခဲ့သည်။ ယင်းဇာတ်ကွက်တွင် မီနီဘခက် ‌ခေါ် မနှင်းရီက ကျန်စစ်သား၊ မတင်မေက မဏိစန္နာ၊ မမခင်က အနော်ရထာအဖြစ် ပါဝင်ကပြခဲ့သည်။

ဦးဘကလေး၏ ကာတွန်း

၉ ဒါန အလှူပွဲတွင် ကာတွန်း‌ရွှေတလေးကို ဦးဘကလေး၏ ကာတွန်းဆွဲပွဲကိုလည်း ပရိတ်သတ်အများ စိတ်ဝင်စားခဲ့ကြသည်။ ကာတွန်းဆွဲပွဲတွင် ဦးဘကလေးက ဦးရွှေရိုးပုံစံ ဝတ်ဆင်လျက် ပထမဦးစွာ MYOMA ဟူသော အင်္ဂလိပ်စာလုံးမှ ဆရာကြီး ဦးဘလွင်ပုံ ကာတွန်းပုံစံဖြစ်အောင် ဖန်တီးရေးဆွဲ ပြလိုက်၏။ ထို့နောက် ချာလီချက်ပလင် စီးသည့် အရုပ်ဘိုင်စကယ်ပုံမှ ထိုခေတ်ကာလ ထင်ရှားသော နိုင်ငံရေးသမား သာယာဝတီ ဦးပုပုံ ဖြစ်အောင် ဆွဲပြလိုက်သည်။ ထို့နောက်တစ်ဖန် ၅၀၀၀ ဟူသော ကိန်းဂဏန်းမှ ဦးဘဘေပုံ ဖြစ်အောင် ဆွဲပြပြန်သည်။ ပြီးသောအခါ ရေပန်းပုံမှ ကောလိပ်ကျောင်းသူချောလေးပုံ ဖန်တီးပြပြန်သည်။ ကာတွန်းဘကလေး၏ ကျောက်သင်ပုန်းကြီးပေါ်မှ ကာတွန်းရုပ်ပြောင်ပုံများမှာ ပီပြင်လွန်းလှသဖြင့် ပရိတ်သတ်အများက တစ်ခဲနက် အားပေးခဲ့ကြသည်။ မြို့မကပွဲမှာ လူကြိုက်များလွန်းလှသဖြင့် မူလက ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၁၂၊ ၁၃ ရက်များသာ ကပြရန် ရှိသော်လည်း နောက်တစ်ရက် ထက်တိုးပေးခဲ့ရသည်။ ကိုလိုနီခေတ်ကာလ မြန်မာ ပြည်သူပြည်သားများ၏ သဒ္ဓါကြည်ညိုစိတ်ကြောင့်ပင် ၉ဒါန အလှူပွဲ အောင်မြင်ကာ တစ်စိတ်တစ်ဒေသ ထောက်ပံ့မှုပြုနိုင်ခဲ့ရာ ယနေ့တိုင် တက္ကသိုလ် ဓမ္မာရုံ၊ မြို့မကျောင်း စသည့်အဆောက်အအုံများကို တွေ့မြင်နေကြရဆဲ ဖြစ်ပါသည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်မှ ထုတ်နှုတ်ထားပါသည်။