ဘဝနေနည်း

ကိုယ့်ကိုယ်ကိုယ် တကယ်စချစ်မိတဲ့အခါ

By Htet Nandi

May 23, 2023

ချာလီချက်ပလင် အသက် ၇၀ မှာ As I began to love myself ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ အဲဒီကဗျာထဲမှာ ကိုယ့်ကိုသက်ဝင်စေမိတဲ့ စာတစ်ပိုဒ်က “ကိုယ့်ကိုယ်ကိုယ် တကယ်စချစ်မိတဲ့အခါ ငါဟာ ကိုယ့်လွတ်လပ်ချိန်ကိုစတေးခံပြီး မနက်ဖြန်ကို ခမ်းနားကြီးကျယ်ဖို့ ရေးဆွဲမနေတော့ဘူး။ စိတ်ဝင်စားစရာ၊ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ကိုပဲ ကိုယ့်နည်းကိုယ်ဟန်၊ စည်းဝါးကျကျနဲ့ ဒီကနေ့မှာပဲ ငါလုပ်လိုက်မယ်” တဲ့။

လူတော်တော်များများက ပြောကြတယ်…။

“လူတစ်ယောက်ကိုချစ်တတ်ဖို့ သင်ယူရတာ မခက်ခဲဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ သင်ယူရတာက တော်တော်ခက်တယ်” တဲ့။

တချို့က သံယောဇဉ်အနာလေးတစ်ခု ပျောက်ကင်းအောင် နှစ်တော်တော်ကြာ အသုံးပြုတယ်။ တချို့က ကြုံခဲ့တဲ့အခက်အခဲတစ်ခုနဲ့ တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့ဘဝမှာ မြှုပ်နှံလိုက်တယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့၊ အသည်းကွဲသွားတဲ့ လူတချို့ကို တွေ့ဖူးပါရဲ့။ သူတို့ဟာ မူးရူးနေအောင် သောက်တယ်။ ဒါမှမဟုတ် ထောင့်တစ်ထောင့်မှာ ထိုင်ပြီး ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် သောက်တယ်။ အဲဒီနောက်ကိုယ့်ကိုယ်ကိုယ် ခံစားချက်အပျက်ထဲ နှစ်တော်တော်ကြာပိတ်ပြီး ငါ အသုံးမကျပါလား၊ ငါ တန်ဖိုးမဲ့လှပါလားလို့ ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ သံသယဝင်တယ်။

အလုပ်လက်မဲ့ဖြစ်သွားရင် အလုပ်သစ်တစ်ခု ထပ်ရှာလို့ရပါတယ်။ ချစ်သူမရှိတော့ရင်လည်း ကိုယ့်ကိုချစ်မယ့် သူတစ်ယောက်ကတော့ ပေါ်လာမှာပါပဲ။

စကားတစ်ခွန်းက…

“ဒီလောကကြီး သာယာလှပတယ်လို့ သင်ထင်ရင် လှပမှုတွေက သင့်ဆီကိုရောက်လာမယ်။ ငါဟာ အချစ်ခံထိုက်တယ်လို့ သင်ထင်ရင် သင့်ကို တကယ်ချစ်မယ့်သူပေါ်လာမယ်” တဲ့။

ကိုယ့်ချို့ယွင်းချက်ကို ကိုယ်လက်ခံလိုက်တဲ့အခါ တခြားသူကပေးတဲ့ ပျော်ရွှင်ခြင်းကို ကိုယ်မှီခိုစရာမလိုတော့ဘူး။ အရောင်စုံတဲ့ ဒီလောကကြီးမှာ ကိုယ်ဟာ ကိုယ်ကိုယ်တိုင်အဖြစ် ရဲရဲကြီးလုပ်လို့ရတယ်။

စာဖတ်မယ်။ သီချင်း နားထောင်မယ်။ ခရီးထွက်မယ်။ ရုပ်ရှင်ကြည့်မယ်။ အထီးကျန်မှာကို အလေးမထားဘူး။ ကြည်ကြည်လင်လင်ချစ်ပြီး တောက်တောက်ပပပြုံးမယ်။ စိတ်ညစ်စိတ်ဓာတ်ကျတဲ့အခါလည်း ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့ ဒါဟာ အလွမ်းဇာတ်ဝင်တေးလေးတစ်ပုဒ်မျှပါ။ ကိုယ်ထူးချွန်ထက်မြတ်ဖို့ကို မဟန့်တားနိုင်ပါဘူး။

ကိုယ့်ကိုယ်ကို တကယ်စချစ်တဲ့အခါ လှပကောင်းမွန်တဲ့ဘဝတစ်ခုက စတင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းက မိမိကိုယ်ကို ယုံကြည်မှုရှိစေပြီး ပျော်ရွှင်စေမှာဖြစ်ပါတယ်။

ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်း